သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းကျေးရွာတွေ မီးရှို့ခံရမှုနဲ့ ပတ်သက်လို့ တပ်မတော်နဲ့ AA အပြန်အလှန်စွပ်စွဲ


(Zawgyi/Unicode)

စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်း ကျေးရွာတစ်ချို့ တိုက်ပွဲအတွင်း မီးရှို့ခံနေရတဲ့အပေါ် အစိုးရတပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ အပြန်အလှန်စွပ်စွဲပြစ်တင်နေတဲ့အကြောင်း ကိုသက်နိုင် ပြောပြပေးမှာပါ။

ပြီးခဲ့တဲ့ ၂၀၁၈ အကုန်ပိုင်းလောက်ကတည်းက အခုအချိန်ထိ စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲအတွင်း ကျေးရွာတစ်ချို့လည်း မီးရှို့ဖျက်စီးတာတွေကို ခံနေကြရပါတယ်။ ပြီးခဲ့ မေလ ၁၆ရက်နေ့ စနေနေ့ ကလည်း မြောက်ဦးမြို့နယ် လက်ကာကျေးရွာကနေအိမ် တစ်ရာကျော်လောက် မီးရှိုှု့ ဖျက်စီးခံခဲ့ရတယ်လို့ မျက်မြင်ဒေသခံတွေက ပြောဆိုကြပါတယ်။

အဲဒီနေ့က လက်က္ကာကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားပြီး AAအဖွဲ့က တပ်မတော်ကို ပြည်သူလူထုကြားမှာ အထင်လွဲမှားအောင် လက်ကာကျေးရွာကို တမင်မီးရှို့ခဲ့တာဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။

" အဲဒီအနားမှာ တိုက်ပွဲဖြစ်တယ်။ တပ်ကို အထင်အမြင်လွဲအောင်လို့ ရွာကို မီးရှို့သွားတယ်။ တမင်လုပ်တာပေါ့ တပ်ကို အထင်လွဲအောင်။ သူတို့က တပ်ကို နိုင်ငံတကာနဲ့ ပြည်သူလူထုကြားမှာ အထင်မှားအောင်လို့ လုပ်တာ။"

တပ်မတော်ရဲ့ ပြောဆိုချက်နဲ့ ပတ်သတ်ပြီး ရခိုင်လက်နက်ကိုင် AAအဖွဲ့ပြောခွင့်ရ ခိုင်သုခက အခုလိုပြော ပါတယ်။

" မြန်မာစစ်တပ်ဘက်ကတော့ သူတို့ဆက်တိုက် ကျူးလွန်လာတဲ့ စစ်ရာဇဝတ်မှုတွေကို ဘယ်တုန်းကမှ ဝင်ခံ တယ်ဆို တာမရှိဘူး။ အဲဒီစနေနေ့တုန်းက မီးရှို့တဲ့ ဖြစ်စဉ်တုန်းကလည်း ရွာသားတွေလည်း အကုန်ပြောပြီးပြီ မြန်မာစစ် တပ်ရဲ့ တပ်မ ၄၄ လက်အောက်ခံ ၊ ခမရ ၈ ကနေလုပ်တယ်ဆိုတာ မျက်မြင်ကိုယ်တွေ့ တွေ့တဲ့ ရွာသား တွေက လည်း ပြောပြီးပြီ။ နောက်ပြီးတော့ မြန်မာစစ်တပ်ဟာ ရခိုင်ဒေသမှာ အင်တာနက်တွေကို ဖြတ် သတင်းအမှောင် ချပြီးတော့ ဒေသခံတွေကို နေ့စဉ်နဲ့ အမျှ စစ်ရာဇဝတ်မှုတွေ ကို ကျူးလွန်နေတာဖြစ်တယ်။"

တပ်မတော်နဲ့ AAအဖွဲ့ကတော့ ရခိုင်ကျေးရွာတွေ မီးရှို့ခံရတာနဲ့ ပတ်သတ်ပြီး တစ်ဘက်နဲ့ တစ်ဘက်အပြန် အလှန်စွပ်စွဲပြောဆိုနေတာပါ။

လက်က္ကာကျေးရွာဟာ ပြီးခဲ့၂၀၁၉ အစပိုင်းကတည်းက တိုက်ပွဲတွေကြောင့် ဒေသခံရွာသားတွေ ထွက်ပြေး နေကြပြီး စနေ့နေ့က မီးရှို့မခံရမီ ကျေးရွာအတွင်းသို့ တပ်မတော်သား ၅၀ နီးပါးဝင်သွားပြီး သိပ်မကြာခင် မီးခိုးတွေ ထွက်လာတာကို အနီးအနားကျေးရွာတွေက မြင်ရတယ်လို့ လက်ကာဒေသခံတစ်ဦးကပြောပါတယ်။

" ရွာမှာ မီးရှို့တယ်ဆိုတာကတော့ ဘယ်သူရှို့တယ်ဆိုတာ ဘယ်သူမှ မသိကြဘူးလေ။ဒါပေမယ့် တိမ်ညိုရွာက နေပြီးတော့ နေ့လည်ပိုင်းတစ်နာရီ ၅၀ လောက်မှာ တိမ်ညိုဖက်က တက်လာတဲ့ မြန်မာ့ တပ်မတော်စစ်ကြောင်း တစ်ကြောင်းက လူအင်အား ၅၀ လောက် ကျနော်တို့ ရွာထဲကို လမ်းလျောက်ပြီးဝင်သွား တာတွေ့တယ်တဲ့။ အနီးအနားရွာတွေက ပြောတာ။ သူတို့ရွာကို ဝင်သွားပြီး ၁၀မိနစ်လောက်အကြာမှာ မီးခိုးတွေ ထွက်လာတယ်။ သေနတ်သံတွေ ကြားတယ်လို့ ပြောကြပါတယ်။"

ရခိုင်မြောက်ပိုင်းမှာ အခုအချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေသေးသလို ကျောက်တော်မြို့နယ် တင်းမကျေးရွာ ရသေ့တောင်မြို့နယ် ငတောက်တူကျေးရွာ ကျောက်တန်းကျေးရွာ နဲ့ မြောက်ဦးမြို့နယ်က လက်က္ကာကျေးရွာ တွေကတော့ မီးရှို့ဖျက်စီးတာကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

အစိုးရဘက်ကတော့ တိုက်ပွဲတွေအတွင်း မီးရှို့ခံခဲ့ရတဲ့ ကျေးရွာတွေက မိသားစုတွေကို ကူညီပေး နေတာရှိတယ် လို့ ရခိုင်ပြည်နယ် ဘေးအန္တာရယ်စီမံခန့်ခွဲမှုဦးစီးဌာနက ဦးစီးအရာရှိ ဦးရဲမင်းဦးက ပြောပါတယ်။

" ကျနော်တို့ကတော့ သဘာဝကြောင့်ဖြစ်တဲ့ဘေးအန္တာရယ်နောက်ပြီးတော့ လူကြောင့် အခုလိုစစ်ပွဲတွေ ပဠိပက္ခတွေကြောင့် ဖြစ်တဲ့ ဘေးအန္တရာယ်တွေကြောင့် ဒုက္ခရောက်တယ် ၊ ကျနော်တို့ ထောက်ပံ့ရတယ်။ အခုဆိုရင် လက်နက်ကြီးကျလို့ မီးလောင်သွားတဲ့ ရွာတွေရှိတယ်။ ပြီးခဲ့တဲ့ သိန်း တစ်သောင်းနီးပါး ထောက်ပံ့ထားတဲ့ တင်းမကျေးရွာတို့ ရှိတယ်။ မီးလောင်သွားတဲ့ အိမ်တွေအတွက် သတ်မှတ်ထားတဲ့ နှုန်းထားရှိတယ်။ တစ်ဝက်တစ်ပျက်လောင် သွားတာတို့ ၊ တစ်အိမ်လုံးလောင်သွားတာတို့ ၊ ဝါးအိမ် ဆိုရင်ဘယ်လောက် အုတ်နဲ့ဆောက်ထားတာတို့ဘယ်ဆိုပြီး အိမ်အမျိုးအစားပေါ်မှုတည်ပြီးတော့ ပေးတာပေါ့။"

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပျက်နေတာကို ပြောဆိုရမှာ ခက်ပေမယ့် တိုက်ပွဲအတွင်း အရပ်သားတွေ လူ့အခွင့် ရေးချိုး ဖောက်ခံနေရတာတွေ နေအိမ်တွေ မီးရှို့ခံနေရတာနဲ့ ပတ်သတ်ပြီး အစိုးရနဲ့ လွတ်တော်က ဖြေရှင်းပေး သင့်သလို မျက်နှာမလွဲသင့်ဘူးလို့ တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူစာရေးဆရာ ဦးမောင်မောင်စိုး ကပြောပါတယ်။

" အဲဒီအခြေအနေကတော့ ကျနော်တို့ ပြောရခက်ပါတယ်။ ဒါပေမယ့် အစိုးရနဲ့ လွတ်တော်ကတော့ ဒီအခြေအနေကို မျက်မှောက်လွဲထားတာကတော့ ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ ရခိုင်ပြည်မှာ ဖြစ်နေတဲ့ ကိစ္စကို အစိုးရနဲ့ လွှတ်တော်က ဒီထက်ပိုပြီး လက်လွတ်ထားရင် အစိုးရနဲ့ လွတ်တော်ရဲ့ တာဝန်ယူမှုအခန်း ပျောက်သွားတယ် လို့ ပြောရပါမယ်။ နောက်တစ်ခုက ဒီကိစ္စတွေကို နိုင်ငံတကာက ပြောလာမှ နိုင်ငံတကာက ဖိအားပေးလာမှ ပြစ်တင်ဝေဖန်လာမှာ ထလုပ်မယ်ဆိုရင် အရမ်းနောက်ကျသွားလိမ့်မယ်လို့ ပြောချင်ပါတယ်။"

လက်ရှိ COVID-19ကာလမှာ ရခိုင်တိုက်ပွဲတွေ ရပ်ဖို့နိုင်ငံတကာတွေ အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်း နေကြပေမယ့် ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေသလို ဒေသခံတွေ အိုးအိမ် စွန့်ခွာထွက်ပြေး နေရချိန် ကျေးရွာတွေလည်း မီးရှို့ဖျက်စီးခြင်းကို ခံနေကြရတာပါ။

တိုက်ရိုက် လင့်ခ်


................


(Unicode)
















ဆက်စပ်သတင်းများ ...

XS
SM
MD
LG