သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ်အတွက် လူထု စိုးရိမ်တကြီး မဖြစ်ဖို့လို


ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်နိုင်ရေး ရန်ကုန်မြို့တွင်း နှာခေါင်းစည်းတပ် သွားလာနေသည့် အမျိုးသမီးတဦး။ (မတ် ၁၂၊ ၂၀၂၀)
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်နိုင်ရေး ရန်ကုန်မြို့တွင်း နှာခေါင်းစည်းတပ် သွားလာနေသည့် အမျိုးသမီးတဦး။ (မတ် ၁၂၊ ၂၀၂၀)

(Zawgyi / Unicode)

ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်လိုက်တဲ့ COVID-19 ရောဂါ မြန်မာနိုင်ငံမှာတော့ ဓာတ်ခွဲစစ်ဆေးမှုတွေအရ သံသယလူနာတွေမှာ ကူးစက်သူ တဦးတယောက်မှ မရှိဘဲ လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတယ်လို့ စောင့်ကြည့်လူနာ ၇ ဦးအထိပဲ ရှိတော့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့ည ၈ နာရီမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒါပေမယ့်လို့ တရုတ်နိုင်ငံ ဝူဟန်ကနေ စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝှမ်း သေဆုံးသူပေါင်း ၅,၀၀၀ ကျော်ပြီး ကမ္ဘာတဝှမ်း နိုင်ငံအသီးသီးမှာ ကူးစက်ပြန့်ပွားသူပေါင်း တသိန်းခွဲဝန်းကျင်အထိ ရှိသွားပြီဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာ ထိတ်လန့်မှုတွေနဲ့ စိုးရိမ်တကြီး ဆန်အပါအဝင် အခြေခံစားနပ်ရိက္ခာ အလုပ်အယက် စုဆောင်းမှုတွေအပေါ် ပြည်သူတွေ အစိုးရိမ်မကြီးကြဖို့ကိုလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတိပေးပါတယ်။ အပြည့်အစုံကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

တရုတ်နိုင်ငံ ဝူဟန်ကနေတဆင့် ကမ္ဘာတဝှမ်း ကူးစက်ပျံ့နှံ့ခဲ့လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေး အခြေအနေအဖြစ် ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်တဲ့ ဒီ COVID-19 ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီသီတင်းပတ်အထိဆိုရင် ကမ္ဘာတဝှမ်း သေဆုံးသူပေါင်း ၅,၃၀၀ ကျော်နဲ့ ကမ္ဘာတဝှမ်း နိုင်ငံအသီးသီးမှာ ကူးစက်ပြန့်ပွားသူပေါင်း တသိန်းခွဲဝန်းကျင်အထိကို ရှိသွားပြီ ဖြစ်ပါတယ်။

တရုတ်နဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာတော့ COVID-19 ကူးစက်ခံရမှု တဦးတယောက်မှ မရှိသေးဘူးလို့ တရားဝင်ထုတ်ပြန်ထားပြီး လက်ရှိမှာတော့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း အပါအဝင် နိုင်ငံတဝှမ်းက ဆေးရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စောင့်ကြည့်မှုလူနာ ၇ ဦးအထိ ရှိနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မတ်လ ၁၄ ရက်နေ့ ည ၈ နာရီက နောက်ဆုံး သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့ စနေညနေပိုင်းအထိ နောက်ဆုံးအတည်ပြု စောင့်ကြည့်လူနာစာရင်းကို ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူးစက်မှု တိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေမြန်မာပိုင်းကို အခုလို အတည်ပြု ပြောဆိုပါတယ်။

“စောင့်ကြည့်လူနာ ၁၁ ဦး ဟုတ်ပါတယ်။ ဒီနေ့လည်း ရှိပါတယ်။ တိုင်းနဲ့ပြည်နယ် အသီးသီးက စောင့်နေတာတွေကို ကြည့်ပြီး ၈ နာရီသတင်းမှာ ထုတ်ပြန်ဖို့ လုပ်ပါမယ်။ မနေ့ကအထိတော့ ၁၁ ဦးပါ။”

တရုတ်နိုင်ငံ ဝူဟန်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတွေကို ပြန်ခေါ်တဲ့ခရီးစဉ်မှာ ကျန်ခဲ့ပြီး အိန္ဒိယအစိုးရရဲ့ အစီအစဉ်နဲ့ ပြန်ခေါ်လာပြီး နယူးဒေလီမှာ စောင့်ကြည့်ကာလ ၁၄ ရက်ကြာ နေခဲ့တဲ့ မြန်မာကျောင်းသူ ၁ ဦးနဲ့ ကျောင်းသား ၁ ဦး ပေါင်း ၂ ဦးလည်း ရောဂါကင်းရှင်းတဲ့အတွက် ဒီကနေ့ မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းမှာတော့ မြန်မာနိုင်ငံကို နယူးဒေလီကနေ ပြန်ရောက်လာပြီလို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီအခြေအနေပေါ် ဒေါက်တာခင်ခင်ကြီးက အခုလို ပြောပါတယ်။

“ဟုတ်ပါတယ်။ ဝူဟန်ကနေ ပြန်ခေါ်လာတဲ့ ၅၉ ယောက် ခေါ်ခဲ့ပြီးနောက် ကျန်ခဲ့တဲ့ ၂ ယောက်ကို အိန္ဒိယသံရုံးနဲ့ညှိပြီး အိန္ဒိယအစိုးရရဲ့ အစီအစဉ်နဲ့ အိန္ဒိယကိုခေါ်၊ အိန္ဒိယမှာ သီတင်း ၂ ပတ် Quarantine စောင့်ကြည့်ပြီးတော့ ကျမတို့ဆီကို ပြန်ခေါ်လာရမယ်ဆိုတာတော့ သိပါတယ်။”

မဆုမွန် - နောက်ဆုံးအနေနဲ့ပါ ဒီလေယာဉ်တွေကနေတဆင့် ဝင်လာတဲ့ ခရီးသည်တွေဆီကရော ကျန်းမာရေးစစ်ဆေးမှုတွေ ဘာများလုပ်ဆောင်ပါလဲရှင့်။

ဒေါက်တာခင်ခင်ကြီး - “ဒါကတော့ ကျမတို့ ကြပ်ကြပ်မတ်မတ်ကို ဆောင်ရွက်ပါတယ်။ ကျမတို့ လျှောက်လမ်းမှာ ပြန်တဲ့လမ်းတလျှောက် Check-up လုပ်တဲ့အပြင်ကို အောက်ရောက်လို့ရှိရင်လည်း သာမို အပူချိန်စမ်းသပ်တာမျိုး လုပ်ပါတယ်။ တင်းတင်းကျပ်ကျပ်ကို လုပ်ပါတယ်။ ပြီးရင် သူတို့တည်းခိုမယ့် လိပ်စာတွေ၊ ဟိုတယ်လိပ်စာတွေ သေသေချာချာ စစ်ဆေးပါတယ်။ မှန်မှန်ကန်ကန် ထည့်သွင်းဖြည့်သွင်းမှု ရှိမရှိပေါ့နော်။ အဲ့ဒါတွေ ဆောင်ရွက်နေပါတယ်။ အခုလက်ရှိမှာတော့ ရောဂါဖြစ်ပွားမှု များတဲ့နေရာ ရောဂါဖြစ်ပွားမှု ရှိနေတဲ့ တိုင်းပြည်က လာတဲ့သူတွေကိုလည်း စစ်ဆေးပြီး လိုအပ်ရင် Quarantine လုပ်တာမျိုးတွေ လုပ်ဆောင်နေပါတယ်။”

တရုတ်နဲ့ နယ်နိမိတ်ချင်းပါ ထိစပ်နေတဲ့ မြန်မာနိုင်ငံတွင်း အခုအချိန် တဦးတယောက်မှ တရားဝင် ကူးစက်ခံရတယ်လို့ အစိုးရက တရားဝင် သတင်းမထုတ်ပြန်ထားပေမယ့်လို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှာကို အများပြည်သူကတော့ စိုးရိမ်နေကြပြီး သတင်းမှားတွေ ကောလာဟလတွေလည်း ထွက်နေကြောင့်မို့လို့ ပိုပြီးတော့ ထိတ်လန့်နေကြတာပါ။ ဆန်အပါအဝင် အခြေခံစားနပ်ရိက္ခာတွေကို မြန်မာပြည်သူတွေ စိုးရိမ်တကြီး ဝယ်ယူစုဆောင်းနေကြတာနဲ့ ပတ်သက်ပြီး အစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဘက်က အစိုးရိမ်မကြီးဖို့ လူထုကို ပန်ကြားနေကြပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းက အခုလိုပြောပါတယ်။

“လက်ရှိ လူတွေစိုးရိမ်သလို ကျနော်တို့တိုင်းပြည်က စားနပ်ရိက္ခာပြတ်ဖို့တော့ သိပ်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဆီက ပြည်တွင်းကကို လယ်ယာထွက်ကုန်ပစ္စည်းတွေ ထွက်တာလေ။ ဆန်နဲ့ပတ်သက်ရင် နှစ်စဉ်နှစ်တိုင်း တန်ချိန် ၂ သန်းကျော် ၃ သန်းနီးပါးလောက် ပြည်ပကို တင်ပို့နေတာရှိတယ်။ ကိုယ့်ဆီမှာ ပိုလျှံနေတဲ့အပိုင်းမှာ ရှိပါတယ်။ ဆန်စပါးနဲ့ ပတ်သက်ရင်တော့ စိုးရိမ်ပူပန်စရာ မရှိဘူးလို့ ပြောချင်ပါတယ်။”

