သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Coronavirus ကြောင့် ပိတ်မိနေတဲ့ ဝူဟန်မြို့ခံတွေရဲ့ အတွေ့အကြုံ 


Wuhan မြို့
Wuhan မြို့

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်မှုကြောင့် တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဝင်ထွက်သွားလာမှုတွေ ကန့်သတ်ထားတာ သီတင်းပတ်နဲ့ချီ ကြာမြင့်လာချိန်မှာပဲ မြို့ထဲမှာ ပိတ်မိနေသူတွေလည်း အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။

AFP သတင်းဌာနကတော့ ကမ္ဘာ့ကျန်းမာရေး ပြဿနာအထိ ကြီးထွားလာတဲ့ ဗိုင်းရပ်စ်ပိုးကူးစက်မှု စတင်ခဲ့ရာ ဝူဟန်မြို့က အခြေအနေတွေကို သိနိုင်ဖို့ ပြီးခဲ့တဲ့ထဲမှာပဲ အဖွဲ့တဖွဲ့ စေလွှတ်ခဲ့ပါတယ်။ ပြင်ပကမ္ဘာနဲ့ စတင် အဆက်ပြတ်ခဲ့တဲ့နေ့ကစလို့ ဝူဟန်မြို့မှာ AFP သတင်းသမားတွေရဲ့ ၈ ရက်ကြာ အတွေ့အကြုံအကြောင်း သတင်းဆောင်းပါးကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာပါ။

Coronavirus ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ တထောင်ကျော်တဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

လူဦးရေ ၁၁ သန်းကျော်ရှိတဲ့ ဝူဟန်မြို့မှာ ဗိုင်းရပ်စ်ပိုးသစ်ကြောင့် လူ ၁၇ ယောက်အထိ သေဆုံးခဲ့ပြီးနောက် ဇန်နဝါရီလ ၂၃ ရက်နေ့ကစလို့ လေယာဉ်တွေ၊ ကားတွေ ရထားတွေ ဝင်ထွက်သွားလာမှုတွေကို ကန့်သတ်ကြောင်း ကြေညာလိုက်တာပါ။ အများပြည်သူကြား သွားလာရာမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုကို ကာကွယ်တဲ့ အနေနဲ့ နှာခေါင်းစည်းတွေ တပ်ဆင်ဖို့လည်း အာဏာပိုင်တွေ ညွှန်ကြားခဲ့ပြီး သံသယရှိတဲ့ ခရီးသွားတွေကို ကျန်းမာရေးအတွက် စစ်ဆေးမှုတွေလည်း နောက်ဆက်တွဲ စတင်ခဲ့ပါတယ်။

ကြေညာချက် ထုတ်ပြန်ပြီး နောက်တနေ့ တရုတ်နှစ်သစ်ကူးမတိုင်ခင် တရက်နေ့မှာတော့ လူသွားလူလာတွေ၊ ဈေးဆိုင်တွေနဲ့ စည်ကားလေ့ရှိတဲ့ ဝူဟန်မြို့ဟာ တစပြင်လို လူသူကင်းမဲ့နေပါတယ်။ ဒီနှစ် နှစ်သစ်ကူးပွဲဟာ ပထမဆုံးအကြိမ် မိသားစုတွေ၊ မိတ်ဆွေတွေ မဆုံနိုင်တဲ့ နှစ်တနှစ် အဖြစ်နဲ့လည်း ဝူဟန်မြို့ခံ Pen Lixin ကပြောပါတယ်။

“ပုံမှန်ဆိုရင် နှစ်သစ်ကူးမှာ မိသားစုတွေ၊ မိတ်ဆွေတွေဆီ အလည်သွားကြပါတယ်။ လူကြီးတွေ နှစ်သစ်မှာ စိတ်ချမ်းသာအောင် ဆုတောင်းကြပါတယ်။ မိသားစုတွေ နှစ်သစ်မှာ စိတ်ချမ်းသာဖို့လည်း ဆုတောင်းကြတာဟာ အင်မတန် စိတ်တက်ကြွစရာ အချိန်ပါ။ ဒီနှစ်လိုမျိုးတော့ မဟုတ်ပါဘူး။ သွားချင်တဲ့နေရာလည်း မသွားနိုင်ဘဲ အိမ်မှာပဲ နေနေရပါတယ်။”

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတားဆီးရေး ကျွမ်းကျင်သူတွေရဲ့ အမြင် ရုပ်သံသတင်းကို ကြည့်ရှုနားဆင်နိုင်ပါတယ်။

ဇန်နဝါရီ ၂၅ နှစ်သစ်ကူးနေ့မှာလည်း ပုံမှန်အားဖြင့် စည်ကားလေ့ရှိတဲ့ တရုတ်ဘုရားကျောင်းတွေကို ပိတ်ထားရသလို၊ တွေ့နေမြင်နေကြ လုံခြုံရေး တာဝန်ရှိသူတွေကိုလည်း လမ်းတွေမှာ မတွေ့ရပါဘူး။ နှစ်သစ်ကူး ကာလမှာ တမူထူးခြားပြီး စည်ကားနေတာကတော့ ဆေးဆိုင်တွေပါ။ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့် စိုးရိမ်ထိတ်လန့်နေချိန်မှာ ဆေးဆိုင်တွေက ဝန်ထမ်းတွေဟာ ဆိုရင်လည်း ပိုးမကူးစက်အောင် အကာအကွယ် ဝတ်စုံတွေ ဝတ်ဆင်ပြီး ဆေးဝယ်သူတွေကို ရောင်းချနေတာ တေ့ွရသလို၊ အဖျားကျဆေးလို ဆေးမျိုးဆိုရင်လည်း လူတယောက်ကို ၂ ဗူးထက် ပိုမရောင်းပဲ ကန့်သတ်ထားတဲ့အထိ ဖြစ်ပါတယ်။ နှစ်သစ်ကူးနေ့အပြီး AFP သတင်းဌာနက သွားကြည့်ခဲ့တဲ့ ဆေးရုံတရုံမှာ ဆိုရင်လည်း ဆရာဝန်နဲ့တွေ့ဖို့ စောင့်နေတဲ့ လူတန်းကြီးကို တွေ့ရသလို စောင့်ရတာကြာလွန်းတဲ့အတွက် တချို့က ကိုယ့်ဖာသာ ထိုင်ခုံတွေ ယူလာကြတဲ့အထိပါ။

Li စက်ရုံလုပ်သားတယောက်ဖြစ်တဲ့ Li က အခုလို ပြောပါတယ်။

“ဆေးစစ်ပြီး အဖြေစောင့်နေပါတယ်။ ပိုးကူးခံရမှာကိုလည်း စိတ်ပူပါတယ်။”

ဝူဟန်မြို့မှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူတွေနဲ့ ကူးစက်သူတွေ တိုးလာနေတာနဲ့အမျှ လက်ရှိဆေးရုံတွေနဲ့ မဆန့်တော့တာကြောင့် ကုတင် ၁,၀၀၀ ဆန့် ဆေးရုံကိုလည်း ရက်ပိုင်းအတွင်း အပြီးဆောက်ဖို့ အာဏာပိုင်တွေ စီစဉ်ခဲ့ရတာပါ။ ဝူဟန်မြို့မှာ အသွားအလာတွေကို ပိတ်လိုက်ပြီးနောက် ၆ ရက်မြောက်နေ့မှာတော့ ပြည်ပနိုင်ငံတွေက မြို့ထဲမှာ ပိတ်မိနေကြတဲ့ သက်ဆိုင်ရာ နိုင်ငံသားတွေကို ပြန်ခေါ်ဖို့လည်း စီစဉ်လာခဲ့ကြတာပါ။

နိုင်ငံတကာ ဟိုတယ်တချို့ ဖွင့်လှစ်ထားဆဲ ဖြစ်ပေမဲ့ နှာခေါင်းစည်းဝတ်ဖို့ ကိုယ်ပူချိန်တိုင်းဖို့ စတာတွေလို ကြိုတင်ကာကွယ်ရေး အစီအမံတွေ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့လည်း ဟိုတယ် စားသောက်ဆိုင်တွေ ပိတ်ထားရသလို၊ တွေ့နေမြင်နေကြ ဧည့်ကြိုကောင်တာမှာ လူတယောက်မှ မတွေ့ရသလို၊ တိတ်ဆိတ်ခြောက်ကပ်နေတာကို သိသိသာသာ တွေ့ကြရမှာပါ။

ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ထားတာ ၈ ရက်ကြာလာတဲ့ ဝူဟန်မြို့မှာ ဆေးရုံတခုအနီး ပရိဘောဂဆိုင်ရှေ့ နှာခေါင်းစည်းတပ်ထားတဲ့ ခန့်မှန်းချေ အသက် ၆၀ အရွယ် အမျိုးသားတဦး လမ်းပေါ်မှာတင် သေနေတာလည်း တွေ့ရပါတယ်။ မြို့ခံအများစုကတော့ မလိုအပ်ဘဲ အပြင်ကို သွားလာတာမျိုး မလုပ်ကြတော့ဘူးလို့လည်း ရှန်ဟိုင်းမြို့မှာ အလုပ်လုပ်နေတဲ့ ဝူဟန်မြို့ခံ David ကပြောပါတယ်။

“မိသားစုတိုင်းလိုလို အပြင်မသွားကြတော့ပါဘူး။ အဆက်အဆံတွေ လျှော့ချဖို့လည်း ကြိုးစားနေကြပါတယ်။ ကူးစက်မှုကလည်း နည်းနည်း မြန်နေလို့ပါ။ အစိုးရကတော့ ကာကွယ်ဖို့နဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။”

ဝူဟန်မြို့မှာပဲ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်နဲ့ ပတ်သက်လို့ အာဏာပိုင်တွေ တရားဝင် မကြေညာခင်မှာပဲ သတိပေးဖို့ ကြိုးစားခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် မျက်စေ့အထူးကုဆရာဝန် Dr. Li Wenliang ဟာလည်း ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ကွယ်လွန်ခဲ့တာပါ။

ဘေဂျင်းမြို့ခံတဦးဖြစ်တဲ့ Jason က အခုလိုပြောပါတယ်။

“သူဟာ သူရဲကောင်း တယောက်ဆိုတာ ကျနော် အပြည့်အ၀ လက်ခံပါတယ်။ သတ္တိရှိရှိ၊ ရိုးရိုးသားသားနဲ့ ပြောစရာရှိတာ ပြောတဲ့သူပါ။”

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာတဝှမ်း ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် ကြေညာထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူ အရေအတွက်ဟာ အခုဆိုရင် ၁ ထောင်ကျော်နဲ့ ကူးစက်သူ သောင်းနဲ့ချီ ရှိနေပါပြီ နိုင်ငံပေါင်း ၂ ဒါဇင်ကျော်အထိ ကူးစက်နေတဲ့ ဗိုင်းရပ်စ်ပိုး အန္တရာယ်ဟာ အများပြည်သူအတွက် နံပတ် (၁) ရန်သူအဖြစ်နဲ့လည်း WHO က သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်


..................


(Unicode)















ဘဂေငြျးမွို့ခံတဦးဖွဈတဲ့ Jason က အခုလိုပွောပါတယျ။

“သူဟာ သူရဲကောငျး တယောကျဆိုတာ ကနြောျ အပွည့ျအ၀ လကျခံပါတယျ။ သတ်တိရှိရှိ၊ ရိုးရိုးသားသားနဲ့ ပွောစရာရှိတာ ပွောတဲ့သူပါ။”


XS
SM
MD
LG