သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေအတွက် အထောက်အပံ့ပစ္စည်းတွေ ပြင်ပမှာ ရောင်းချမှုတွေရှိ


ရခိုင်ပြည်နယ် ပေါက်တောမြို့မှာတွေ့ရတဲ့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ထားတဲ့ပစ္စည်းတချို့
ရခိုင်ပြည်နယ် ပေါက်တောမြို့မှာတွေ့ရတဲ့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ထားတဲ့ပစ္စည်းတချို့

နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပအဖွဲ့တွေက ဒုက္ခသည်တွေကို ကူညီထောက်ပံ့ထားတဲ့ ပစ္စည်းတွေကို ဒုက္ခသည်အများဆုံးရှိတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက စျေးကွက်တွေမှာ အတွေ့များလာတယ်လို့ ဒေသခံတွေနဲ့ ဒုက္ခသည်ကူညီသူတွေက ပြောပါတယ်။ တချို့ ဒုက္ခသည်တွေက ကျန်းမာရေးနဲ့ စားဝတ်နေရေးအတွက် မရှိမဖြစ်ငွေကြေးလိုအပ်လာတဲ့ အခါမျိုးမှာ သူတို့ရထားတဲ့ ပစ္စည်းတွေကို မတန်တဆစျေးနဲ့ အနှိမ်ခံရောင်းချကြတာတွေလည်းရှိတယ်လို့ စစ်ဘေးဒုက္ခသည်တချို့က ပြောပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုစံကျော်က တင်ပြပေးပါမယ်။

မိုခါဆိုင်ကလုန်း မိုင်းဒဏ်သင့် ရခိုင်ပြည်နယ်က ဒေသတချို့နဲ့ ဒုက္ခသည်စခန်းတွေမှာ စစ်ကောင်စီက စားနပ်ရိက္ခာနဲ့ ကုန်ပစ္စည်း ထောက်ပံ့တာတွေကို ကန့်သတ်ထားတာကြောင့် လူသားချင်စားနာ ထောက်ပံ့သူတွေအနေနဲ့ အခက်အခဲတွေကြားထဲက ကူညီထောက်ပံ့ နေကြရတာပါ။

ဒီလိုအချိန်မျိုးမှာလည်း မုန်တိုင်းသင့်ဒေသခံတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ ထောက်ပံ့ထားတဲ့ ကုန်ပစ္စည်းတွေကိုလည်း စျေးကွက်အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့လာရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ အများအားဖြင့် စျေးကွက်အတွင်းမှာ UNHCR နဲ့ အာဆီယံ အမှတ်တံဆိပ်ပါ ပစ္စည်းတွေနဲ့ UNICEF ကပေးထားတဲ့ ပစ္စည်းတွေ တွေ့ရတယ်လို့ ပေါက်တောဒေသခံတဦးဖြစ်တဲ့ မခင်ခင်ဦး ကပြောပါတယ်။

“အများဆုံးတွေ့ရတာကတော့ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ။ အဲတာက ဘယ်လိုလဲဆိုတော့ အဲဒီကရတဲ့ အမျိုးသမီး လစဉ်သုံး အထုပ်တွေဆိုရင် စျေးနည်းနည်းနဲ့ ရောင်းချတာတွေ ရှိတယ်။ ပုံမှန်စျေးက ၁,၅ဝဝ ဆိုရင် သူတို့ ရောင်းတာက ၈ဝဝ လောက်ပဲ ရှိတယ်။ ဒါ ဘယ်က ရတာလဲလို့ မေးကြည့်တော့ ဒုက္ခသည်ဆီက ရတာပေါ့နော်။ အဲလိုမျိုး ပြောတယ်။ နောက်တခုက UNHCR တံဆိပ်ပါတဲ့ မျက်နှာသုတ်တွေ၊ တာဘော်လိပ်တို့ ဘောပင်တို့ ခဲတံတို့ အဲ့ဒါက UNICEF တံဆိပ်တွေလေ။ တခြား အဖွဲ့တွေက ပေးထားတဲ့ မျက်နှာသုတ် အတော်များများလည်း တွေ့ ရတယ်။ နောက် မုန့်တွေလည်း တွေ့ရတယ်။ စျေးတွေမှာ အမြဲတမ်းလိုလို တွေ့ရတယ်။ တွေ့တာလည်း ကြာပြီပေါ့ဟုတ်။”

ရခိုင်ပြည်နယ် ပေါက်တောမြို့မှာတွေ့ရတဲ့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ထားတဲ့ပစ္စည်းတချို့
ရခိုင်ပြည်နယ် ပေါက်တောမြို့မှာတွေ့ရတဲ့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ထားတဲ့ပစ္စည်းတချို့

လက်ရှိအနေအထားအရ ရခိုင်ပြည်နယ်မှာ စစ်ဘေး ဒုက္ခသည်တွေအပြင် သဘာဝဘေး အန္တရာယ်ကြောင့် စားဝတ်နေရေး ခက်ခဲနေကြသူတွေ တော်တော်များများ ရှိနေကြတာပါ။ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတာတွေကြောင့် ဒုက္ခသည်စခန်းတွေမှာလည်း ကူညီ ကယ်ဆယ်ရေး သမားတွေရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ နေ့စဉ် လူမှုဘဝတွေကို ဖြေရှင်းနေကြရတာပါ။

ဒုက္ခသည်တွေအနေနဲ့လည်း အရေးတကြီး ငွေကြေး လိုအပ်ချက်တွေ ရှိလာတဲ့ အခါမျိုးမှာ နိုင်ငံတကာနဲ့ ပြည်တွင်းအဖွဲ့ အစည်းတွေက ထောက်ပံ့ထားတဲ့ ပစ္စည်းတွေကို ထုတ်ရောင်းပြီးတော့ ဖြေရှင်းရတာတွေ ရှိတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေး ဒုက္ခသည်တဦးက ပြောပါတယ်။

“အဲ့ဒီပစ္စည်းကို မရောင်းချင်ဘူး။ ဘယ်သူမှ ကိုယ့်မှာ ရထားတဲ့ ပစ္စည်းကို မရောင်းချင်ဘူး ခင်မျာ။ ဒါပေမဲ့ ကျနော်တို့ ကျန်းမာရေး ထိခိုက်လာရင် ကလေးတွေက ကျန်းမာရေး မကောင်းတာရော အိုနေတဲ့ သူတွေကလည်း ဆေးတွေက ခဏခဏ သုံးနေရတယ်။ ပိုက်ဆံက ရှာလို့ မရတဲ့ အခါ ကျနော်တို့ ပေးထားတဲ့ ပစ္စည်းတွေကို ရောင်းစားရ တာရှိတယ်။ ရောင်းတဲ့အခါမှာလည်း မတန်တဆစျေးနဲ့ ရောင်းရတယ်။ ဥပမာ ၅,ဝဝဝ တန်တဲ့ ပစ္စည်းတခုကို ကျနော်တို့ ၁,၀၀၀ ပဲရတယ်။ အဲဒီလိုပဲ ရောင်းစားနေရတယ်။”

အခုဈေးကွက်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ရောက်နေတဲ့ ပစ္စည်းတွေက အခက်အခဲရှိတဲ့ ဒုက္ခသည်တွေ ဈေးနှိမ်ခံ ပြန်ရောင်းတဲ့ ပစ္စည်းတွေချည်းပဲတော့ မဟုတ်ပါဘူး။ တခြား အပြင်ကနေ ပုံစံနဲ့ လာနေတဲ့ ပစ္စည်းတွေ အများအပြား ရှိနေတယ်လို့လည်း ဒေသခံတချို့က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းကြောင့် ပြန်လည် ထူထောင်ဖို့ ခက်ခဲနေသေးတဲ့ အပြင် ဒီလအတွင်းမှာ ရခိုင်မြောက်ပိုင်းက မြို့နယ် ၇ ခုလောက်မှာ ရေကြီးရေလျှံတာတွေကြောင့် ဒေသခံတွေ တော်တော်များများ စားဝတ်နေရေး အခက်ကြုံနေရတာလည်း ဖြစ်ပါတယ်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တွေ အနေနဲ့လည်း စားနပ်ရိက္ခာ အခက်ကြုံနေရတဲ့ ဒေသတွေကို ကန့်သတ်ချက်တွေ ကြားထဲကနေ ခက်ခက်ခဲခဲ သွားရောက် ထောက်ပံ့နေရတာကြောင့် လိုအပ်ချက်တွေ အများအပြား ရှိနေသေးတယ်လို့လည်း ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG