သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ထပ်တိုးစည်းမျဉ်းတွေကြောင့် တရုတ်ရောက်မြန်မာလုပ်သားတွေ အခက်တွေ့


တရုတ်-မြန်မာနယ်စပ် covid ရှိမရှိ စစ်ဆေးနေစဉ်
တရုတ်-မြန်မာနယ်စပ် covid ရှိမရှိ စစ်ဆေးနေစဉ်

(Zawgyi/Unicode)

မြန်မာနိုင်ငံနဲ့ ထိဆက်နေတဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီနဲ့ ကျယ်ဂေါင်မြို့မှာ ကိုဗစ်စည်းမျဉ်းတွေ ထပ်တိုးလိုက်တဲ့အတွက် အဲဒီမြို့တွေမှာ နေထိုင် အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံဘက်က အလုပ်သမားတွေ အခက်တွေ့နေကြပါတယ်။ မြန်မာတွေအနေများတဲ့ ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွေမှာ အသွားအလာကန့်သတ်ထား အဲဒီမှာရောက်နေတဲ့ မြန်မာတွေလည်း အလုပ်အကိုင်အခက်အခဲတွေ ရှိနေပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းအပြည့်အစုံကို နန်လဖိုင် ပြောပြမှာပါ။

ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ ပြန်ဖြစ်နေတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲက ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွေမှာ ကပ်ရောဂါစည်းမျဉ်းတွေ ထပ်တိုးလိုက်ပါတယ်။ အရင်ထဲက အသွားအလာတွေကန့်သတ်ထားတဲ့မြို့တွေမှာ ကိုဗစ် စည်းကမ်းတွေ ထပ်တိုးလိုက်တာကြောင့် မြန်မာနိုင်ငံဖက်က အလုပ်သမားတွေ အတော်လေး အခက်ကြုံနေပါတယ်။

အိမ်ခန်းတခန်းမှာ လူနှစ်ဦးသာ နေထိုင်ဖို့နဲ့ အိမ်ငှားနေထိုင်သူတွေ ဧည့်စာရင်းတိုင်ရမယ်လို့ သတ်မှတ်ထားပြီး၊ ဒါတွေကို မလိုက်နာဘူးဆိုရင် ဇွန် ၁၅ ရက်နေ့ကစပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ရွှေလီမြို့ ကူးစက်ရောဂါ တားဆီးရေးနဲ့ ထိန်းချုပ်ရေးလုပ်ငန်း ဌာနချုပ်က ကြေညာထားပါတယ်။ အဲဒီမှာနေထိုင်တဲ့ မြန်မာလုပ်သားတွေ အနေနဲ့ ကပ်ရောဂါထက် အလုပ်တွေပိတ်ထားလို့ နေထိုင်စားသောက်ရေး အခက်အခဲတွေရှိနေတယ်လို့ ကျယ်ဂေါင်မှာနေတဲ့ မရွှေစင်က ဗွီအိုအေကိုပြောပါတယ်။

“ဒီဘက်မှာတော့ ရောဂါနဲ့ပတ်သက်ရင် အကုန်လုံးစိတ်ချရတယ်ရှင့်။ အမြဲတမ်း စစ်ခိုင်းနေတာဆိုတော့ ကာကွယ်ဆေးလည်း ထိုးပြီးပြီဆိုတော့ ကျယ်ဂေါင်ဘက်မှာက သိပ်စိတ်ပူစရာမရှိဘူး။ ဒါပေမဲ့ အလုပ်လုပ်လို့ မရဘူး၊ အလုပ်မရှိဘူး။ ကိုဗစ်ကြောင့် ထိန်းချုပ်ထားတယ်ပေါ့နော်။ အားလုံးပေါင်း လေးလပိတ်တာ၊ အခု ၇လပိုင်းကုန်တဲ့အထိ ကျယ်ဂေါင်ဘက်ကလူတွေက ဘာမှလုပ်လို့မရဘူး။ ကျယ်ဂေါင်ဘက်မှာ ဘာတွေအဓိကလုပ်ရလဲ ဆိုတော့ ကျောက်တို့၊ အွန်လိုင်းရှော့ပ်နဲ့ ကုန်တင်ကားတွေကို မှီခိုပြီးလုပ်ကြတယ်။။ အဲလို မှီခိုပြီးလုပ်နေရတာ အခုက တံခါးကိုပိတ်လိုက်တယ်၊ အပြင်ထွက်လို့မရဘူး၊ ပစ္စည်းတွေလည်း မပေးဝင်ဘူးဆိုတော့ ကားဂိတ်တွေရော၊ အွန်လိုင်းရှော့ပ်လုပ်သူတွေရော အလုပ်မရှိတော့ဘူးပေါ့နော်။ သူတို့အလုပ်မရှိတော့ ကုန်ထမ်းသမားတွေလည်း အလုပ်မရှိတော့ဘူးပေါ့။ ပြီးတော့ ကျောက်ဝိုင်းကိုလည်း ပိတ်ထားတယ်ဆိုတော့ အလုပ်သမားတွေအတွက် နစ်နာတာပေါ့။”

ကပ်ရောဂါ ဖြစ်နေချိန် အလုပ်သမားတွေ စုပြုံနေထိုင်တာကို လျှော့ချဖို့ ဒီလိုကန့်သတ်လိုက်တာ ဖြစ်နိုင်တယ်လို့ မြန်မာလုပ်သားတွေကို ကူညီပေးနေတဲ့ ရွှေလီလူမှုကူညီရေးအသင်း တာဝန်ရှိသူ ဦးစိန်တင့်က ပြောပါတယ်။

“တချို့ကျတော့ အခန်းတွေထဲမှာနေတာ လူက ၆ယောက်ကနေ ၁၀ယောက်အထိ ရှိတယ်။ အဲလို နေတဲ့အခါကျတော့ ဘယ်သူ့ဆီမှာ ဘာပါလာလဲမသိဘူးပေါ့၊ အဲတော့ အဲလိုကန့်သတ်လိုက်တာ။ အခုက သွားလို့ကိုမရတာ။ ကျနော်တို့ မြန်မာနိုင်ငံသားဆို သွားလို့မရဘူး။ တရုတ်ပြည်သားတောင်မှ ရွှေလီနဲ့ ကျယ်ဂေါင်သားပဲ သွားလို့ရတယ်။ ရွှေလီက ရွှေလီမြို့ခံကလွဲလို့ ကျန်တဲ့သူသွားလို့ မရဘူး။ ကျယ်ဂေါင်မြို့တွင်းထဲက လူက နယ်ခံပဲရတယ်၊ ရွှေလီထဲကို သွားမရဘူး။ ရွှေလီထဲက ကျယ်ဂေါင်ကိုသွားမယ်ဆိုလည်း ရွှေလီမြို့ခံပဲ သွားလို့ရတယ်။”

ရွှေလီနဲ့ ကျယ်ဂေါင်မြို့နယ် နှစ်ခုကို ယူနန်ပြည်နယ်အစိုးရက ဧပြီလဆန်းပိုင်းကတည်းက အသွားအလာ ကန့်သတ်ထားတာဖြစ်ပါတယ်။

တစထက်တစ တိုးလာတဲ့ ကပ်ရောဂါစည်းမျဉ်းတွေကြား အလုပ်အကိုင်တွေ ရပ်နေပြီး ဝင်ငွေမရှိတာကြောင့် မြန်မာနိုင်ငံကနေ အလုပ်သွားလုပ်သူတွေ စားဝတ်နေရေးမှာ အခက်ကြုံနေကြပါတယ်။ တရုတ် မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အဓိက သွားလာနေတဲ့ နယ်စပ်ဂိတ်တွေထဲက တရုတ်နိုင်ငံဖက်ဝင်ဖို့ ၁ ခုလောက်ကိုပဲ ဖွင့်ပေးထားပြီး တင်းတင်းကြပ်ကြပ် စစ်ဆေးမှုတွေလုပ်နေပါတယ်။

မြန်မာနိုင်ငံသားတွေ တရုတ်နိုင်ငံထဲမှာ ဝင်ရောက်အလုပ်လုပ်နိုင်ဖို့ စည်းကမ်း တင်းကြပ်ထားတာကြောင့် အရင်ကထက် ပိုခက်ခဲနေတယ်လို့ ဦးစိန်တင့်က ပြောပါတယ်။

“ကိုဗစ်စည်းကမ်းချက်အရ ဆိုရင် လူစုလူဝေးလုပ်လို့ မရဘူး။ လူစုလူဝေးလုပ်ရင် ဖမ်းတယ်။ ဖမ်းပြီးရင် မြန်မာပြည်ဘက်ကို ပြန်ပြန်ပို့တယ်၊ သူတို့ဆီမှာမထားဘူး။ အခုနေထိုင်ခွင့်လုပ်မယ် ဆိုရင်တောင်မှ သူတို့က အကုန်လုံး သူဌေးကိုယ်တိုင်လုပ်ရတယ်၊ ပွဲစားနဲ့လုပ်လို့ မရဘူး။ သူဌေးကိုယ်တိုင် လာပြီးလုပ်ရတယ်၊ လက်မှတ်ထိုးရတယ်၊ အခု အဲလိုလုပ်နေတာ။ တော်တော် တင်းတင်းကြပ်ကြပ်ကို လုပ်ထားတာ။”

မြန်မာပြည်မှာ ကိုဗစ်ကပ်ရောဂါစခဲ့တဲ့ ၂၀၂၀ ဧပြီလကစလို့ တရုတ်ဘက်က နယ်စပ်ဂိတ်တွေကနေ အဝင် အထွက်ကို ကန့်သတ်ခဲ့ပါတယ်။ မြန်မာ၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့နဲ့ နယ်နမိတ်ထိဆက်နေတဲ့ တရုတ်နိုင်ငံ ယူနန်နယ်မှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ခုလို တင်းကြပ်တဲ့ စည်းကမ်းတွေ ထုတ်ပြန်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း အခုရက်ပိုင်း ကိုဗစ်အတည်ပြုလူနာတွေ ပြန်တိုးလာနေပြီး ဇွန် ၆ ရက်နေ့က အတည်ပြုလူနာ ၆၄ ယောက်တေ့ွရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ည ၈ နာရီသတင်းမှာ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


............

(Unicode)













XS
SM
MD
LG