သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငှက်ဖျားကာကွယ်ဆေးသစ် အာဖရိကနှစ်နိုင်ငံ ခွင့်ပြုသုံးစွဲ


Ghana Malaria Vaccine
Ghana Malaria Vaccine

ဧပြီ ၂၅၊ ၂၀၂၃ (ဗွီအိုအေ၊ မြန်မာ)


ဧပြီလ ၂၅ ရက်နေ့ဟာ ကမ္ဘာ့ငှက်ဖျားရောဂါတိုက်ဖျက်ရေးနေ့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ နိုင်ဂျီရီးယားဟာ ဂါနာနဲ့အတူ ကလေးသူငယ် ငှက်ဖျားကာကွယ်ဆေးသစ်တမျိုးကို ခွင့်ပြုလိုက်ပါတယ်။ အာဖရိကနိုင်ငံအများအပြားမှာ စမ်းသပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပြီးနောက်မှာ ဒီဆေးကို ဒီနှစ်နိုင်ငံက ပထမဆုံး စတင် ခွင့်ပြုလိုက်တာပါ။ ယူကေနိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်က တီထွင်ထုတ်လုပ်တဲ့ ဒီ ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ အတည်ပြုချက်မပေးသေးပါဘူး။ အရှေ့ အာဖရိက,က ကင်ညာနိုင်ငံမှာတော့ R21/Matrix M လို့ ခေါ်တဲ့ ဒီငှက်ဖျားကာကွယ်ဆေးရဲ့ အဆင့် (၃) စမ်းသပ်မှုမှာပါဝင်ဖို့ ကလေး အယောက် ၆၀၀ လောက်ကို စုဆောင်းခဲ့ကြပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကိုအခြေခံပြီး ကိုငြိမ်းချမ်းအေးက တင်ပြပေးထားပါတယ်။

ကင်ညာနိုင်ငံက ကလေးနှစ်ယောက် မိခင် ယူနစ်စ်ဂျွမ်ဝါဟာ ငှက်ဖျားရောဂါအတွက် စိုးရိမ်နေသူပါ။ သူနေထိုင်တဲ့ ကင်ညာအရှေ့တောင်ပိုင်း ကီလီဖီမြို့က မီဘူရိုဆာဘာရွာက ကမ်းရိုးတန်းဒေသဖြစ်လို့ စိုစွတ်ပြီး ငှက်ဖျားအန္တရာယ်ရှိတာကြောင့် သူ့ သားသမီးတွေအတွက် စိတ်ပူနေရတယ်လို့ ပြောပါတယ်။

“ဒီမှာက ပူးနွေးစိုစွတ်ပြီး လူတွေကခြင်ထောင်ထဲမှာလည်း မအိပ်ကြပါဘူး။ ဆေးရုံတွေက အဝေးကြီးနဲ့ စရိတ်ကလည်း ကြီးပါတယ်။ ဆိုတော့ ကာကွယ်ဆေး ကောင်းကောင်းလိုပါတယ်။ ကလေးတွေခြင်ကိုက်လို့ တလ ၃ ခေါက်လောက် ဆေးရုံကို ပို့, ပို့နေရပါတယ်။ ဆေးဖို့းနဲ့ပဲ ကုန်, ကုန်နေလို့ ပိုက်ဆံလည်း မစုနိုင်ပါဘူး။ ထိရောက်တဲ့ကာကွယ်ဆေးက ရောဂါကိုအမြစ်ပြတ်အောင် လုပ်နိုင်မှာမို့ အများကြီးအထောက်အကူဖြစ်မှာပါ။”

ကင်ညာမှာ နှစ်စဉ် လူ ၃.၅ သန်းကျော်လောက် ငှက်ဖျားရောဂါကူးစက်ခံနေရတယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ခန့်မှန်းထားပါတယ်။ ဒီရောဂါနဲ့ ကင်ညာနိုင်ငံသား ၁၀,၀၀၀ ကျော် နှစ်စဉ် သေဆုံးနေပါတယ်။

ကင်ညာက ဆေးပညာ သုတေသနအဖွဲ့တခုဖြစ်တဲ့ KEMRI-Wellcome Trust က ငှက်ဖျားရောဂါ ခုခံကာကွယ်ရေးဆိုင်ရာ ပညာရှင် ဖရန်းစစ် နွန်ဂူ ကတော့ အခု ကာကွယ်ဆေးသစ်က အကျိုးရှိမယ်လို့ ယုံကြည်နေပါတယ်။

“ခြင်ကိုက်တဲ့အခါ ရောဂါကူးစက်နိုင်စွမ်းရှိတဲ့ စပိုရိုဇိုးဝိုက်လို့ခေါ်တဲ့ မျိုးစေ့ရုပ်သွင်ဆဲလ် ကပ်ပါးပိုးတမျိုးကို အရေပြားထဲထိုးသွင်းလိုက်ပါတယ်။ အဲဒီ စပိုရိုဇိုးဝိုက်တွေက သွေးပြန်ရည်လင့်ဖ်နဲ့ သွေးလည်ပတ်မှုစနစ်ကတဆင့် အသည်းထဲကို ရောက်သွားပါတယ်။ အခု R21/Matrix M ကာကွယ်ဆေးက စပိုရိုဇိုးဝိုက် တွေကိုတိုက်ဖျက်ပြီး အသည်းဆဲလ်တွေထဲအထိ မရောက်အောင် ကာကွယ်ပေးပါတယ်။”

R21 ကာကွယ်ဆေးအသစ်ကို လူအများက အကောင်း မျှော်လင့်ထားကြတာပါ။ ဒီဆေးဟာ လက်ရှိမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ခွင့်ပြုထားတဲ့ RTS-S ငှက်ဖျားကာကွယ်ဆေးထက် ပိုမိုထိရောက်တယ်လို့ အစောပိုင်းစမ်းသပ်မှုတွေရဲ့ ပဏာမရလဒ်တွေက ညွှန်းဆိုနေပါတယ်။

နောက်ပိုင်း စမ်းသပ်မှုတွေရဲ့အဆုံးသတ်ရလဒ်တွေကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဒီ R21 ကာကွယ်ဆေးရဲ့ထိရောက်မှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း လေ့လာသုံးသပ်နေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့တုန်းကတော့ အနောက်အာဖရိကတိုက်က ဂါနာနိုင်ငံဟာ ဒီဆေးကို လက်ခံအတည်ပြုခဲ့တဲ့ ပထမဆုံးနိုင်ငံဖြစ်လာခဲ့ပြီး အဲဒီနောက်မှာ နိုင်ဂျီးရီးယားကလည်း အတည်ပြုခဲ့ပါတယ်။

WHO ကတော့ ကင်ညာအပါအဝင် အာဖရိကနိုင်ငံ ၃ နိုင်ငံမှာ တရားဝင်ခွင့်ပြုထားပြီးဖြစ်တဲ့ ကမ္ဘာ့ပထမဆုံး ငှက်ဖျားရောဂါကာကွယ်ဆေး RTS-S စမ်းသပ် ထိုးပေးတဲ့ ရှေ့ပြေးအစီအစဉ်ကို စတင်နေပါတယ်။ ဒါပေမယ့် ဒါကလည်း ကျယ်ကျယ်ပြန့်ပြန့်တော့ မရနိုင်သေးပါဘူး။

အခု R21 ကာကွယ်ဆေးသစ်ရဲ့ထိရောက်မှုက ဂလက်ဆို စမစ်ကလိုင်း (GSK) ဆေးကုမ္ပဏီက ရောင်းချနေတဲ့ ရှိပြီးသား RTS-S ကာကွယ်ဆေးနဲ့ နှိုင်းယှဉ်ရင် ၇၅ % ရှိတယ်လို့ ဆိုကြပါတယ်။ Mosquirix လို့ ခေါ်တဲ့ RTS-S ကာကွယ်ဆေးကတော့ ထိရောက်မှုက ၃၉% လောက်ပဲ ရှိပါတယ်။

GSK က ဆယ်စုနှစ် ၃ ခုကြာ သုတေသနလုပ်ပြီး အဲဒီ RTS-S ငှက်ဖျားကာကွယ်ဆေးကို တီထွင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ WHO က အတည်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ မူလ ပထမ ငှက်ဖျားကာကွယ်ဆေးက အကန့်အသတ်တွေ ရှိတယ်လို့ ငှက်ဖျားရောဂါကာကွယ်ဆေးပညာရှင် ဖရန်းစစ် နွန်ဂူကတော့ ဆိုပါတယ်။

"ဒီကာကွယ်ဆေးက အလုံးစုံချည်း မကာကွယ်နိုင်ပါဘူး။ တစိတ်တပိုင်းပဲ ကာကွယ်နိုင်သလို ကာကွယ်ပေးတဲ့ သက်တမ်းကလည်း တိုပါတယ်။”

ကီလီဖီမြို့၊ KEMRI-Wellcome Trust ဆေးသုတေသနအဖွဲ့က သိပ္ပံပညာရှင်တွေဟာ ဆေးသစ် R21 စမ်းသပ်မှုမှာ ပါဝင်ကြပါတယ်။ နွန်ဂူကိုယ်တိုင်ကလည်း ဒီစီမံကိန်းမှာ ဓာတ်ခွဲခန်း အဓိကတာဝန်ရှိသူပါ။ ကာကွယ်ဆေးကောင်း ဖြစ်ဖို့ WHOရဲ့ စံသတ်မှတ်ချက်က လက်တွေ့စမ်းသပ်မှုတွေမှာ ၇၅ ရာခိုင်နှုန်းနဲ့ အထက် ကာကွယ်နိုင်ရမယ်လို့ သူက ဆိုပါတယ်။ အခု စမ်းသပ်နေတဲ့ ကလေး ၄,၈၀၀ ပါဝင်တဲ့ အဆင့် (၃) စမ်းသပ်မှုရလဒ်က WHO အတွက် အရေးကြီးတဲ့ အချက်အလက်တွေကို ပေးပါလိမ့်မယ်လို့ နွန်ဂူက ပြောပါတယ်။

"ကင်ညာ၊ တန်ဇန်းနီးယား၊ မာလီနဲ့ ဘူကီနာဖာဆိုနိုင်ငံတွေမှာ စမ်းသပ်နေတဲ့ အဆင့် ၃ ရဲ့ရလဒ်တွေကို WHO ကို အကြောင်းကြားတာနဲ့ တပြိင်တည်း WHO က ဒါကို လေ့လာ အကဲဖြတ်ပါမယ်။ ကာကွယ်ဆေးဟာ စိတ်ချရပြီး မြင့်မားနှုန်းနဲ့ ကာကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်ခဲ့ရင် ဒါကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့ WHO က ယာယီခွင့်ပြုချက်ပေးပါမယ်။"

ငှက်ဖျားရောဂါဟာ လူ့ အသက်ကို ဆုံးရှုံးစေရုံသာမကဘဲ လူမှုအသိုက်အဝန်းတွေကို ထိခိုက်ပျက်စီးစေပါတယ်။ အသက်၊ အိုးအိမ်၊ စည်းစိမ်၊ ပညာရေး၊ စီးပွားရေးလုပ်ငန်းတွေနဲ့ လူ့အဖွဲ့အစည်းရဲ့ စီးပွားရေးတခုလုံးကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ကလေးငယ်တွေကို အသက်ကယ်နိုင်မယ့် ငှက်ဖျားရောဂါ ကာကွယ်ဆေးဟာ အလွန်အရေးကြီးပြီး ရောဂါမရှိရင် ကြီးပွားတိုးတက်ဖို့ အခွင့်အလမ်းတွေ ပိုရလာပြီး ကျောင်းမှာရော ဘဝမှာပါ ပိုကောင်းလာမှာပါ” လို့ ငှက်ဖျားကာကွယ်ရေး ပညာရှင် နွန်ဂူက ထောက်ပြပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ ၂၀၂၁ ခုနှစ်မှာ လူပေါင်း ၂၄၇ သန်းဟာ ငှက်ဖျားရောဂါဖြစ်ခဲ့ပြီး လူပေါင်း ၆၁၉,၀၀၀ သေဆုံးခဲ့ပါတယ်။

ငှက်ဖျားရောဂါဖြစ်ပွားမှုအများစုဟာ အာဖရိကတိုက်မှာဖြစ်ပြီး ဒီဒေသမှာ သေဆုံးမှုအားလုံးရဲ့ ၉၆ ရာခိုင်နှုန်းက အသက် (၅) နှစ်အောက် ကလေးငယ်တွေပါ။

ငှက်ဖျားရောဂါကို အပူပိုင်းဒေသနိုင်ငံတွေမှာ အများဆုံးတွေ့ရပြီး အနောဖလိစ် ခြင်အမမျိုးကနေ လူကို ကူးစက်ပါတယ်။ အသက်အန္တရာယ်ရှိတဲ့ ဒီရောဂါကြောင့် အဖျားတက်၊ ချမ်းတုန်၊ ခေါင်းကိုက်၊ ပင်ပန်းနွမ်းနယ်တာတွေ ခံစားရသလို တက်တာနဲ့ အသက်ရှူရခက်ခဲတဲ့ လက္ခဏာတွေလည်း ကြုံတွေ့ရတတ်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ အသက် ၅ နှစ်အောက်ကလေးတွေနဲ့ ခုခံအား ကျဆင်းမှုရောဂါ HIV/AIDS ရှိသူတွေမှာ ကူးစက်နိုင်ခြေ မြင့်မားပါတယ်။ ဒီ‌ရောဂါကို ဆေးဝါးနဲ့ကာကွယ်နိုင်သလို ခြင်မကိုက်ခံရအောင် ခြင်ထောင်နဲ့ အိပ်တာလို အစီအမံတွေနဲ့လည်းကာကွယ်နိုင်ပါတယ်။

နှစ်စဉ် ဧပြီလ ၂၅ ရက်နေ့ ရောက်တိုင်းလည်း ငှက်ဖျားရောဂါတိုက်ဖျက်ရေးနေ့ အဖြစ် ကမ္ဘာတဝန်းမှာ ငှက်ဖျားကာကွယ်ရေး ဗဟုသုတတွေ ဖြန့်ဝေတာ၊ ရောဂါကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်တာတွေ လုပ်လေ့ရှိကြပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG