သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နမ့်ဆန် စစ်ရှောင်နှစ်ထောင်ကျော် နေရပ် စတင်ပြန်


(သတင်းဓာတ်ပုံ - ဦးအောင်မြင့်)
(သတင်းဓာတ်ပုံ - ဦးအောင်မြင့်)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ ထဲမှာ တပ်မတော်နဲ့ တအောန်းလက်နက်ကိုင် TNLA ကြားဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်ခဲ့ရပေမဲ့ ဒီနေ့မနက်ကစလို့ အများစုက နေရပ်ကိုစပြီး ပြန်နေကြပြီလို့ စစ်ရှောင်ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ အပြည့်အစုံကို ကိုဇော်ထက်က မေးမြန်းပေးပို့ထားပါတယ်။

နမ့်ဆန်မြို့တဝိုက်မှာ စက်တင်ဘာ ၁၃ရက်ကနေ ၁၆ရက်ထိ လေးရက်ကြာ တပ်မတော်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် တအောန်းလက်နက်ကိုင် TNLAနဲ့ တိုက်ပွဲတွေဖြစ်ခဲ့ပြီး ထွက်ပြေးလာတဲ့စစ်ရှောင် ၂၀၀၀ ကျော်ထဲက ထက်ဝက်လောက်ဟာ ဒီနေ့မနက်ကစပြီး နေရပ်ပြန်နေကြပြီ ဖြစ်ပါတယ်။

နမ့်ဆန်တဝိုက်မှာ ဒီနေ့တော့ တိုက်ပွဲတွေမရှိဘဲ အခြေအနေပြန်ငြိမ်စပြုနေပြီလို့ ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်းက ဦးတင်ဝင်းက ပြောပါတယ်။

“တိုက်ပွဲက ၁၇ရက်နေ့ ဒီဘက်အပိုင်းကို မကြားတော့ဘူဗျ ဟိုဘက်ကလည်း ပြန်ဆုတ်ပေးတယ်လို့ ပြောတယ်ဗျ။ ငြိမ်တဲ့ လက္ခဏာတော့ တွေ့ရပါတယ်။ ဒီနေ့လည်း (စစ်ရှောင်တွေ) ပြန်ကြတယ် မနေ့ကလည်း တချို့တဝက်ပြန်ကြတယ်။ ကျနော်ထင်တယ် ဒီဇယန်းကြီးဘက်က အဖွဲ့တွေ အတော်လေး ပြန်ကြတယ်ပြောတယ်။”

TNLA တပ်တွေဟာ နမ့်ဆမ်နဲ့ မီတာ ၅၀၀၀ လောက်ပဲဝေးတဲ့ တောင်ရိုးစေတီတောင်ကုန်းပေါ်မှာ တပ်စွဲလာလို့ လက်နက်ကြီးတွေ၊ ရဟတ်ယာဉ်တွေ သုံးပြီး နယ်မြေရှင်းလင်းခဲ့ကြောင်း တပ်မတော်ဘက်က ဗွီအိုအေကို အတည်ပြုခဲ့ပြီး၊ TNLA ဘက်ကတော့ တပ်မတော်ဟာ နမ့်ဆန်မြို့ တပ်စခန်းကနေ ရွာထဲကို လက်နက်ကြီးတွေနဲ့ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း ဒေသခံတယောက် သေဆုံးခဲ့တယ်လို့ တပ်မတော်ဘက်က အတည်ပြုထားပါတယ်။ တိုက်ပွဲနဲ့ ပတ်သက်လို့ TNLA ဘက်ကို ဗွီအိုအေဘက်က သီးခြား အတည်ပြုလို့ တော့မရခဲ့ပါဘူး။

နမ့်ဆန် အနောက်မြောက်ဘက်က တိုက်ပွဲဖြစ်ခဲ့တဲ့ တောင်ရိုးဘုရားကုန်းတဝိုက်ကို စက်တင်ဘာ ၁၇ရက် မနက် ၆ နာရီလောက်မှာ ပြန်ထိန်းချုပ်နိုင်ခဲ့ တယ်လို့ တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

မနေ့က စက်တင်ဘာ ၁၈ရက်ကလည်း တပ်မတော်နဲ့ တအောန်းလက်နက်ကိုင် TNLA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ နမ့်ဖတ်ကာ အရှေ့ ပိုင်းမှာ နှစ်ဘက် ပစ်ခတ်တာတချို့ ရှိခဲ့ပေမဲ့ ဒီနေ့တော့ နယ်မြေတည်ငြိမ်နေတယ်လို့ ဒေသခံ ကိုတင်မောင်အေးက ပြောပါတယ်။

“မနေ့က သူတို့ပြောကြတာကျတော့ ဒီ နမ့်ဖက်ကာရဲ့ အထွက်ဘက်က ရွာလေးတွေ ရှိတယ်လေ။ အဲဒီဘက်မှာ ဖြစ်သွားတယ်တဲ့ ကျနော်တို့တောင် ကောင်းကောင်း ဘာမှမကြားရဘူး။ ဒီနေ့ကတော့ ဘာသံမှ မကြားရသေးဘူးခင်ဗျ။”

တအောန်းလက်နက်ကိုင် TNLA နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA ဟာ မြောက်ပိုင်း မဟာမိတ်လေးဖွဲ့မှာပါဝင်ပြီး သူတို့လေးဖွဲ့နဲ့ အစိုးရကိုယ်စားလှယ် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC စက်တင်ဘာ ၁၇ရက်က ကျိုင်းတုံမြို့မှာ တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရေးနဲ့ တပ်နေရာချထားရေး အပါအဝင် အချက် ၇ချက်ကို ဆက်ပြီးဆွေးနွေးကြဖို့ သဘောတူညီမှုရထားပါတယ်။

.................












တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG