သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်သမ္မတခရီးစဉ်အပေါ် တရုတ်နိုင်ငံအမျက်ဖြေဖို့ ကန်ကြိုးပမ်း


{{Zawgyi/Unicode}}

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝဲန်း (Tsai Ing-wen) ရဲ့ အမေရိကန်နိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ တရုတ်နိုင်ငံရဲ့ရန်လိုမှုတွေကို လျှော့ချနိုင်ဖို့ အမေရိကန်အစိုးရက ကြိုးပမ်းနေပါတယ်။ သမ္မတဆိုင်အင်ဝဲန်းဟာ ဒီလနှောင်းပိုင်းကျရင် ဗဟိုအမေရိကနိုင်ငံတွေကိုသွားမယ့် တရားဝင်ခရီးစဉ်မစတင်မီ လမ်းခုလတ်မှာ ကယ်လီဖိုးနီးယားနဲ့ နယူးယောက်မှာ ခရီးတထောက် နားဖို့ ရှိနေတာပါ။

ဒါဟာ ထိုင်ဝမ်သမ္မတတွေ တခြားနိုင်ငံတွေကို သွားတဲ့ခရီးစဉ်တွေမှာ အမေရိကန်ကို သာမန်သဘောနဲ့ ခဏဝင်တာသာဖြစ်ပြီး သမ္မတဆိုင်အင်ဝဲန်းအပါအဝင် အရင်ထိုင်ဝမ်သမ္မတအဆက်ဆက်ဟာ အလားတူ အမေရိကန်မှာ မကြာခဏ ခရီးတထောက်ဝင်နားခဲ့ဖူးတယ်လို့ ဘိုင်ဒန်အစိုးရက တရုတ်နိုင်ငံကို အကြောင်းကြားထားတယ်လို့ အမည်မဖော်လိုတဲ့ အစိုးရအရာရှိကြီးတယောက်က ပြောပါတယ်။ ၂၀၁၆ ကနေ ၂၀၁၉ ခုနှစ်တွေအတွင်းမှာ မစ္စ်ဆိုင်င်ဟာ အမေရိကန်ကို ၆ ကြိမ် ခရီးတထောက် ဝင်နားဖူးတယ်လို့ဆိုပါတယ်။

ဒီခရီးစဉ်ကိုအကြောင်းပြပြီး တရုတ်နိုင်ငံအနေနဲ့ ထိုင်ဝမ်အပေါ် ရန်လိုတဲ့လုပ်ရပ်မျိုး မလုပ်သင့်ဘူးလို့လည်း အဲဒီအစိုးရအရာရှိက ပြောပါတယ်။

သမ္မတဆိုင်အင်ဝဲန်းဟာ အမေရိကန်ခရီးစဉ်အတွင်း လော့စ်အိန်ဂျလိစ်မြို့အနီးက ရော်နယ်ရေဂင် (Ronald Reagan) သမ္မတစင်တာမှာ မိန့်ခွန်းပြောဖို့ရှိတယ်လို့ အရင်လတုန်းက သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။ ဒါ့အပြင် လက်ရှိအောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင်မက်ကာသီ (Kevin McCarthy) နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် ရီပတ်ဘလစ်ကန်အမတ် မက်ကာသီဟာ ထိုင်ဝမ်ကို ကိုယ်တိုင်သွားရောက်လည်ပတ်ဖို့ စိတ်ဝင်စားကြောင်း အရင်က ထုတ်ဖော် ပြောဆိုထားသူပါ။

တရုတ်ဟာ မနှစ် သြဂုတ်လက အဲဒီအချိန်က အောက်လွှတ်တော်ဥက္ကဋ္ဌတာဝန်ယူထားသူ နန်စီပေလိုစီရဲ့ထိုင်ဝမ်ခရီးစဉ်ကို လက်တုံ့ပြန်တဲ့အနေနဲ့ ထိုင်ဝမ်ရေလက်ကြားမှာ ရက်အတန်ကြာ စစ်ရေးလေ့ကျင့်မှုတွေ အကြီးအကျယ်ပြုလုပ်တဲ့အပြင် ထိုင်ဝမ်ကျွန်းနဲ့ တရုတ်ပြည်မကြီးကို ပိုင်းခြားထားတဲ့ ရေလမ်းကြောင်းမှာလည်း ပဲ့ထိန်းဒုံးကျည်တွေ ပစ်ခတ်ခဲ့ပါတယ်။

ချန်ကေရှိတ်ရဲ့ မျိုးချစ်တပ်တွေကို မော်စီတုံးရဲ့ ကွန်မြူနစ်တပ်နီက ပြည်မကြီးကနေ မောင်းထုတ်လိုက်တဲ့ ၁၉၄၉ ခုနှစ် တရုတ်ပြည်တွင်းစစ်နောက်ပိုင်းမှာ ထိုင်ဝမ်ဟာ ဒီမိုကရေစီနည်းကျ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေပေမယ့် တရုတ်နိုင်ငံဘက်ကတော့ ဒီကျွန်းကို သူ့ပိုင်နက်တစိတ်တပိုင်းအဖြစ် ယူဆထားပါတယ်။ စစ်ရေးအရသိမ်းယူတာအပါအဝင် လိုအပ်တဲ့နည်းလမ်းတွေသုံးပြီး ထိုင်ဝမ်ကျွန်းစုကို ထိန်းချုပ်မှုအောက် ပြန်ရောက်နိုင်ဖို့ တရုတ်နိုင်ငံဘက်က အတိအလင်း ကြေညာထားပါတယ်။

အမေရိကန်ဟာ သံတမန်ရေးအရ မူလထိုင်ဝမ်ကို တရုတ်နိုင်ငံအဖြစ် အသိအမှတ်ပြုနေရာကနေ ၁၉၇၉ ခုနှစ်မှာ တရုတ် ပြည်မ ဘေဂျင်း အစိုးရကို ပြောင်းလဲ အသိအမှတ်ပြုခဲပ့ါတယ်။ ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေကို ပြဌာန်းခဲ့ပြီး ထိုင်ဝမ် အနေနဲ့ မိမိကိုယ်ကို ကာကွယ်နိုင်ဖို့ အတွက် စစ်လက်နက်ပစ္စည်းတွေကို ထောက်ပံ့ပေးနေပါတယ်။

တိုက်ရိုက် လင့်ခ်

============

{{Unicode}}









XS
SM
MD
LG