နိုင်ဂျာနိုင်ငံအသွင်ကူးပြောင်းရေး ၆ လတာ အစီအစဉ်တရပ်ကို အိမ်နီးချင်း Algeria နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့မှာ အဆိုပြုလိုက်ပြီး နိုင်ဂျာ အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ဒီမိုကရေစီ ပြန်လည်ကျင့်သုံးရေးအတွက် ဒီထက် အချိန်ပိုရဖို့ လိုလားနေတာပါ။ အနောက်အာဖရိကအဖွဲ့ ECOWAS အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ နိုင်ဂျာနိုင်ငံရဲ့ အိမ်နီးချင်း ၃ နိုင်ငံကို ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း သွားရောက်ခဲ့ပြီးနောက် အယ်လ်ဂျီးရီးယားနိုင်ငံခြားရေး ဝန်ကြီး Ahmed Attaf က သူ့ရဲ့ မူဘောင်ကို အဆိုပြုပေးအပ်တာ ဖြစ်ပါတယ်။
နိုင်ဂျာမှာ အာဏာသိမ်းစစ်အစိုးရက ဒီမိုကရေစီ ပြန်လည်ကျင့်သုံးဖို့ ပျက်ကွက်မယ်ဆိုရင်တော့ စစ်တပ်စေလွှတ်မယ်လို့ ECOWAS က ခြိမ်းခြောက်ထားတာပါ။ နိုင်ဂျာကို စစ်ရေးအရ ကြားဝင်ဆောင်ရွက်မှုကို အယ်လ်ဂျီးရီးယားက လက်မခံကြောင်းနဲ့ သူ့ရဲ့ ဝေဟင်ပိုင်နက်ကို အသုံးပြုခွင့်ပေးမှာမဟုတ်ကြောင်းလည်း အယ်လ်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီး Attaf က ထပ်လောင်း ပြောပါတယ်။
အိမ်နီးချင်းနိုင်ဂျာနိုင်ငံမှာ အခြေခံဥပဒေနဲ့အညီ ဒီမိုကရေစီ ပြန်လည်ကျင့်သုံးရေးအတွက် ၆ လတာ အသွင်ကူးပြောင်းရေးတရပ်ကို သူက အဆိုပြုထားတာဖြစ်ပါတယ်။ နိုင်ဂျာရဲ့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး Abdourahamane Tiani က အသွင်ကူးပြောင်းရေးကာလကို အများဆုံးသုံးနှစ်ထိ တောင်းဆိုထားတာကိုလည်း အယ်လ်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီး Attaf က ရုပ်သံက ထုတ်လွှင့်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
၆ လတာကာလအတွင်း နိုင်ဂျာမှာ ဘယ်ပါတီကိုမှ ချန်လှပ်မထားဘဲ နိုင်ငံရေး ပါတီအားလုံးကို လက်ခံတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို ဖော်ထုတ်ရေး အသွင်ကူးပြောင်းရေးအစီအစဉ်က ရည်ရွယ်တာဖြစ်ကြောင်း အယ်လ်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။