(Zawgyi/Unicode)
ရပ်နားထားရတာ တနှစ်ကျော်နေပြီဖြစ်တဲ့ ငြိမ်းချမ်းရေးညီလာခံ ပြန်လည်စတင်ဖို့ ပြင်ဆင်နေချိန်မှာပဲ တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းအကြား ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပါတယ်။ ဒီတိုက်ပွဲဟာ ၂၇ရက်နေ့ မနက် ၈နာရီကနေစတင်ခဲ့ပြီး ဒီကနေ့မှာလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်နေဆဲဖြစ်တယ်လို့ RCSS ဘက်က သတင်းထုတ်ပြန်ပါတယ်။ တပ်မတော်ဘက်ကတော့ မူးယစ်သတင်းရလို့ သွားရောက်တာကို RCSS ဘက်က စတင်တိုက်ခိုက်ကြောင်း ပြောဆိုထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
တပ်မတော်နဲ့ RCSS/SSA တောင်ပိုင်းတပ်ဖွဲ့တွေဟာ မိုင်းကိုင်မြို့နဲ့ မိုင်၂၀လောက်အကွာ ဟမ်းငိုင်းကျေးရွာအုပ်စုအတွင်းက လွယ်တောင်းတောင်ကြောမှာထိတွေ့တိုက်ပွဲဖြစ်ပွားနေတာပါ။
RCSS က ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှုးကြီး အုမ်ခေးက သူတို့ တပ်ဖွဲ့တွေ စစ်ကြောင်းသွားရင်းနားနေချိန်မှာ တပ်မတော်က လာရောက်တိုက်ခိုက်တာလို့ ပြောပါတယ်။
“ တောထဲမှာ ဆိုတော့ ကျနော်တို့လူတွေ သွားလာရင်းနဲ့ ခဏ နားလိုက်တဲ့ကုန်းပေါ့လေ။ အဲတော့ တပ်မတော်ဘက်က ဘယ်လို သတင်းရလဲတော့ မသိဘူး။ အဘက်ဘက် ဝိုင်းဝင်ပြီးတော့ ဝင်တိုက်လိုက်တာပေါ့။ မနေ့က တနေကုန်နီးပါးလောက်ပဲ။ မနက် ၈နာရီကနေပြီးတေ့ာညနေ ၅နာရီလောက်။ ဒီကနေ့ မနက်ပိုင်း လက်နက်ကြီးပစ်တာ အဲဒါလောက်ပဲ ကြားသေးတယ်နော်။ တပ်မတော်ဘက်က ပစ်တာပေါ့နော်။ ”
၂၀၁၅ခုနှစ်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့တဲ့ RCSS/SSA တောင်ပိုင်းတပ်ဖွဲ့ဟာ ရှမ်းပြည်နယ်တောင်ပိုင်း ထိုင်းမြန်မာနယ်စပ်မှာ အခြေစိုက်ပေမဲ့ တပ်ဖွဲ့ဝင်တွေကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ နမ့်ခမ်းဒေသဘက်တွေအထိ လှုပ်ရှားနေတဲ့အဖွဲ့ဖြစ်ပါတယ်။
NCA လက်မှတ်ရေးထိုးပြီးနောက်မှာလည်း တပ်မတော်နဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး အဓိက နယ်မြေကျော်လွန်လှုပ်ရှားတာတွေကြောင့်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်တာတွေ ရှိခဲ့ပါတယ်။
လတ်တလောဖြစ်ပွားတဲ့တိုက်ပွဲအပေါ်မှာတော့ ဒုဗိုလ်မှုးကြီး အုမ်ခေးက အခုလို ပြောပါတယ်။
“ နယ်မြေကျူးလွန်တာတော့ မဟုတ်ဘူးနော်။ နယ်မြေရယ်လို့ သတ်သတ်မှတ်မှတ်၊ တိတိကျကျ နှစ်ဘက် ဆွေးနွေးပြီးတော့ သဘောတူညီချက်တွေ ရထားတာမရှိသေးဘူးနော်။”
မိုင်းကိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်လို အရှေ့အလယ်ပိုင်းတိုင်း(ရလခ)စစ်ဌာနချုပ်ကို ဆက်သွယ်အကြောင်းကြားထားသလို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ကနေ တဆင့် ဖြေရှင်းသွားမယ်လို့လည်း ဆက်ပြောပါတယ်။
“ ကျနော်တို့ ဆက်ဆံရေးရုံးကနေပြီးတော့ ရလခတိုင်းရုံးနဲ့ ဆက်သွယ်ပြီးတော့ အကြောင်းကြားကြတာ၊ ဆွေးနွေးပြောကြားကြတာတော့ ရှိတယ်လို့ ကြားတယ်။ ဒါတော့ လုံး၀ မဖြစ်သင့်တဲ့ဟာဆိုတော့ ငြိမ်းချမ်းရေးထိခိုက်မှုတော့ အနည်းနဲ့ အများရှိလိမ့်မယ်ထင်တာပဲ။ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ စစ်တပ်နဲ့ ပတ်သက်တဲ့ ကိစ္စဆိုတော့ JMC ကနေပြီးတော့ ပြန်လည်ပြီးတော့ ဆွေးနွေးကြဖို့တော့ အဲလိုတော့ ရှိတာပေါ့နော်။”
ဒီကနေ့ RCSS ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ အစိုးရတပ်မတော်က တပ်ရင်း၄ရင်း လူအင်အား ၄၀၀ကျော်နဲ့ တိုက်ခိုက်ခဲ့ကြောင်း၊ ဒီတိုက်ခိုက်မှုကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ တပ်မတော်ရဲ့ ရပ်တည်ချက်ကို သံသယပွားစေကြောင်း နဲ့ လာမယ့်လမှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးရေးပူးတွဲကော်မတီ UPDJC နဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC တက်ရောက်ရေးကို ပြန်လည်သုံးသပ်သွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
မိုင်းကိုင်မြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ကတော့ တိုက်ပွဲဖြစ်ပွားရာနေရာက ကျေးရွာတွေနဲ့ အလှမ်းဝေးပြီး လောလောဆည် စစ်ရှောင်တွေရဲ့သတင်းကို မကြားသိရသေးကြောင်း ပြောပါတယ်။
“ နောက်ဆုံးအခြေအနေက မနေ့ကတော့ တိုက်ပွဲတော့ မနက်ကနေ ညနေထိတော့ သေနတ်သံကြားနေရတယ်။ အခုကျတော့ မနက်ပိုင်း စောစော ၆နာရီကျော်တည်းက နေ့လည်ပိုင်းအထိတော့ အသံက ကြားနေရတယ်။ လက်နက်ကြီးတွေနဲ့ပစ်တယ်။ ရဟတ်ယာဉ်လည်း ဝဲတယ်။ အခုထက်ထိတော့ အဖြေတော့ ဘာဖြစ်မှန်း မသိသေးဘူး။ သူတို့ဖြစ်နေတာက တောင်ပေါ်မှာလေ။ ရွာတွေက တောင်ခြေမှာပဲ ရှိတာလေ။ ရွာသားတွေ ထွက်ပြေးတာတို့ ဘာတို့တော့ အခုထက်ထိ အတည်ပြုလို့ ရတဲ့သတင်းတော့ မရသေးဘူး။”
၂၀၁၈ခုနှစ် ဇူလိုင်လအတွင်းကလည်း မိုင်းကိုင်မြို့နယ် အတွင်းမှာ တိုက်ပွဲဖြစ်ပွားတာကြောင့် ဟမ်းငိုင်းကျေးရွာဘုန်းတော်ကြီးကျောင်းတွေမှာ လူ တစ်ထောင်လောက် လာရောက်ခိုလှုံခဲ့ရဖူးပါတယ်။
မိုင်းကိုင်မြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားတဲ့သတင်းနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှုး ဗိုလ်မှုးချုပ် ဇော်မင်းထွန်းကတော့ အခုလို ပြောပါတယ်။
“ ဖေဖော်ဝါရီလ ၂၂ရက်နေ့ မနက် ၉နာရီမှာ အခု တိုက်ပွဲဖြစ်ပွားနေတဲ့ မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာရဲ့ အရှေ့တောင်ဘက်လောက်မှာ မူးယစ်ဆေးဝါးသတင်းရရှိတာ ရှိပါတယ်။ တပ်အနေနဲ့ လုံခြုံရေးဝင်ရောက် ဆောင်ရွက်မယ်ဆိုပြီး တရားဝင် အကြောင်းကြားထားတယ်။ အဲဒီနယ်မြေအတွင်းမှာ RCSS/SSA အဖွဲ့တွေ နယ်မြေကျော်လွန်ဝင်ရောက်နေတာရှိရင် ဖယ်ပေးဖို့ဆိုပြီး ကျနော်တို့ အကြောင်းကြားခဲ့တာရှိတယ်။ ဖေဖော်ဝါရီလ ၂၇ရက်နေ့ကျမှ ကျနော်တို့ တပ်တွေ စပြီးတော့ လုံခြုံရေးဆောင်ရွက်တာဖြစ်တယ်။ အဲဒီလုံခြုံရေးယူတဲ့အချိန်မှာ သူတို့ ထုတ်ပြန်ချက်ထုတ်ပြန်ထားတာတွေရှိလိမ့်မယ်။ တပ်ကနေပဲ စတိုက်တဲ့ပုံစံမျိုး၊ စခန်းတွေ စတိုက်တဲ့ပုံစံမျိုး။ နယ်မြေလည်းကျော်လွန်ဝင်ရောက်နေသေးတယ်။ ကျနော်တို့ ၅ရက်လောက်ကြိုတင်ပြီး အကြောင်းကြားတယ်။ အဲလိုအကြောင်းကြားတာကို အခွင့်ကောင်းယူပြီး သူတို့က စတင်ပစ်ခတ်တယ်။ ကျနော်တို့ဆီက အရာရှိနဲ့ စစ်သည်တချို့ ကျဆုံးတာရှိတယ်။ တချို့ ဒဏ်ရာရရှိတာရှိတယ်။ အဲဒီဖြစ်စဉ်ဖြစ်ပွားတာရှိပါတယ်။”
ဒီနေ့ နောက်ဆုံးအခြေအနေကိုတော့ မသိရသေးကြောင်း ပြောပါတယ်။
ဒီလ ၇ရက်နေ့က RCSS ဌာနချုပ်လွိုင်တန်းလျန်းမှာကျင်းပတဲ့ ရှမ်းပြည်အမျိုးသားနေ့အခမ်းအနားကို အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဒုဥက္ကဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနဲ့တပ်မတော်က စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကလည်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
........................
(Unicode)