သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လာမယ့်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ စစ်ကောင်စီ ပြင်ဆင်


၂၀၂၀ ရွေးကောက်ပွဲနေ့နေပြည်တော်မြို့နယ်အတွင်း တွေ့ရတဲ့ မဲရုံတရုံ (နိုဝင်ဘာ ၈၊ ၂၀၂၀)
၂၀၂၀ ရွေးကောက်ပွဲနေ့နေပြည်တော်မြို့နယ်အတွင်း တွေ့ရတဲ့ မဲရုံတရုံ (နိုဝင်ဘာ ၈၊ ၂၀၂၀)

၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တဲ့စစ်ကောင်စီက ရှေ့လာမယ့် ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ မှတ်ပုံတင်ခွင့်ရထားတဲ့ နိုင်ငံရေးပါတီတွေနဲ့လည်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာပဲ တွေ့ဆုံခဲ့တာပါ။ စစ်ကောင်စီ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံရေးအသိုင်းအဝိုင်းရဲ့ သဘောထားတွေကို စုစည်းပြီး ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

စစ်ကောင်စီလက်ထက် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေက မှတ်ပုံတင်ခွင့်ရထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က တွေ့ဆုံရာမှာ ရှေ့လာမယ့်နှစ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲ အစီအစဉ်တွေကို ရှင်းပြခဲ့တယ်လို့ တက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီတချို့က ပြောပြပါတယ်။

၂၀၂၅မှာ ကျင်းပမယ့် ရွေးကောက်ပွဲ မှာ အမျိုးသားလွှတ်တော်နဲ့တိုင်းဒေသကြီး လွှတ်တော်တို့ကိုရွေးချယ်တာမှာ အရင်စနစ်တွေတုန်းကလို မဲအများဆုံးရတဲ့ပါတီကို အနိုင်ပေးတဲ့စနစ်နဲ့မဟုတ်ဘဲ အချိုးကျ ကိုယ်စားပြုစနစ် (PR)စနစ် ကိုကျင့်သုံးရွေးချယ်ဖို့ စစ်ကောင်စီဘက်က စဉ်းစားနေတဲ့အကြောင်း ပါတီတွေကို ကော်မရှင်က ပြောဆိုလိုက်တယ်လို့ ရခိုင့်ဦးဆောင်ပါတီ (AFP)က ဒေါက်တာအေးမောင်က ပြောပြပါတယ်။

"အဲဒါကတော့ အမျိုးသားနဲ့တိုင်းဒေသကြီးပြည်နယ်လွှတ်တော်အမတ်တွေကို PR နဲ့သွားမယ် အဲ့သလိုသွားနိုင်အောင်လည်း ရွေးကောက်ပွဲ ဥပဒေတွေပြင်ဆင်ဖို့ကို တင်ပြထားပြီးဖြစ်တယ်။ သူသတ်မှတ်တဲ့အချိန် ထုတ်ပြန်ပေးရင် ရပြီပေါ့ဗျာ။ ပြည်သူ့လွှတ်တော်ကိုလည်း ဘယ်လို စနစ်နဲ့သွားမလဲဆိုတာလည်း အဆင်သင့်လုပ်ထားသလိုဘဲ။ ပြည်သူ့လွှတ်တော်ကိုလည်း PR နဲ့သွားမလား အရင်စနစ်နဲ့ဘဲသွားမလားမသိ ဒါကတော့ သူတို့ပြင်ဆင်ထားတာကိုပြောတာပါ။"

လာမယ့် ၂၀၂၅ နှစ်ဦးပိုင်းလောက်မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကော်မရှင်ဘက်က လျာထားပေမယ့် အချိန်အတိအကျကိုတော့ မပြောခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ရှိတဲ့အထဲ တိုက်ပွဲဖြစ်ပွားနေတာနဲ့ နယ်မြေမငြိမ်မသက်ဖြစ်နေတဲ့ နေရာတွေ ဖယ်ပြီး မြို့နယ်ပေါင်း ၁၆၁ခုမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့စစ်ကောင်စီဘက်က လျာထားတယ်လို့ ပါတီတွေကပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ လုံခြုံရေးအရစိတ်ချရတဲ့နယ်မြေတွေ အနည်းဆုံး ၇၀ ရာခိုင်နှုန်းကျော်လောက်ကို ကျင်းပနိုင်ဖို့ စဉ်းစားထားတာရှိနေတယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမျိုးဆက်သွေးက ဗွီအိုအေကို ပြောပြပါတယ်။

"လုံခြုံရေးအရ လုံးဝစိတ်ချရတဲ့မြို့နယ်တွေမှာ အရင်လုပ်မယ်။ ပြီးရင် လုံခြုံရေးအရ တာဝန်ယူရမယ့်မြို့နယ်တွေကို နောက်တဆင့် လုပ်မယ်ဆိုတော့ သူတို့မှန်းတာတော့ အနည်းဆုံး ၅၀ ရာခိုင်နှုန်းပေါ့ ၅၀ကနေ ၇၀ရာခိုင်နှုန်းအထိ လုပ်ဖို့ရည်ရွယ်ထားတယ်လို့ အကြမ်းဖျင်းသိရတယ်။ လုံခြုံရေးအရ လုပ်ရတာတွေအရင်လုပ်မယ် ပြီးရင်ကြားထဲကနယ်မြေတွေပေါ့ လုံခြုံရေးအရစိတ်ချရတဲ့နယ်မြေတွေလုပ်ပြီးမှ အဲနယ်မြေတွေကိုလုံခြုံရေးယူပြီးရသလောက်လုပ်မယ့်သဘော ရှိတယ်။"

နောက်ပြီး လာမယ့်ရွေးကောက်ပွဲမှာ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေအနေနဲ့ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒ အမိန့်ညွှန်ကြားချက်တွေကို စောင့်ကြည့်တာ၊ မဲလက်မှတ်တွေ ရိုက်နှိပ်တာကို လေ့လာစောင့်ကြည့်တာ၊ ရွေးကောက်ပွဲ ကန့်ကွက်လွှာ၊ အမှုတွေကို စစ်ဆေးတာ၊ ဆုံးဖြတ်တာ စတဲ့ အချက်တွေကို စောင့်ကြည့်လေ့လာခွင့် စံနှုန်းနဲ့အညီ ခွင့်ပြုသွားဖို့ကိုလည်း ကော်မရှင်ဘက်ကစဉ်းစားနေတယ်လို့ ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမှာ ကိုဗစ်ကြောင့် စောင့်ကြည့်ခွင့်မပြုဘဲ လေ့လာခွင့်သာ ခွင့်ပြုခဲ့တာပါ။

ဒါ့အပြင် မဲပေးတာမှာလည်း မဲပေးစက်နဲ့မဲပေးတဲ့စနစ် (Electronic Voting) ကျင့်သုံးနိုင်ဖို့အတွက်လည်း ပြင်ဆင်နေပြီး အဲဒီအတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ ကော်မရှင်က ပြောထားပါတယ်။ မကြာခင်ရက်ပိုင်းမှာ ကော်မရှင်ဘက်ကနေ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေကို ပြင်ဆင် ပြဌာန်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ လက်ရှိအချိန်ထိတော့ ပါတီတွေ စည်းရုံးရေးဆင်းနိုင်ဖို့နဲ့ ပါတီတွေရဲ့နိုင်ငံရေးလှုပ်ရှားခွင့်တွေနဲ့ ပတ်သတ်လို့တော့ ကော်မရှင်ဘက်က ခွင့်ပြုပေးထားတာ မရှိသေးဘူးလို့ ပါတီတွေကပြောပါတယ်။

စစ်ကောင်စီခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ စစ်ကောင်စီပုံဖော်နေတဲ့ ရွေးကောက်ပွဲအပေါ် အမြင်သဘောထား ပြည်သူ့ရှေ့ဆောင်ပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမျိုးဆက်သွေးက အခုလို သုံးသပ်ပါတယ်။

"လူတယောက်ဘဲဖြစ်ဖြစ် အဖွဲ့အစည်းတခုဘဲဖြစ်ဖြစ် ၁၀၀ရာခိုင်နှုန်း ကောင်းတာတော့ မရှိဘူး။ ခု UEC လည်း ၁၀၀ရာခိုင်နှုန်း စိတ်တိုင်းကျလားဆိုတော့ ၁၀၀ရာခိုင်နှုန်းတော့စိတ်တိုင်းမကျပါဘူး။ သို့သော်လည်းဘဲ ပြီးခဲ့တဲ့ UEC ဥက္ကဋ္ဌထပ်စာရင်တော့ ခု UEC ဥက္ကဋ္ဌက ပိုမို ပျော့ပြောင်းပြီး ကျနော်တို့နဲ့ဆက်ဆံရတာ ပိုအဆင်ပြေတယ်လို့ပြောလို့ရတယ်။ ပြီးခဲ့တဲ့ဥက္ကဋ္ဌထက်စာရင်တော့ ဒီခုချိန်မှာဆွေးနွေးရ တာ ပိုအဆင်ပြေပါတယ် သို့သော် UEC မှာလည်း အကန့်အသတ်တွေရှိနေပုံရပါတယ်။ ဆိုလိုချင်တာက UEC ဟာ လွတ်လပ်စွာလှုပ်ရှားခွင့် ၁၀၀ရာခိုင်နှုန်းရချင်မှ ရလိမ့်မယ်။ ဒီအပေါ်မှာစိတ်တိုင်း ၁၀၀ရာခိုင်နှုန်း မကျပေမယ့် လတ်တလောအခြေအနေအရကတော့ အရင်ဥက္ကဋ္ဌ ထက်စာရင် ပိုသဘောကျပါတယ် အဲလိုဘဲဖြေရမှာပေါ့နော်။"

နေပြည်တော်ကောင်စီနယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူနေစဉ် (အောက်တိုဘာ ၁၊ ၂၀၂၄)
နေပြည်တော်ကောင်စီနယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူနေစဉ် (အောက်တိုဘာ ၁၊ ၂၀၂၄)

စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ လူ့ဘောင်သစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ကတော့ စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲဟာ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်သလို စစ်အာဏာရှင်သက်ဆိုးရှည်ဖို့ လုပ်တဲ့ ရွေးကောက်ပွဲသာဖြစ်တယ်လို့ ခုလိုဝေဖန်လိုက်ပါတယ်။

"ခုအခြေအနေထိရွေးကောက်ပွဲလုပ်လိမ့်မယ်လို့ကျနော်တော့မယူဆဘူး။ အမှန်တကယ်ဘဲဖြစ်လာမလားမဖြစ်လာဘူးလားဆိုတာကျနော် တို့စောင့်ကြည့်ရမယ်။ သူတို့ရွေးကောက်ပွဲက ကျနော်တို့နဲ့ဘာမှမသက်ဆိုင်ဘူး ပြည်သူအတွက်မသက်ဆိုင်ဘူး တိုင်းပြည်အတွက်လည်း မသက်ဆိုင်ဘူး။ဘာကြောင့်လဲဆို သူတို့ရွေးကောက်ပွဲလုပ်နိုင်တဲ့ တရားဝင်မှုမရှိပါဘူး။ ဒီတော့ဒီရွေးကောက်ပွဲကိုလုပ်လို့မရဘူးလို့ ကျနော် ပြောချင်ပါတယ်။ လုပ်ခွင့်မရှိဘူးလို့လည်းယူဆပါတယ်။ ပြည်သူအနေနဲ့ရွေးကောက်ပွဲလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ သူတို့လုပ်တာ ကိုလုံးဝစိတ်ဝင်စားမှာမဟုတ်ဘူးလို့ ကျနော်ပြောချင်ပါတယ်။"

နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ့ဆုံပွဲကို ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီတို့အပါအဝင် မှတ်ပုံတင်ခွင့်ရထားတဲ့ ပါတီ ၅၃ ပါတီက တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၅၃ ပါတီ ရှိပါတယ်။ စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်ဟာ မကြာသေးခင်က နိုင်ငံရေးပါတီဥပဒေပြဌာန်းကာ ပါတီတွေကို ပြန်လည်မှတ်ပုံတင်ခိုင်းခဲ့တာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) စတဲ့ ပါတီကြီးတွေအပါအဝင် ပါတီပေါင်း ၈၀နီးပါး ကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကနေ နိုင်ငံရေးပါတီတွေအဖြစ်ကနေ ပယ်ဖျက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG