သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ၂၉ ဦး နေရပ်ပြန်


ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ဒုက္ခသည် ၂၉ဦးဟာ ဒီကနေ့ မနက်ပိုင်းမှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲစခန်းကနေ ပြန်လည်ဝင်ရောက်လာပါတယ်။ ြပန်ရောက်လာတဲ့ မွတ်ဆလင် ဒုက္ခသည် အိမ်ထောင်စု ၆ စု ကိုတော့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုကူညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချ ထားရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အစီအစဉ်အရ ပြန်လည် လက်ခံခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ဒုက္ခသည်တွေဟာ နှစ်ဘက်အစိုးရညှိနှိုင်းပြင်ဆင်ခဲ့တဲ့ တရားဝင်လွဲှပြောင်းရေးအစီအစဉ်အရ ပြန်လာသူတွေ မရှိပေမဲ့ မိမိသဘောဆန္ဒအလျောက် ပြန်လိုသူတွေ ကတော့ မြန်မာအစိုးရနဲ့ ညှိနှိုင်းပြီး ပြန်လာနေတာဖြစ်ပါတယ်။

ဒီကနေ့ မနက်မှာလည်း ဒုက္ခသည်အချို့ဟာ တောင်ပြိုလက်ဝဲလက်ခံရေး စခန်းကနေတဆင့် ပြန်လည် ဝင်ရောက်လာကြောင်း အဲဒီစခန်းက လူဝင်မှုကြီးကြပ်ရေးဌာန ဒုညွှန်ကြားရေးမှုး ဦးအောင်ဖြိုးဟန်က ပြောပါတယ်။

“မနက် ၈နာရီထိုးက ရောက်ပါတယ်ခင်ဗျ။ အားလုံးပေါင်း လူ ၂၉ယောက်ပါ၊ အိမ်ထောင်စု ၆စုပါခင်ဗျ။ သူတို့ ဝင်လာတာကတော့။ UEHRD အစီအစဉ်နဲ့ ပေါ့နော်။ UEHRD အစီအစဉ်နဲ့ ဝင်လာတဲ့အခါကျတော့ ကျနော်တို့ သူတို့ကို လုပ်ထုံးလုပ်နည်းအတိုင်းပဲ ၈နာရီထိုးရောက်တယ်ဆိုတော့ ၈နာရီခွဲလောက်နေစပြီးတော့မှ ကျနော်တို့ ပလစ လုပ်ငန်းတွေ စတင်ဆောင်ရွက်ပါတယ်ခင်ဗျ။ ၁နာရီထိုးမှာတော့ သူတို့ လှဖိုးခေါင်စခန်းကို ဒီက ထွေအုပ်ရယ်၊ နစက ၁အစီအစဉ်နဲ့ ပို့ဆောင်မှာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုကူညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချ ထားရေးနဲ့ ဖွံ့ဖြိုးရေး စီမံကိန်း ( UEHRD) အရ ပြန်လည် လက်ခံတဲ့ အစီအစဉ်ကို ဦးအောင်ဖြိုးဟန်က အခုလို ရှင်းလင်းပြောဆို ပါတယ်။

“ သူတို့ ဟိုဘက် စခန်းကို ရောက်နေတဲ့အချိန်မှာ ဒီဘက်ကို သူတို့က ပြန်လာချင်ပါတယ်ဆိုပြီးမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ဆက်သွယ်လာတယ်။ ဆက်သွယ်လာတော့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကနေပြီးတော့မှ သူတို့ဆီက Record တွေယူပြီးမှာ UEHRD ကို တင်ပါတယ်။ တင်တဲ့အခါကျ UEHRD ကို တင်ဖို့ အတွက်က ကျနော်တို့ ဒီမှာ အိမ်ထောင်စု စာရင်း ရှိမရှိ စစ်ဆေးပါတယ်။ SB တို့ ရဲတို့ကနေပြီး အကြမ်းဖက်မှုမှာ ပါဝင်မှုရှိမရှိ ကို စစ်ဆေးပြီးမှ အဲဒီ Record တွေ မရှိပါဘူး။ clear ဖြစ်ပါတယ်။ ကျနော်တို့ ဆီကလည်း ဒီမှာ နေတဲ့သူ ဟုတ်ပါတယ်ဆိုတဲ့ အချက်အလက်တွေနဲ့ တင်ပါတယ်။ တင်တော့ UEHRD ကနေ စိစစ်ပြီးတော့မှ ဒီအဖွဲ့တွေကို ပြန်လည်ဝင်ရောက်ခွင့်ပြုပါတယ်ဆိုတဲ့ ခွင့်ပြုချက် ရပြီဆိုရင် သူတို့ ဝင်လာတာနဲ့ ကျနော်တို့ စိစစ်ပြီးတော့မှ ပြန်လည်လက်ခံတာဖြစ်ပါတယ်။”

မောင်တောခရိုင်အုပ်ချုပ်ရေးမှုး ဦးစိုးအောင်ကတော့ မိမိဆန္ဒအလျောက်ပြန်လည် ဝင်ရောက်လာသူ ၃၀၀ကျော်သွားပြီဖြစ်ကြောင်း ပြောပါတယ်။

ဒါပေမဲ့ တဘက်နိုင်ငံက ပြန်လာလိုသူတိုင်းကို လက်ခံတာမဟုတ်ကြောင်းနဲ့ လက်ရှိ ပြန်လာသူတွေကို နေရာချထားတဲ့ အခြေအနေကို အခုလို ဆက်ပြောပါတယ်။

“ ကျနော်တို့ဆီမှာ ဒီမှာ နေသွားတဲ့သူ၊ နေသွားတာမှန်တယ်။ အကြမ်းဖက်နဲ့ ပါဝင်ခြင်းမရှိဘူး။ သူတို့တွေက ဒီမှာ ပြန်နေချင်ပါတယ်ဆိုပြီးတော့မှ လျှောက်မှ ကျနော်တို့က စစ်ပြီးတော့မှ အစိုးရအဖွဲ့ကို တင်၊ နိုင်ငံတော် အစိုးရကို တင်ပြီး နိုင်ငံတော်အစိုးရက လက်ခံဆိုမှ လက်ခံတာ။ နှစ်နိုင်ငံတော့ မဟုတ်ဘူး။ ပြန်လာချင် တိုင်းတော့ ပြန်လာလို့ မရဘူးလေ။ လှဖိုးခေါင်မှာက ခနပဲလေ။ သူတို့ နေစရာမရှိဘူးဆိုရင်တော့ ဆွေမျိုးလည်းမရှိဘူး။ နီးစပ်ရာလည်း မရှိဘူးဆိုရင်တော့ လှဖိုးခေါင်မှာ ထားတာပေါ့။ အခု ပြန်ဝင်တဲ့သူတွေက သူတို့ အရင်တည်းကလည်း ဒီဘက် အမျိုးတွေကို ချိတ်ဆက်ပြီးသား၊ ဒီဘက်မှာလည်း အေးအေးချမ်းချမ်း ရှိတယ်။ သူတို့ အမျိုးတွေကလည်း လက်ခံမယ်ဆိုလို့ ကျနော်တို့ လှဖိုးခေါင်ကို အတင်းထားလို့ကို မရတာ သူတို့ အမျိုးတွေဆီ သူတို့ သွားနေတာပဲ။”

လှဖိုးခေါင်ကတော့ ပြန်လာသူတွေအတွက် ယာယီနေရာချထားမယ့် ကြားစခန်းဖြစ်ပါတယ်။

၂၀၁၇ သြဂုတ်လတုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အဖွဲ့ကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းတဲ့ စစ်ဆင်ရေးတွေရဲ့ နောက်ဆက်တွဲအဖြစ် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြတာပါ။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားပေမဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည် လက်ခံမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့အတွက် UNHCR ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နဲ့လည်း သီးခြားလက်မှတ်ရေးထိုး သဘောတူထားပေမဲ့ လက်တွေ့ အစီအစဉ်တွေကတော့ အခုအထိ အကောင်အထည် မဖော်နိုင်ပဲ ဖြစ်နေပါတယ်။

....................

{Unicode}













တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG