သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်သစ် ငါးနိုင်ငံခန့်အပ်


လုံခြုံရေးကောင်စီ စည်းဝေးပွဲခမ်းမ မြင်ကွင်း။
လုံခြုံရေးကောင်စီ စည်းဝေးပွဲခမ်းမ မြင်ကွင်း။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အလှည့်ကျအဖွဲ့ဝင်သစ် ၅ နိုင်ငံ ပါဝင်လာပြီး အဲဒီ အထဲက Dominican Republic ကတော့ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ အလှည့်ကျဥက္ကဋ္ဌ သက်တမ်းဟာ တလ ဖြစ်တာကြောင့် Dominican Republic နိုင်ငံအနေနဲ့ ဇန်နဝါရီလအတွက် တာဝန် ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ အင်ဒိုနီးရှားနဲ့ တောင်အဖရိကနိုင်ငံတွေလည်း ၂ နှစ်တာ အလှည့်ကျ အဖွဲ့ဝင်တွေအဖြစ် စတင် တာဝန် ထမ်းဆောင်ကြတော့မှာ ဖြစ်ပါတယ်။ အဖွဲ့ဝင်သစ် ၅ နိုင်ငံစလုံးအတွက် အဖွဲ့ဝင်ဖြစ်ကြောင်း အသိအမှတ်ပြုတဲ့ အခမ်းအနားကို ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ပြီး လုံခြုံရေးကောင်စီ ခမ်းမရဲ့ ပြင်ပမှာ အဲဒီ ၅ နိုင်ငံရဲ့ အလံတွေကိုလည်း စိုက်ထူလိုက်ပြီ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ကုန်ဆုံးသွားတာနဲ့အတူ အရင်က အလှည့်ကျတာဝန် ထမ်းဆောင်ခဲ့ကြတဲ့ ဘိုလီးဗီးယား၊ အီသီယိုးပီးယား၊ နယ်သာလန်၊ ခါဇတ်ခ်စတန်နဲ့ ဆွီဒင်နိုင်ငံတို့ရဲ့ သက်တမ်း ကုန်ဆုံးသွားခဲ့တာပါ။

အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်တဲ့ လုံခြုံရေးကောင်စီဟာ ကုလသမဂ္ဂမှာ သြဇာအရှိဆုံးဌာန ဖြစ်ပါတယ်။ တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်နဲ့ အမေရိကန် ပြည်ထောင်စုတို့ကတော့ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတွေဖြစ်ကြပြီး ဗီတိုအာဏာ သုံးခွင့်ရှိတဲ့ ၅ နိုင်ငံလည်း ဖြစ်ပါတယ်။

တခြား လုံံခြုံရေးကောင်စီ အဖွဲ့ဝင်တွေကိုတော့ ၂ နှစ်စီ၊ အလှည့်ကျ တာဝန်ထမ်းဆောင်ဖို့ ဒေသအလိုက် အချိုးအစား ညီမျှအောင် စီစဉ်ပြီး အဖွဲ့ဝင် ၁၉၃ နိုင်ငံက အထွေထွေ ညီလာခံမှာ မဲခွဲ အတည်ပြုပေးကြတာ ဖြစ်ပါတယ်။ လုံခြုံရေးကောင်စီ အလှည့်ကျ အဖွဲ့ဝင် ဖြစ်ရေးအတွက် နိုင်ငံတိုင်းက လိုလားကြတာကြောင့် တိုင်းပြည်တချို့က သူတို့ကို ရွေးချယ်ဖို့ နှစ်အတန်ကြာ မဲဆွယ် စည်းရုံးတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG