သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နိုင်ငံရေးနဲ့ ၂၀၂၄ ရွေးကောက်ပွဲ မျှော်တွေးချက်


အိုင်အိုဝါပြည်နယ် Des Moines မြို့က ရီပတ်ဘလစ်ကင်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ထောက်ခံသူများ။ (ဇန်နဝါရီ ၁၅၊ ၂၀၂၄)
အိုင်အိုဝါပြည်နယ် Des Moines မြို့က ရီပတ်ဘလစ်ကင်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ထောက်ခံသူများ။ (ဇန်နဝါရီ ၁၅၊ ၂၀၂၄)

နိုဝင်ဘာလမှာကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Joe Biden နဲ့ သမ္မတဟောင်း Donald Trump တို့ ပြန်ယှဉ်ပြိုင်ရနိုင်တဲ့အနေအထားကို တွေ့နေရပါတယ်။ ဒါပေမဲ့လည်း Donald Trump က တရားတဘောင် ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ သမ္မတလောင်းနှစ်ဦးရဲ့ အသက်အရွယ်တွေက မဲဆန္ဒရှင်တွေကြား တအုံနွေးနွေး မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ တကယ်လို့ သမ္မတလောင်း တယောက်ယောက် ဆက်မပြိုင်ရတဲ့အနေအထား မဖြစ်မနေကြုံလာခဲ့ရင် ဒါမှမဟုတ် တာဝန်မယူနိုင်တာမျိုးဖြစ်လာခဲ့ရင် ရှေ့ဆက် ဘာတွေ ဖြစ်နိုင်ပါသလဲ။ VOA အိမ်ဖြူတော်သတင်းထောက် Patsy Widakuswara ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

သမ္မဟောင်း Donald Trump ဟာ လောလောဆယ်မှာ ရာဇဝတ်မှု ၉၁ မှုနဲ့ တရားစွဲခံထားရပါတယ်။ အနည်းဆုံး ရာဇဝတ်မှုတမှုလောက် ဒီနှစ်ထဲမှာ စစ်ဆေး စီရင်ခံရနိုင်တယ်လို့ မျှော်လင့်ပါတယ်။ သမ္မတ Joe Biden ကတော့ အသက် ၈၁ နှစ်ရှိပါပြီ။ သူ့ ကျန်းမာရေးကို မေးခွန်းထုတ်နေကြပါတယ်။ Donald Trump ကတော့ ၇၇ နှစ် အရွယ်ဆိုတော့ သမ္မတ Biden လောက် ကျန်းမာရေးကိစ္စကို သတင်းတွေမှာ အရေးတယူပြောတာမျိုး မရှိပါဘူး။ ရွေးကောက်ပွဲမှာ ပြန်ပြီးအနိုင်ရဖို့ သူက ကြွေးကြော်နေပါတယ်။

"အရေးကြီးဆုံးညက လာမယ့်နိုဝင်ဘာမှာ တိုင်းပြည်ကို ကျနော်တို့လက်ထဲရောက်အောင် ပြန်သိမ်းပိုက်မယ့်နေ့ဖြစ်ပါတယ်။"

တကယ်လို့များ သမ္မတလောင်းယှဉ်ပြိုင်မယ့်သူထဲက တယောက်ယောက် နိုဝင်ဘာရွေးကောက်ပွဲမတိုင်ခင် ဆုံးပါးသွားလို့ ဒါမှမဟုတ် တာဝန်မယူနိုင်တော့တာမျိုး
ဖြစ်ရင် ဘာဖြစ်မလဲ။ သက်ဆိုင်ရာပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံမတိုင်ခင် ဖြစ်သွားရင်တော့ တချို့ပြည်နယ်တွေက ပြည်နယ်ပါတီတွင်း သမ္မတလောင်း ရွေးကောက်ပွဲကျင်းပမယ့်ရက်တွေကိုသက်တမ်းတိုးပြီး နောက်ထပ် ကိုယ်စားလှယ်လောင်းတွေ ထပ်ထည့်ရွေးတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ပြည်နယ်အလိုက် ပဏာမရွေးပွဲတွေမှာအနိုင်ရတဲ့သူကို သက်ဆိုင်ရာပါတီက နိုင်ငံလုံးဆိုင်ရာညီလာခံမှာ သမ္မတလောင်းအဖြစ် တင်မြှောက်တာပါ။ ရီပတ်ဘလစ်ကန် ပါတီက နိုင်ငံလုံးဆိုင်ရာညီလာခံကို လာမယ့်ဂျူလိုင်လမှာ ကျင်းပမှာပါ။ ဒီမိုကရက်ပါတီကတော့ ဩဂုတ်လမှာ ကျင်းပပါတယ်။ ရှေ့ဆုံးကပြေးနေတဲ့ကိုယ်စားလှယ်လောင်းက ဆက်မပြိုင်တော့ဘူးလို့ ဆုံးဖြတ်ပြီး ထွက်မယ်။ ဘယ်သူမှ အများစုမဲနဲ့ အနိုင်ရတာမရှိဘူးဆိုရင် ကိုယ်စားလှယ်တွေက တခြား နောက် တယောက်ကို မဖြစ်မနေ အဆိုပြုရပါလိမ့်မယ်။

အမေရိကန် Enterprise Institute က သုတေသီ John Fortier က Skype ကနေ အခုလို ပြောပါတယ်။

"ကိုယ်စားလှယ်တွေအနေနဲ့ စေ့စပ်ညှိနှိုင်းဖို့ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်တာတွေ အများကြီး ရှိပါတယ်။ ပြိုင်တဲ့အထဲက တယောက်ယောက်ကို ရွေးမလား၊ ရွေးကောက်ပွဲမဝင်တဲ့ တခြားတယောက်ကို ရွေးမလား၊ သမိုင်းမှာ ဒါက ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ရီပတ်ဘစ်ကန်ရော ဒီမိုကရက်ပါတီရော ဘယ်သူ့ကို အဆိုပြုမလဲ ဆုံးဖြတ်ဖို့က ညီလာခံကအပေါ်မှာပဲ မူတည်ပါတယ်။"

ပါတီတွင်းညီလာခံ နိုင်ငံလုံးဆိုင်ရာညီလာခံပြီးမှ သမ္မတလောင်းအဖြစ် ရွေးထားတဲ့သူ ဆက်မပြိုင်နိုင်ဘူးဆိုရင် ပါတီအနေနဲ့ နောက်တကြိမ်ညီလာခံခေါ်ပြီး တခြားတယောက်ကို အစားထိုးဖို့ ရွေးနိုင်ပါတယ်။ ဒီနေရာမှာ ဒုသမ္မတလောင်းကို အလိုအလျှောက် အစားထိုးရွေးမယ်ဆိုတာမျိုး အာမခံချက် မရှိပါဘူး။ ရွေးကောက်ပွဲ ပြီးသွားရင်လည်း အလားတူပါပဲ။ ဥပမာ- သမ္မတ Joe Biden ပြန်အနိုင်ရတယ်၊ ရွေးကောက်ပွဲရလဒ်ကို လွှတ်တော်က အတည်မပြုသေးခင်မှာ သူ သမ္မတအဖြစ် ဆက်ပြီး တာဝန်မယူနိုင်တော့တာမျိုး ဖြစ်ခဲ့ရင် ဒုသမ္မတဖြစ်တဲ့ Kamala Harris က သမ္မတနေရာကို အလိုအလောက်ရယူမယ်ဆိုတာမျိုး ဖြစ်မလာပါဘူး။ သမ္မတရွေးချယ်ရေးအဖွဲ့က ရွေးကောက်ပွဲ ပြန်ကျင်းပရပါလိမ့်မယ်။

တကယ်လို့ သမ္မတရွေးချယ်ရေးအဖွဲ့ကြားမှာလည်း သဘောမတူဘူးဆိုရင် ဘာဖြစ်လာနိုင်မလဲ၊ ပါတီနှစ်ရပ်စလုံးရဲ့ မူဝဒါဆိုင်ရာ Structural Democracy သုတေသန ဌာနက ဒါရိုက်တာ Michael Thorning က အခုလို ပြောပါတယ်။

"အဲဒီအခါမှာ အောက်လွှတ်တော်က မဲပေးရွေးချယ်ရပါလိမ့်မယ်။ ဘယ် ကိုယ်စားလှယ်ကိုမှ အများစုမဲနဲ့ ဆုံးဖြတ်လို့ မရတော့ဘူးဆိုရင်ပါ။ ဒီတော့ ရွေးကောက်ပွဲက ကျနော်တို့ နှစ်ရာနဲ့ချီ မကြုံဖူးတဲ့ အနေထားနဲ့ ပြီးဆုံးသွားတဲ့ အခြေအနေကို တကယ်ပဲ ရောက်သွားနိုင်ပါတယ်။"

တကယ်လို့ ဇန္နဝါရီ ၆ ရက်၊ ရွေးကောက်ပွဲရလဒ်ကို လွှတ်တော်ကအတည်ပြုပြီးမှ သမ္မတက တာဝန်မထမ်းဆောင်နိုင်ဘူးဆိုရင်တော့ ဒုသမ္မတက သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုရပါလိမ့်မယ်။ ဒီလို ဖြစ်နိုင်ခြေတွေထဲက ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ်၊ အထူးသဖြင့် သဘောတူညီချက်မရဘဲ အငြင်းပွားမှုတွေရှိလာခဲ့မယ်ဆိုရင် တရားရုံးမှာ ဖြေရှင်းရတာ ရှုပ်ထွေးတာတွေဖြစ်လာနိုင်ပါတယ်။

၂၀၂၁ ခုနှစ် ဇန္နဝါရီလ ၆ ရက်နေ့က Donald Turmp ကို ထောက်ခံသူတွေ လွှတ်တော်ကို ဝင်စီးနင်းခဲ့တာကို အမေရိကန်ပြည်ထောင်စု ကြုံခဲ့ရပြီးပါပြီး။ ရှုပ်ထွေးမှုနဲ့အငြင်းပွားမှုတွေ ပေါ်လာခဲ့ရင် သွေးထွက်သံယိုမှုတွေလည်း ထပ်ပေါ်မလာဘူးလို့တော့ မပြောနိုင်ကြောင်းပါခင်ဗျား။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG