သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာစစ်ပွဲကာလ လက်ကိုင်ဖုံးအားဖြည့်သွင်းမှုအခက်အခဲများ


PALESTINIANS-GAZA/ENERGY
PALESTINIANS-GAZA/ENERGY

စစ်ပွဲကြားမှာ ရှင်သန်နေထိုင်ရတဲ့အချိန် အဝေးရောက်နေတဲ့ မိတ်ဆွေမိသားစုတွေရော အဆင်ပြေရဲ့လားလို့ ဆက်သွယ်မေးနိုင်ဖို့ မိုဘိုင်းဖုန်း ချိတ်ဆက်နိုင်ဖို့ အရေးကြီးပါတယ်။ ဂါဇာဒေသမှာ တိုက်ခိုက်မှုတွေကြား ဖုန်းအားသွင်းနိုင်ဖို့နဲ့ အသက်ရှူစက်လည်ပတ်နိုင်အောင်သုံးရတဲ့ ဘက်ထရီအိုးတွေ အားဖြည့်နိုင်အောင် ရတဲ့နေရာမှာ လူတွေစုဝေးပြီး အလှည့်ကျ အားသွင်းနေကြပါတယ်။ ရိုက်တာသတင်းဆောင်းပါးတပုဒ်ကို အခြေခံပြီး မအိသန့်စင် တင်ဆက်ထားပါတယ်။

ဖုန်းအားသွင်းကြိုးတွေနဲ့ ကြိုးတန်းရှည်သွယ်တဲ့ မီးကြိုး extension တွေ ရောယှက်ပြီး ဆေးရုံတခုက ပလပ်ပေါက်တခုတည်းမှာ အလှည့်ကျ ဖုန်းအားသွင်းနေကြပါတယ်။ ဂါဇာဒေသတိုက်ခိုက်မှုတွေအတွင်း နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရတဲ့ အမျိုးသားတွေရဲ့တာဝန်တခုအဖြစ် မိုဘိုင်းဖုန်းအားသွင်းပေးဖို့က အခရာ ကျနေတာပါ။ စစ်ပွဲအတွင်းမှာ အားပြည့်ပြီး အသုံးဝင်တဲ့ ဖုန်းရှိဖို့က အရေးကြီးတာပါ။ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြား ကွဲကွာသွားတဲ့ ဆွေမျိုးသားချင်းတွေ အဆင်ပြေရဲ့လား၊ မိုဘိုင်းဖုန်းနဲ့ ဆက်သွယ်မေးမြန်းနိုင်သလို အစားအစားနဲ့ ရေသန့် ဘယ်တော့၊ ဘယ်မှာ ရမလဲဆိုတာကိုလည်း ဖုန်းသုံးပြီး ဆက်သွယ်နိုင်ပါတယ်။ ညအချိန် ယာယီတဲထဲမှာ မှောင်မိုက်နေတဲ့အခါမှာလည်း လက်ကိုင်ဖုန်းသုံးပြီး ဓာတ်မီးလို မီးထွန်းနိုင်ပါတယ်။

Mohammed Abu Skheta က Al-Shati ဒုက္ခသည်စခန်းမှာ ရွှေ့ပြောင်းနေထိုင်နေရသူ ပါလက်စတိုင်းတဦးပါ။

“တနေ့ကို ၃-၄ နာရီလောက်အချိန်ကုန်ခံပြီး ဒီမှာ ဖုန်းအားလာသွင်းရပါတယ်။ ဂါဇာမြောက်ပိုင်းမှာ အင်တာနက်နဲ့ ဖုန်းလိုင်းဆက်သွယ်မှုရသေးတော့ အဲဒီက ဆွေမျိုးတွေနဲ့ ဆက်သွယ်ဖို့နဲ့ မီးထွန်းဖို့ ဖုန်းသုံးရပါတယ်။ ဆက်သွယ်ရတာ ခက်ပါတယ်။ လိုင်းတွေက မကောင်းတော့ပါဘူး။ ဖုန်းကို အားအပြည့်သွင်းနိုင်ဖို့ခက်ခဲပါတယ်။ အလွန်ဆုံး ၅၀၊ ၆၀ ရာခိုင်နှုန်းလောက်ပဲ ဖုန်းအားသွင်းနိုင်ပါတယ်။ စစ်ပွဲမတိုင်ခင်တုန်းက အားလုံးအဆင်ပြေတုန်းကဆိုရင် ဖုန်းအားပြည့်အောင် အမြဲသွင်းနိုင်ခဲ့တာ၊ အခုဒါတွေက အိပ်မက်တွေလိုပါပဲ။”

သူက မွေးကင်းစကလေးတယောက်အပါအဝင် သူ့မိသားစုနဲ့အတူ ဂါဇာမြောက်ပိုင်း Al-Shati ဒုက္ခသည်စခန်းကနေ့ ဂါဇာတောင်ပိုင်း Rafah မြို့က တဲတွေမှာ လာရောက်နေထိုင်တာ ဖြစ်ပါတယ်။ Rafah မြို့ Emirati ဆေးရုံအပြင်ဘက်က ဖုန်းအားသွင်းတဲ့နေရာတခုကို အခမဲ့ သုံးခွင့်ပေးထားတာကြောင့် လူအလာများပါတယ်။ နေရောင်ခြည် ဆိုလာစွမ်းအင်လည်း ရရင် ရသလို စုဆောင်းထားပြီး လောင်စာဆီရတဲ့အချိန် မီးစက်မောင်းပေးတာကြောင့် ဆေးရုံရဲ့ လျှပ်စစ်လိုင်းကနေတဆင့် ပလပ်ပေါက်တွေကနေ ဖုန်းအားသွင်းနိုင်အောင်လုပ်ထားပေးပါတယ်။ တချို့အိမ်တွေ၊ ဆိုင်တွေမှာ ဆိုလာစွမ်းအင်သုံးပြီး အားသွင်းခွင့်ပေးပေမယ့် အခကြေးငွေယူတာကြောင့် တချို့တွေ မတတ်နိုင်ကြပါဘူး။

“ဆိုလာပြားသုံးပြီး အားသွင်းပေးတဲ့ နေရာတွေမှာ ပိုက်ဆံယူပါတယ်။ ကျနော့်မှာ ငွေကြေးအဆင်မပြေတဲ့အတွက် ဆေးရုံတို့ ဈေးဆိုင်တွေမှာ အခမဲ့ အားသွင်းပေးမယ့်နေရာတွေကို လိုက်ရှာရပါတယ်။”

ဆေးရုံတွေမှာလည်း လူပြည့်နေတဲ့အတွက် အသက်ရှူစက်လိုတဲ့လူနာတွေကို အိမ်မှာပဲ စက်တပ်ပေးနေရပြီး ဘက်ထရီအိုးသုံးနေရတာ ဖြစ်ပါတယ်။

“မနက် ၇ နာရီကတည်းက အားသွင်းဖို့ နေရာရှာနေတာ၊ ဒီဆေးရုံမှာကျတော့လည်း မီးအားနည်းပြီး ပြတ်ကျပါတယ်။ ဘယ်နေရာမှမတွေ့ဘဲ​ ဒီရောက်တော့လည်း သူများတွေ ဦးသွားလို့ သွင်းစရာနေရာမရှိတော့ပါဘူး။ အသက်ရှူစက်နဲ့ နေနေရတဲ့ ကလေးတွလည်း ရှိတာကြောင့် သူတို့အတွက် ဘက်ထရီအိုးအကြီး ဝယ်ထားပြီး ဘက်ထရီအိုးကို အားသွင်းဖို့ နေရာလိုက်ရှာနေတာပါ။ ဆေးရုံတွေမှာလည်း လူပြည့်နေပြီး အခြေအနေတွေက အင်မတန် ခက်ခဲနေပါတယ်။”

ဆက်သွယ်ရေးလိုင်းကြောင်းတွေ ပြတ်တောက်နေလို့ ဖုန်းဆက်သွယ်ခေါ်ဆိုလို့ မရတဲ့အချိန် ဖုန်းကို ဓာတ်မီးလို သုံးနေရပါတယ်။

Mohamad Al-Shamali ကတော့ ဂါဇာစီးတီးမြို့ကနေ ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။

“မိုးလင်းတာနဲ့ မနက် ၇ နာရီကတည်းက ဖုန်းအားသွင်းဖို့ Emirati ဆေးရုံကို လာပါတယ်။ တခါအားသွင်းပြီးရင်း တရက်၊ တရက်ခွဲလောက် ခံပြီး ဒီထက်တော့ မပိုပါဘူး။ ဖုန်းလိုင်းပြတ်ပြီး အင်တာနက်လည်းမရတော့ မီးထွန်းဖို့ပဲ ဖုန်းသုံးပါတယ်။ လမ်းသွားရင် မီးထွန်းနိုင်ဖို့နဲ့ တဲထဲမှာ မီးထွန်းနိုင်ဖို့အတွက်ပဲ သုံးရပါတယ်။”

လက်ကိုင်ဖုန်းတွေတင် အားသွင်းဖို့လိုတာမဟုတ်ပါဘူး။ ဆံပင်ညှပ်တဲ့ ဂျုတ်မှာလည်း အားသွင်းဖို့လိုတာကြောင့် အားမသွင်းနိုင်တဲ့နေ့ဆို ဆံသဆရာ အလုပ်မလုပ်နိုင်ဘဲ ဖြစ်နေပါတယ်။

Mohamad Abu Taha ကတော့ Rafah မြို့က ပါလက်စတိုင်း ဆံသဆရာပါ။

“ဆံပင်တခါညှပ်ပေးပြီးတိုင်း ဂျုတ်ကို အားသွင်းဖို့ ကျနော့်တူကို ခိုင်းရပါတယ်။ နေသာတဲ့နေ့ဆိုရင် ဆိုလာနဲ့ အားသွင်းနိုင်လို့ ဆံပင်ညှပ်ပေးနိုင်ပြီး တခြားနေ့တွေဆိုရင်တော့ မရဘူးလို့ ဖောက်သည်တွေကို ပွင့်ပွင့်လင်းလင်း ပြောရပါတယ်။”

အရပ်သားပြည်သူတွေအသက်ရှင်ရပ်တည်ရေးအတွက် လျှပ်စစ်လိုင်းနဲ့ အားသွင်းဖို့ လိုအပ်သလို ရှုပ်ထွေးတဲ့ ပဋိပက္ခကြား အချိန်တဲ့တပြေးညီ နောက်ဆုံးရ သတင်းမှန်တွေ ပေးပို့နိုင်ဖို့ လုပ်ဆောင်ရတဲ့ သတင်းထောက်တွေအတွက်လည်း အခက်အခဲတွေရှိနေတာပါ။

Mohamad Al-Zanoon က ဂါဇာစီးတီးမြို့က သတင်းထောက် ပါ။

“မီးပြတ်တာက အဓိက ပြဿနာပါ။ သတင်းထောက်တွေ နောက်ဆုံးသတင်းရနိုင်ဖို့ ဖုန်းအားသွင်းဖို့ လိုပါတယ်။ ဒါ့ကြောင့် သတင်းထောက်အလုပ်လုပ်နိုင်ဖို့ ဆေးရုံ၊ အများသုံးနေရာ၊ သူများအိမ် စသဖြင့် ဆိုလာပြားရှိတဲ့နေရာတွေမှာ ဖုန်း၊ ကွန်ပြူတာ၊ ကင်မရာတွေကို အားသွင်းရပါတယ်။”

ဟာမတ်စ်စစ်သွေးကြွတွေ အစ္စရေးတောင်ပိုင်းကို ၂၀၂၃ အောက်တိုဘာလတုန်းက ဝင်စီးပြီး လူ အယောက် ၁,၂၀၀ ကို သတ်ဖြတ်၊ ဓားစာခံ အယောက် ၂၄၀ ကို ဖမ်းခဲ့ပြီးနောက် အစ္စရေး ပါလက်စတိုင်း စစ်ပွဲ စတင်ဖြစ်ပွားခဲ့တာပါ။​ ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးဘက်ကလည်း ဂါဇာဒေသထဲ ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်နေတာမှာ ဒီတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း အယောက် ၂ သောင်း ၄ ထောင်ကျော် အသတ်ခံရပြီး ဖြစ်ကြောင်း ဂါဇာဒေသ ကျန်းမာရေးဌာန အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ပါလက်စတိုင်းအရပ်သားအများစုက အိုးအိမ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်နေရပြီး အစားအစာ၊ သောက်ရေ၊ လျှပ်စစ်မီးနဲ့ ဆေးဝါး အရေးတကြီး လိုအပ်နေကြောင်း ကုလသမဂ္ဂရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်ရှင်။

XS
SM
MD
LG