သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် တပ်ဖွဲ့တချို့ အာဖဂန်က တိတ်တဆိတ် ရုပ်သိမ်း


အမေရိကန်က Afghanistan ရောက် သူတို့ရဲ့တပ်ဖွဲ့တွေကို တိတ်တဆိတ် ပြန်လည် ရုပ်သိမ်းနေပါတယ်။ အရင်က အာဖဂန် မှာ အမေရိကန် တပ်ဖွဲ့ဝင်ပေါင်း ၁၄၀၀၀ လောက် ခဲ့တဲ့အနက် အခုလောလောဆယ် အာဖဂန်မှာ လက်ရှိ အမေရိကန် တပ်ဖွဲ့အင်အား ၁၂၀၀၀ လောက် ကျန်ရှိနေပါတယ်။

တာလီဘန်တို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရပ်တန့်နေရာက ပြန်လည် စတင်နိုင်မယ့် အလားအလာရှိနေစဉ်မှာပဲ အခုလို အမေရိကန်တပ်တွေလျှော့ချဖို့ စီစဉ် လာတာဖြစ်ပါတယ်။ VOA သတင်းထောက် Ayaz Gul, Islamabad ကပေးပို့တဲ့ သတင်းလွှာကို ကိုရဲမင်းထွန်း ပြောပြလိုပါတယ်။

အာဖဂန်နစ္စတန်မှာ ရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ အင်အား ၂၀၀၀ ကျော်ကို လွန်ခဲ့တဲ့ တစ်နှစ်အတွင်း ရုပ်သိမ်း လျှော့ချခဲ့တယ်လို့ အာဖဂန်မှာ ရှိတဲ့ အမေရိကန် ထိပ်တန်း တပ်မှူးကြီး တစ်ဦးက တနင်္လာနေ့မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီလို ရုပ်သိမ်းခဲ့ပေမဲ့လည်း ကျန်ရှိဆဲ အမေရိကန် တပ်တွေဟာ သူတို့ရဲ့ ရည်ရွယ်မှန်းချက်တွေကို ဖြည့်ဆည်းနေနိုင်ဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဗိုလ်ချုပ်ကြီး Austin Scott Miller ရဲ့ အခုလို ထုတ်ဖော်ပြောကြားချက်အရ အာဖဂန်မှာ လက်ရှိ အမေရိကန် တပ်ဖွဲ့အင်အား ၁၂၀၀၀ ကျော် ရှိနေပါတယ်။ အဲဒီ တပ်ဖွဲ့တွေဟာ အယ်လ်ခိုင်းဒါးနဲ့ အိုင်အက်စ်အဖွဲ့တွေလို အကြမ်းဖက်အဖွဲ့တွေကို တိုက်ခိုက်နေတဲ့နည်းတူ တာလီဘန် တွေကို တိုက်နေတဲ့ အာဖဂန်တပ်ဖွဲ့တွေကိုလည်း လေ့ကျင့် အကြံဉာဏ်ပေးပြီး အကူအညီတွေ ဆက်လက်ပေးနေဆဲဖြစ်ပါတယ်။

ဒီ အကြောင်း သတင်းစာ ရှင်လင်းပွဲမှာ ဗိုလ်ချုပ်ကြီး Austin Miller က ပြောပါတယ်။

“တပ်ဖွဲ့ဝင်တွေကို အထိရောက်ဆုံး အသုံးချနိုင်ဖို့အရေး လူအများမသိစေဘဲ ပြီးခဲ့တဲ့ နှစ်အတွင်း တပ်ဖွဲ့ဝင် ၂၀၀၀ ကျော်ကို ကျွန်တော်တို့ ပြန် ရုပ်သိမ်းခဲ့ပါတယ်။ တပ်ဖွဲ့တွေ အထိရောက်ဆုံး စွမ်းဆောင်နိုင်ရည်ရှိဖို့ တပ်မှူးတစ်ယောက်အနေနဲ့ မျက်ခြေပျက်လို့ မရပါဘူး။ တပ်ဖွဲ့ဝင်တွေအတွက် အန္တရာယ်ရှိနိုင်မှုနဲ့ မစ်ရှင်အပေါ် အန္တရာယ်ကျရောက်နိုင်မှုတွေကို သိမြင် နားလည်ဖို့ လိုပါတယ်။”

တနင်္ဂနွေနေ့မှာ ကြိုတင် မကြေညာဘဲ ကဘူးလ်းကို ရောက်ရှိလာတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper ကလည်း အာဖဂန်က အမေရိကန်တပ်တွေကိုလည်း ဆီရီးယား မြောက်ပိုင်းက အမေရိကန်တပ်ဖွဲ့တွေကို ရုပ်သိမ်းသလို ရုတ်တရက် ရုပ်သိမ်းမလားဆိုတဲ့ လူတွေ ရဲ့ စိုးရမ်ပူပန်မှုတွေကို ချေဖျက်ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ဝန်ကြီး Esper က အာဖဂန်မိတ်ဆွေတွေအတွက် ကာလရှည်ကြာ တာဝန်ယူထားကြောင်း၊ အာဖဂန်မှာ အမေရိကန် ဒေါ်လာသန်းထောင်ပေါင်းများစွာ ရင်းနှီမြှုပ်နှံခဲ့ကြောင်း၊ အာဖဂန် ပြည်သူတွေရော အမေရိကန် ပြည်သူတွေပါ ဓနဥစ္စာနဲ့ အသက်သွေးချွေးတွေ စွန့်လွှတ် စတေးခဲ့ရကြောင်း၊ ဒါတွေအားလုံးက အာဖဂန်မိတ်ဆွေတွေနဲ့ တစ်ခြားလူတွေ အမေရိကန်တို့ရဲ့ လုပ်ရပ် အပေါ် အထင်အမြင် မမှားရအောင် အာမခံချက် ပေးလိမ့်မယ်လို့ ထင်မိကြောင်း၊ အလားတူပဲ ဆီရီးယားနဲ့ နှိုင်းယှဉ်ပြီးတော့ အာဖဂန် အခြေ အနေကို အဓိပ္ပါယ် ကောက်ယူစရာ မရှိဘူးလို့လည်းထင်ကြောင်း ပြောပါတယ်။

ဒါ့အပြင် အာဖဂန် အရေးနဲ့ ပတ်သက်ပြီး နောက်တဆင့်ဟာ နိုင်ငံရေး သဘောတူညီချက် ရရှိဖို့ပဲ ဖြစ်တယ်လို့လည်း ဝန်ကြီး Esper က အလေးအနက် ပြောကြားသွားပါတယ်။

သူ့ရဲ့ ဒီ ပြောဆိုချက်တွေဟာ အမေရိကန် ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးရေး ခေါင်းဆောင် Zalmay Khalilzad တာလီဘန်ခေါင်းဆောင်တွေနဲ့ ပါကစ္စတန်မှာ တွေ့ဆုံပြီး ငြိမ်းချမ်းရေး ပြန်စဖို့ အလားအလာ ကောင်းနေချိန်မှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ တကယ်တော့ ဒီ ဆွေးနွေးပွဲ တွေကို ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးခါနီးမှာမှ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ တာလီဘန်တွေကတော့ အမေရိကန်နဲ့ ငြိမ်းချမ်းရေး ပြန်စဖို့ ထပ်ခါတစ်လဲလဲ တောင်းဆိုနေခဲ့တာပါ။

ဒီ တနင်္ဂနွေနေ့ တစ်ရက်တည်းမှာပဲ အမေရိကန် အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi လည်း အာဖဂန်ကို တိတ်တဆိတ် သွံားရောက်ပြီး အာဖဂန် နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ သုံးသပ်သူ တစ်ချို့ကတော့ အာဖဂန် လုံခြုံရေးအတွက် အမေရိကန် ဘက်က လုပ်ဆောင် နေတာတွေ အာမခံချက်ပေးနေတာတွေဟာ တကယ်ပဲ ထိရောက်မလားဆိုတာကို သံသယ ရှိနေကြတုန်းပါ။

..................

{Unicode}












တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG