သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hand စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီသီတင်းပတ် English American-style Idioms ကဏ္ဍမှာ Hand (လက်) နဲ့ ပတ်သက်တဲ့ Sit on one’s hands, Hand in glove, High-handed နဲ့ Caught red-handed တို့ကိုတင်ပြထားပါတယ်။

(၁) Sit on one's hands

Sit (ထိုင်တာ)၊ on (အပေါ်မှာ)၊ one’s ( တဦးတယောက်ရဲ့)၊ hands (လက်တွေ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကလူတဦးတယောက်အနေနဲ့ သူ့ရဲ့လက်နှစ်ဖက်ပေါ်မှာ တက်ထိုင်ထားတာ ဖြစ်ပါတယ်။ လှုပ်ရှားလုပ်ကိုင်ဖို့အတွက်လက်ကအရေးကြီးတော့၊ ကိုယ့်လက်နှစ်ဖက်ပေါ်တက်ထိုင်ထားမယ်ဆိုရင် ဘာမှလုပ်လို့ မရနိုင်တဲ့ အခြေအနေဆိုက်မှာဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း ဒီအတိုင်းပါပဲ ။ Sit on one’s hands ဆိုရင် လူတဦးဟာ ဘာမှမတတ်နိုင်ဘဲ၊ ဒီအတိုင်း ကြည့်နေရတဲ့ အခြေအနေမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ပြဿနာ ရင်ဆိုင်နေရပေမယ့်၊ ဖြေရှင်းပေးဖို့ ဘာမှအရေးယူ ဆောင်ရွက်ပေးနိုင်ခြင်းမရှိတာ၊ မြန်မာမှာဆိုရင် ကိစ္စတခုခုနဲ့ ပတ်သက်လို့ လက်ပိုက်ကြည့်နေရတဲ့ သဘောမျိုးနဲ့တူပါတယ်။ အကူအညီလိုနေတာကိုသိပေမယ့် ဘယ်လိုမှ ဝင်ရောက်ကူညီပေးနိုင်ခြင်းမရှိတာကိုလည်း ဆိုလိုပါတယ်။ တခါတလေ ကိုယ်ကလုပ်ပေးချင်ပေမယ်အခက်အခဲရှိနေတော့၊ အခြေအနေအရမလုပ်ပေးနိုင်တဲ့အနေအထားမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The city’s residents are facing regular blackouts, but the electricity department is sitting on its hands.

အဲဒီမြို့မှာ လူတွေက ပုံမှန်မီးပျက်တာရင်ဆိုင်နေကြရတယ်။ လျှပ်စစ်ဓါတ်အားပေးရေးဌာနကလည်း ဘာမှ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိဘူး။

(၂) Hand in glove

Hand (လက်)၊ in (အထဲမှာ)၊ glove (လက်အိတ်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လက်အိတ်ထဲမှာရှိနေတဲ့ လက် ဖြစ်ပါတယ်။ တနည်းအားဖြင့် လက်အိတ်ဝတ်ထားတဲ့လက် ဖြစ်ပါတယ်။ လက်အိတ်ဝတ်မယ်ဆိုရင်လက်အိတ်နဲ့ လက်က တော်ရမှာဖြစ်သလို၊ အထဲက လက်လှုပ်ရှားသလိုပဲ အပြင်မှာဝတ်ထားတဲ့ လက်အိတ်ကလည်း လိုက်လှုပ်ရှားရတာမို့ လက်နဲ့လက်အိတ်ဟာ တသားတည်းဖြစ်နေတဲ့သဘော ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က လူတွေကို ရည်ညွှန်းသုံးမယ်ဆိုရင် လူနှစ်ဦးဟာ သိပ်ကို နှစ်ကိုယ့်တစိတ်ဖြစ်တဲ့သဘော၊ စိတ်သဘောချင်းတိုက်ဆိုင်တာမျိုး၊ မဟုတ်တာ လုပ်မယ်ဆိုရင်လည်း တကျိတ်တည်း တဉာဏ်တည်း ပူးပေါင်းကြံစည်းတာမျိုး၊ ပုလင်းတူဗူးဆို့ စသဖြင့် အသုံးတွေနဲ့ ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Some policemen who were working hand in glove with the drug gang were arrested last night.
မူးယစ်ဆေးဂိုဏ်းနဲ့ တကျိတ်တည်းတဉာဏ်တည်း လုပ်နေတဲ့ ရဲတချို့ ညကဖမ်းဆီးခံခဲ့ကြရတယ်။

(၃) High-handed

High (မြင့်တာ)၊ handed (ကိုင်တွယ်တာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အမြင့်ကနေ ကိုင်တွယ်တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က အပေါ်စီးကနေတာ၊ ဆက်ဆံပုံ မောက်မာတာ၊ မာန်မာန ထောင်လွှာပြီး ဆက်ဆံပြုမှုတာမျိုး၊ မြန်မာဘန်းစကားမှာတော့ အနိုင်ကျင့် ဗိုလ်ကျတာကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The factory workers went on strike to protest the manager, who was acting high-handed.

မန်နေဂျာရဲ့ အနိုင်ကျင့် ဗိုလ်ကျဆက်ဆံမှုကိုမကျေနပ်လို့ စက်ရုံအလုပ်သမားတွေ ဆန္ဒပြခဲ့ကြတယ်။

(၄) Caught red-handed

Caught က (ဖမ်းမိတာ) red (နီတာ)၊ handed (လုပ်ဆောင်တာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လက်တွေနီရဲနေတုန်းဖမ်းမိတာ ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ လက်မှာ အနီရောင်ရှိတဲ့ သွေးပေကျံနေတဲ့ ဖြစ်ရပ်ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ တခုခု ကျူးလွန်တာကို လက်ပူးလက်ကြပ်မိတဲ့သဘော ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John told his wife he was at the library. But she caught him red-handed drinking at the bar!
John ကပြောတုံးကတော့စာကြည့်တိုက်မှာသူရှိနေတယ်တဲ့။ ဒါပေမဲ့ သူ့ဇနီးက သူ့ကိုဘား မှာအရက်သောက်နေတာလက်ပူးလက်ကြပ်မိလိုက်တယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Hand စကားလုံးအခြေခံ idioms အသုံးအနှုန်းတွေက Sit on one’s hands, Hand in glove, High-handed နဲ့ Caught red-handed တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG