သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ရောက် ဒုက္ခသည်တွေ အကူအညီလိုအပ်


လားရှိုးမြို့ ဘုန်းကြီးကျောင်းတကျောင်းမှာ ခိုလှုံနေရတဲ့ ရှမ်းမြောက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)
လားရှိုးမြို့ ဘုန်းကြီးကျောင်းတကျောင်းမှာ ခိုလှုံနေရတဲ့ ရှမ်းမြောက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ ရောက်ရှိနေတဲ့ စစ်ရှောင်သူတွေမှာ အခြေခံလိုအပ်ချက်တွေ ရှိနေတဲ့အထဲ ကျန်းမာရေးလိုအပ်ချက်က အဓိက ဖြစ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ နှစ်သစ်ကူးပြောင်းလာချိန်မှာလည်း တိုက်ပွဲတွေကြား စစ်ရှောင်လာသူဦးရေက တစထက်တစ တိုးလာနေတာပါ။ ဒီအကြောင်း သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မူဆယ်မြို့ကို ရောက်လာတဲ့ ဒေသခံတွေဟာ တိုက်ပွဲရှောင်နေကြတာ အချိန်ကာလ ၂ လကျော် သွားပါပြီ။ မူဆယ်မြို့မှာ စစ်ရှောင်သူဦးရေကတသောင်းကျော်ရှိနေပြီး စစ်ရှောင်တွေရဲ့ ကျန်းမာရေးလိုအပ်ချက်ကို အဓိကထားပြီး ဆောင်ရွက်ပေးနေတယ်လို့ ပရဟိတအဖွဲ့ဝင်တဦးက ပြောပါတယ်။

"ရောက်လာတဲ့လူတွေမှာ- ဒီစစ်ရှောင်တွေမှာ လူမမယ်ကလေးတွေကနေ ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အို၊ လက်နက်ထိတဲ့လူတွေ။ အဲဒါဆိုတော့ သူတို့ရဲ့ စားဝတ်နေရေးထက် ကျန်းမာရေးကိုပဲ အဓိက ဇောင်းပေးလုပ်နေရတာ။"

စစ်ရှောင်သူတွေထဲမှာ တချို့က အိမ်ခန်းငှားနေသူ ရှိသလို ဆွေမျိုးနီးစပ်အိမ်မှာနေသူတွေလည်း ရှိပါတယ်။ အများစုကတော့ ဘုန်းကြီးကျောင်းနဲ့ စစ်ရှောင်စခန်းတွေမှာ နေကြတယ်လို့ ပြောပါတယ်။ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်အပါအဝင် သက်ကြီးသူတွေအတွက် ကျန်းမာရေး အလျင်မီ စောင့်ရှောက်နိုင်ဖို့ကို ပရဟိတအသင်းအဖွဲ့တွေ စုပေါင်းပြီး ကူညီပေးနေသလို ဆရာဝန်နဲ့ သူနာပြုတွေကလည်း စစ်ရှောင်စခန်းတွေအထိ အခမဲ့ လာရောက်ကြည့်ရှုပေးတာလည်း ရှိတယ်လို့ ပြောပါတယ်။

"ကျနော်တို့ မူဆယ်ဆေးရုံမှာတော့ ပြင်ပလူနာအနေနဲ့တော့ ပြတယ်။ တချို့လူနာတွေ ကျတော့လည်း ကိုယ်ပိုင်ဆေးရုံတွေမှာ ပို့ရတာပေါ့။ အဲဒါတွေကလည်း အများပြည်သူလှူတဲ့ ငွေနဲ့ပေါ့။ ကျနော်တို့ ပရဟိတအသင်းတွေ စုပေါင်းပြီးတော့ စစ်ရှောင်စခန်းတွေမှာ လုပ်ပေးရတာပေါ့။ ပြီးတော့ ကိုယ်ပိုင်ဆေးရုံက ဆရာဝန်တွေလည်း စစ်ရှောင်စခန်းတွေကို လိုက်ပြီးတော့ သူတို့ကိုယ်ပိုင်ဆေးရုံက အထူးကုဆရာဝန်တွေနဲ့ သူနာပြုတွေလည်း အကုန်လုံး ကူညီပါတယ်ဗျ။ ဆေးဝါးကတော့ မကူညီနိုင်ဘူးပေါ့။ သူတို့ကတော့ လုပ်အားကူညီတာပေါ့။"

စစ်ရှောင်တွေရဲ့ ကျန်းမာရေးနဲ့ စားသောက်ရေးအတွက် ဒေသခံတွေက ဝိုင်းဝန်းကူညီပေးနေပေမယ့် အခုတိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေလို့ စစ်ရှောင်အရေအတွက် တိုးလာတာနဲ့အမျှ အကူအညီတွေက မလုံလောက်ဖြစ်နေတာပါ။ ရှမ်းမြောက်တိုက်ပွဲအတွင်းမှာ အရပ်သားထိခိုက် သေဆုံးမှုကလည်း ဆက်ပြီးရှိနေပါတယ်။ ရှမ်းမြောက်ဒေသမှာ အခုလက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG