သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းမှုကန့်ကွက်တဲ့ တိုက်နယ်ဆေးရုံအုပ် အဖမ်းခံရ 


 ဒေါက်တာ ပြည့်ဖြိုးနိုင် အဖမ်းခံရစဉ် (ဓါတ်ပုံ - ဒေါက်တာ ဖြူလဲ့သူ)
ဒေါက်တာ ပြည့်ဖြိုးနိုင် အဖမ်းခံရစဉ် (ဓါတ်ပုံ - ဒေါက်တာ ဖြူလဲ့သူ)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ Civil Disobedience Movement လို့ခေါ်တဲ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရေး လှုပ်ရှားမှုတွေကို ဦးဆောင်လုပ်ကိုင်တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ အင်္ဂါပူမြို့နယ်အတွင်းက တိုက်နယ် ဆေးရုံအုပ်တဦးဖြစ်သူ ဒေါက်တာ ပြည့်ဖြိုးအောင်ကို အာဏာပိုင်တွေက မနေ့ညက ဖမ်းဆီးသွားခဲ့ကြောင်း ဇနီးဖြစ်သူ ဒေါက်တာ ဖြူလဲ့သူက ပြောပါတယ်။ ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဒေါက်တာ ပြည့်ဖြိုးနိုင်
ဒေါက်တာ ပြည့်ဖြိုးနိုင်

မဖြူလဲ့သူ။ ။ ကျမနာမည်က ဒေါက်တာ ဖြူလဲ့သူပါရှင်။ ပထမတော့ သူက CDM လုပ်တဲ့ဟာတွေမှာ သူငယ်ချင်း ပေါင်းအဖော်တွေကိုလည်း CDM လုပ်ဖို့တော့ ပြောတာပေါ့။ အဲဒါကို နယ်မှာလည်း သူပြေလို့ဆိုပြီး တမြို့နယ်လုံးက CDM တွေလုပ်ကြတယ်။ လုပ်ပြီးတော့ ဒီနေ့ကျတော့ မြို့နယ်က ဆန္ဒပြကြမယ်ဆိုပြီးတော့ ဆရာမတွေရော၊ တမြို့နယ်လုံးပေါ့နော်။ တမြို့နယ်လုံး ကျန်းမာရေးဝန်ထမ်းတွေဆိုလို့ရှိရင် အယောက် ၁၀၀ လောက်ရှိတယ်။ အဲဒါ သူတို့ဆန္ဒပြကြတော့၊ ဆရာကကျတော့ ဦးဆောင်နိုင်မှာတော့ မဟုတ်ဘူးပေါ့။ ငါ့ကလေးတွေကို ထိန်းရမယ်ဆိုပြီးတော့ ဝန်ထမ်းဝတ်စုံတောင် မဝတ်ဘဲနဲ့သူက လိုက်ထိန်းတယ်ပေါ့။ သူတယောက်ထဲမဟုတ်ဘူူး။ ကျန်တဲ့ ဆရာဝန် ၃ ယောက်လည်းပါတယ်။ အဲဒါ လိုက်ထိန်းတယ်။ လိုက်ထိန်းတဲ့ဟာကို ညနေ ၄ နာရီလောက်မှာ ကျမတို့က ဆေးခန်းနဲ့အိမ်နဲ့တွဲထားတယ်ဆိုတော့ ဆေးခန်းမှာ လူနာကြည့်နေတယ်။ လူနာက ခေါင်းကွဲတယ်ဆိုတော့ အဲဒီခေါင်းကွဲတဲ့ လူနာကို ချုပ်နေတဲ့အချိန်မှာ စခန်းမှုးက အရပ်ဝတ်နဲ့ရောက်လာတယ်။ အရပ်ဝတ်နဲ့ရောက်လာပြီးတော့ ဆရာ့ကို အထက်လူကြီးတွေက စကားပြောချင်လို့တဲ့။ ဆရာက စကားပြောချင်လို့ရှိရင် ကျနော့ဆီကိုလာပြော။ ဘာဖြစ်လို့လဲ။ မလိုက်ဘူးဆိုပြီးပြောတယ်။ မလိုက်လို့မရဘူး။ ပြောစရာရှိတယ်ဆိုပြီးတာ့ အဲဒါမလိုက်ဘူးဆိုပေမယ့် အတင်းဆွဲခေါ်သွားတယ်။ ကျမမှာ Video file တွေရှိတယ်။ ကျမမှာ CCTV အိမ်မှာ တပ်ထားတယ်လေ။ အဲဒါ အတင်း ဆွဲခေါ်သွားတယ်။

လက်နက်ကိုင်တွေလည်းပါတယ်ရှင့်။ လက်နက်ကိုင် ရဲ တွေက လေးငါးယောက်ပါတယ်။ ခေါ်သွားပြီးတော့ အမှန်တကယ်ဆို ကျမတို မယ်ဇလီကုန်း ရဲစခန်းမှာဘဲ ထားရမှာပေါ့နော်။ သူတို့ ဘာပုဒ်မနဲ့ဖမ်းတယ်ဆိုတာလည်း မပြောဘူး။ ဟို ရပ်ကွက်လူကြီးတွေလည်း မပါပဲနဲ့။ ရဲတွေက လာတဲ့ခါကျတော့လည်း ရဲကားနဲ့လာတာမဟုတ်ပဲနဲ့ ပုဂ္ဂလိကကားတစီးကို ငှားပြီးတော့ လာတယ်။ လူတွေကလည်း အရပ်ဝတ်နဲ့လာပြီးတော့ အဲဒီ ဟို…. ရဲ ၅ ယောက်ကတော့။ သေနက်ကိုင်တဲ့ ရဲ ၅ ယောက်ကတော့ ရဲ အဝတ်အစားနဲ့ပေါ့။ စခန်းမှူးက အရပ်ဝတ်နဲ့လာတယ်။ ကျမတို့ကျတော့ တိုက်နယ်မှာ နေတာလေ။ ရွာလိုမျိူးပေါ့ အဲဒါ မြို့နယ်ရဲစခန်းကိုများသွားသလားလို့ကျမတို့က လိုက်သွားတယ်။ လိုက်သွားတော့လဲ မြို့နယ်ရဲ့စခန်းမှာ တွေ့တဲ့လူတွေကတော့ ဆရာ့ ကို ကားချိန်းလိုက်တယ်။ ခုနက ပုဂ္ဂလိက ကားကနေပြီးတော့ ရဲကားသေးသေးကို ချိန်းလိုက်တယ်။ ချိန်းပြီးသွားတော့ ကွင်းကောက် စစ်တပ်ဘက်ကို ထွက်သွားတယ်။ အဲဒါ ကျမတို့လည်း စစ်တပ်ဘက်ဆိုတော့ လိုက်သွားလို့လည်း မရဘူး။ စစ်တပ်ထဲမှာလို့တော့ ထင်နေတယ်ပေါ့နော်။ အခုတော့ ဘယ်နားရောက်နေတယ်လို့တော့ မသိဘူး။ သေချာသတင်းလည်း မရသေးဘူး။

ကိုဇော်ဝင်းလှိုင်။ ။ ဟုတ်ကဲ့၊ ဒါအခုဖြစ်တာက အင်္ဂပူမှာ နော်။

မဖြူလဲ့သူ။ ။ အင်္ဂပူမြို့နယ် မယ်ဇလီကုန်းတိုက်နယ်ပါရှင့်။

ကိုဇော်ဝင်းလှိုင်။ ။ သူ့ကို ဘာကြောင့်ဖမ်းတယ်လို့ယူဆသလဲ။ ဆရာက တိုက်နယ်ဆေးရုံမှာ တာဝန်ရှိတဲ့ ဝန်ထမ်းတယောက်အနေနဲ့အခုဖြစ်နေတဲ့ CDM မှာ ပါဝင်လို့လား။ ဒါမှမဟုတ်ရင် ဘာကြောင့်ဖမ်းတယ်လို့များ စိတ်ထဲမှာ သံသယရှိသလဲ ဆရာမအနေနဲ့။

မဖြူလဲ့သူ။ ။ ဟုတ်ကဲ့ ။ သူက CDM မှာ ပါဝင်တယ်။ ပါဝင်ပြီးတဲ့ခါကျတော့ သူက မြို့နဲ့လည်း သူက အရမ်း အပေါင်းအသင်းလဲ ဆန့်ပြီးတဲ့အခါကျတော့ သူ့စကားကိုဆိုရင် ဝန်ထမ်းတွေကနားထောင်တယ်။ ပြီးရင် သူ့လို ကျမတို့မြို့နယ်မှာ တိုက်နယ်က ၄ ခုရှိတယ်ရှင့်။ ကျန်တဲ့တိုက်နယ်ဆရာဝန်အကုန်လုံးဟာ သူ့လို CDM တို့၊ နိုင်ငံရေးတို့မှာ တက်ကြွစွာမပါဝင်ဘူး။ မပါဝင်တော့ သူက အဲဒီသူငယ်ချင်းတွေကို အကုန်ဖုန်းဆက်ပြီးတော့ စည်းရုံးတယ်။ စည်းရုံးလို့မရတဲ့လူငယ်တွေဆိုလို့ရှိရင် လူငယ်တွေ သူ့ရဲ့လက်အောက်က လူငယ်တွေကို စည်းရုံးတယ်။ အဲလိုစည်းရုံးလိုက်တော့ တမြို့နယ်လုံးက ပါသွားတယ်ရှင့်။ အဲတော့ သူက ဆရာ့ကို ခေါင်ချုပ်လို့ထားပြီးတော့ ဦးနှိမ်ချင်လို့ဖမ်းတယ်လို့ကျမတော့ ထင်တယ်ရှင့်။ ပြီးတော့ ပုဒ်မကတော့ တပ်ချင်တာတပ်မှာပေါ့နော်။

ကိုဇော်ဝင်းလှိုင်။ ။ ဟုတ်ကဲ့။ အဲဒီတော့ ဆရာမကိုရော သူတို့က ဘာပြောသွားသေးသလဲ။ ဆိုလိုချင်တာကတော့ သူ့ကိုမေးမြန်းဖို့ခေါ်တယ်ဆိုတာကတော့ လူတိုင်းကိုပြောနေတဲ့စကားပေါ့။ ဒါပေမယ့် ဘယ်လောက်ကြာမယ်တို့၊ အဝတ်အစားတွေ ထည့်သွားတို့၊ တချို့ဆို အဝတ်အစားထည့်ခိုင်းတာတို့ရှိတယ်လေ။ အဲလိုဆို သူတို့ဘက်က ဘာများပြောတာရှိသေးလဲ ။ ဖမ်းတဲ့ အချိန်မှာလေ။

မဖြူလဲ့သူ။ ။ ပြီးရင်ပြန်ပို့ပေးမယ်လို့ပြောပြီးတော့ အင်္ကျ ီအဝတ်အစားလဲ မထည့်ခိုင်းဘူးရှင့်။ ပြန်ပို့ပေးမယ်လို့အဲဒီ ရဲ သေးသေးလေးကတော့ ပြောတယ်။ ဆရာမ စိတ်မပူနဲ့ပြန်ပို့ပေးမယ်။ ဒီအတိုင်းပြန်ပို့ပေးမယ် လို့ပြောတယ်။ အဲဒါ ပြီးတော့ ဒီရာသီက ကျမတို့ဘက်မှာအေးနေတယ် ။ ပြီးတော့ စစ်တပ်ထဲမှာရှိနေတယ်ဆိုပြီးသတင်းနည်းနည်းကြားတော့ စစ်တပ်ထဲကလူတွေကို မေးကြည့်လိုက်တော့ သူတို့က အဲဒါဆို စစ်တပ်ကိုလာမပို့နဲ့။ ရဲစခန်းကိုသွားပို့ဆိုတော့ ။ ကျမက အင်္ကျ ီအဝတ်အစားတွေကို ရဲစခန်းကို ပို့ပေးလိုက်တယ်ရှင့်။

ကိုဇော်ဝင်းလှိုင်။ ။ အမတို့အင်္ဂပူနယ်မှာဆိုလို့ရှိရင် တခြားအဖမ်းခံရတဲ့လူတွေကိုရော ကြားမိသေးလား။ ဒါမှမဟုတ်ရင် ဆရာက ပထမဦးဆုံးအဖမ်းခံရတာလား။ သူ့အရင် အဖမ်းခံရတဲ့လူတွေရော ရှိသေးလား။

မဖြူလဲ့သူ။ ။ မရှိပါဘူး။ ဆရာက ပထမဦးဆုံးအဖမ်းခံရတာပါ။

ကိုဇော်ဝင်းလှိုင်။ ။ သြော် ဟုတ်ကဲ့ ဟုတ်ကဲ့။ အခုဒါဆိုလို့ရှိရင် တနိုင်ငံလုံးအနှံ့အပြားမှာ ကြားနေရတာတော့၊ ဆရာမလည်းကြားမှာပေါ့၊ ဆိုရှယ်မီဒီယာတွေပေါ်မှာပေါ့၊ အခုပြီးခဲ့တဲ့ ၂ ရက် ၃ ရက်အတွင်းမှာ သူတို့ညဘက် တွေမှာ လိုက်လိုက်ပြီးတော့ လူတွေကို ဖမ်းတယ်လေ။ အစပိုင်းကဆိုလို့ရှိရင် NLD က တာဝန်ရှိတဲ့သူတွေ၊ ဝန်ကြီးချုပ်တွေအပါအဝင်ပေါ့၊ လွှတ်တော်အမတ်တွေ၊ ပြည်နုယ်ဝန်ကြီးတွေ အဲလိုလူမျိုးတွေဖမ်းတယ်။ နောက် မနေ့ကဆိုလို့ရှိရင် ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ရှိတဲ့သူတွေကို ဖမ်းတယ်။ ဒီနေ့ဆိုရင် ကျနော်တို့ကြားရတာက အသစ်အနေနဲ့ ထပ်ပြီးတိုးလာတာက ဒီ CDM မှာ ပါတဲ့လူတွေပေါ့။ ဒီ အကြမ်းမဖက် လူထုလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်တဲ့သူတွေ၊ အဲဒီလှုပ်ရှားမှုတွေကို ဦးဆောင်တဲ့သူတွေကို ဖမ်းတယ်ဆိုတဲ့သတင်းတွေက ဖြစ်လာတယ်။ တဖြည်းဖြည်း ဖမ်းတဲ့ နယ်က ကျယ်လာတယ်ပေါ့ ။ ဆိုတော့ အဲလို ဖမ်းတဲ့ အပေါ်မှာရော ဆရာမအနေနဲ့ ကိုယ့်အမျိူးသား အပါအဝင်ပေါ့နော်၊ တခြားလူတွေအဖမ်းခံနေရတဲ့ ကိစ္စတွေ၊ အဲဒီဟာတွေအပေါ်မှာ ဘာများပြောချင်လဲ ခင်ဗျ။

မဖြူလဲ့သူ။ ။ ဒါက သူတို့နိုင်ထက်စီးနင်းလုပ်ပြီးတော့ လူတွေအားလုံးကို ဖမ်းနေတာ မတရားဘူးလို့ခံစားရတယ်ရှင့်။ ဒီလောက် ပြည်သူတွေကိုလည်း အကျိူးပြုပေးပြီးတော့ ကောင်းကောင်းမွန်မွန်ပဲ လုပ်ပေးနေတာတောင်မှပဲ မကြည့်ပဲနဲ့။ ဘာပြစ်မှုမှလည်း လုပ်ထားတာမဟုတ်ပဲနဲ့ဖမ်းတယ်ရှင့်။ နိုင်ငံကောင်းကျိူးအတွက်ပဲ မဟုတ်လား၊ ဒီ CDM လုပ်ပေးနေတာ။ အဲဒါ သူတို့ကို အရမ်းပဲ ရွံလည်းရွံတယ်။ မုန်းလည်း မုန်းတယ်ရှင့်။

ကိုဇော်ဝင်းလှိုင်က ဖမ်းဆီးခံထားရတဲ့ ဒေါက်တာ ပြည့်ဖြိုးအောင် ဇနီးဖြစ်သူ ဒေါက်တာ ဖြူလဲ့သူကို ဆက်သွယ်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်


...............


(Unicode)















XS
SM
MD
LG