မဆုမွန် - ဒါပေမယ့် လူတွေကလည်း တခုခုဆို အဲလိုမျိုး စိုးရိမ်တကြီးနဲ့ ဆန်စုတာ ဆီစုတာ အဲဒါမျိုးတွေ ရှိတဲ့အခါကြတော့ ဒီလိုမျိုးအချိန်မှာ ဈေးကစားတာ မဖြစ်နိုင်အောင် အစိုးရဘက်နဲ့ ဆရာတို့ တာဝန်ရှိတဲ့သူတွေ ကုန်သည်ကြီးများအဖွဲ့ဘက်က ဘာတွေ ဆောင်ရွက်တာ ရှိပါသလဲ။

ဒေါက်တာစိုးထွန်း - “စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ ကျနော်တို့ တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်။ ဆန်ဈေးက တက်စရာတော့ မရှိပါဘူး။ ကျနော်တို့ သိသလောက်တော့ ဆန်စက်တွေ၊ လုပ်ငန်းရှင်တွေ လက်ထဲမှာလည်း ဆန်အလုံအလောက် ရှိတယ်။ တကယ်လို့ ဆန်ဈေးတက်မယ်လို့ ပြောရင် ကျနော်တို့အနေနဲ့ ဆန်ဈေးမတက်အောင်တော့ ထိန်းပြီး ရောင်းချသွားဖို့ ရှိပါတယ်။”

မဆုမွန် - အခုလက်ရှိမှာတော့ COVID-19 ရဲ့ဂယက်က အာရှနိုင်ငံတွေရော ကမ္ဘာတဝန်းမှာပါ အများကြီး ထိခိုက်မှုတွေဖြစ်တယ်။ အထူးသဖြင့် ကုန်သွယ် စီးပွားကိစ္စတွေမှာ ဈေးနှုန်းအတက်အကျတွေ တော်တော်လေးဖြစ်တာ၊ နောက် စတော့ရှယ်ယာဈေးတွေ ကျတာတွေလည်းရှိတော့ လက်ရှိ မြန်မာနိုင်ငံမှာရော ဆရာတို့လို လုပ်ငန်းရှင်တွေ အနေနဲ့ ဘယ်လိုများ ထိခိုက်မှု သက်ရောက်မှု ရှိပါသလဲ။

ဒေါက်တာစိုးထွန်း - “လောလောဆယ်တော့ တိုက်ရိုက်သက်ရောက်မှု ဖြစ်နေတာတော့ အထည်ချုပ်လုပ်ငန်းပေါ့။ အထည်ချုပ်လုပ်ငန်း တချို့တော့ စက်ရုံပိတ်တာမျိုး ရှိတယ်။ နောက်တခုက ခရီးသွားလုပ်ငန်းတွေ ထိခိုက်မှုရှိနေတာ တွေ့တယ်။ ဒါနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ရက်မှာ အစိုးရအဖွဲ့ကတော့ သူတို့ ဗဟိုကော်မတီတရပ် ဖွဲ့စည်းတာ တွေ့တယ်။ နောက် ဘဏ်အတိုးနှုန်း လျှော့ချနေတာ လုပ်တယ်။ ကျနော်တို့ ပုဂ္ဂလိကကတော့လည်း တရုတ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ အတွက်ကြောင့်မို့ တရုတ်နိုင်ငံကနေ ကုန်ပစ္စည်းမရတဲ့ ပြဿနာတချို့တော့ ရှိတယ်။ ကျနော်တို့မှာ ကြိုတင်ပြင်ဆင်တဲ့ အပိုင်းတော့ လုပ်နေပါတယ်။”

လက်ရှိ မြန်မာနိုင်ငံမှာတော့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီတရပ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ဖွဲ့စည်းလိုက်ပြီး မြန်မာနိုင်ငံမှာ ကူးစက်ရောဂါ မပြန့်ပွားရေး လူစုလူဝေး အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ မကျင်းပဖို့ အမိန့်ထုတ်ပြန်သလို လက်ရှိ ဒီကူးစက်ရောဂါကြောင့် စီးပွားရေးသက်ရောက်မှုတွေ အပေါ်မှာလည်း အစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းလုပ်ဆောင်နေကြတယ်လို့ အစိုးရက သတင်းစာရှင်းလင်းပွဲလုပ်ပြီး လူထုကို အသိပေးပေမယ့်လို့ အများပြည်သူလူထု အကြားမှာတော့ စိုးရိမ်မှုတွေ မြင့်တက်နေဆဲ ဖြစ်ပါတယ်။

------------------------------------

(Unicode)



















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG