သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိနိုင်ငံက ယူကရိန်းကို F 16 တိုက်လေယာဥ် ကိုင်တွယ်နိုင်ဖို့ လေ့ကျင့်ပေးမည်


ဂရိဝန်ကြီးချုပ် Kyriakos Mitsotakis နဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy တို့ ဂရိနိုင်ငံ၊ အေသင်မြို့မှာ တွေ့ဆုံကြစဥ်။​(သြဂုတ် ၂၁၊ ၂၀၂၃)
ဂရိဝန်ကြီးချုပ် Kyriakos Mitsotakis နဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy တို့ ဂရိနိုင်ငံ၊ အေသင်မြို့မှာ တွေ့ဆုံကြစဥ်။​(သြဂုတ် ၂၁၊ ၂၀၂၃)

ဂရိနိုင်ငံက ယူကရိန်းကို F 16 တိုက်လေယာဥ် ကိုင်တွယ်နိုင်အောင် လေ့ကျင့်ပေးမယ်လို့ ယူကရိန်းသမ္မတကို ပြောလိုက်ပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelensky ဟာ တနင်္လာနေ့မှာ ဂရိနိုင်ငံ အေသင်မြို့ ကို ရောက်ရှိခဲ့ပြီး ညမှာ ဥရောပသမဂ္ဂနဲ့ ဘော်ကန်ဒေသခေါင်းဆောင်တွေနဲ့ အလွတ်သဘော ညစာစားခဲ့တယ်လို့ ဂရိဝန်ကြီးချုပ်ရုံးက ပြောပါတယ်။ ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ ယူကရိန်းသမ္မတက ခုလို ပြောပါတယ်။

“ဒီကနေ့ အရေးကြီးတဲ့လေကြောင်းမဟာမိတ်တရပ်ကို ကျနော်တို့ ဖွဲ့နိုင်ခဲ့ပါတယ်။ ဂရိက F 16 တိုက်လေယာဥ်‌လေ့ကျင့်ပေးရေးမှာ ပါဝင်မှာပါ။ ဒီ ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျနော်တို့ရဲ့ လွတ်လပ်မှုကိုကာကွယ်ရာမှာ ယူကရိန်းကိုကူညီဖို့ဆန္ဒရှိကြတဲ့အတွက် ဂရိဝန်ကြီးချုပ်နဲ့အဖွဲ့ကို ကျေးဇူးတင်ပါတယ်။” လို့ ယူကရိန်းသမ္မတ Volodymyr Zelensky က ပြောသွားတာပါ။

ဆွီဒင်၊ နယ်သာလန်နဲ့ ဒိန်းမတ်တို့ကို သွားရောက်ခဲ့ပြီးတဲ့နောက် ဂရိဟာ ယူကရိန်းသမ္မတသွားနေတဲ့ ဥရောပခရီးစဥ် ရဲ့ နောက်ဆုံးခရီးလည်း ဖြစ်ပါတယ်။ နယ်သာလန်နဲ့ဒိန်းမတ်တို့က F 16 တိုက်လေယာဥ်တွေပေးမယ်လို့ သူ့ရဲ့ခရီးစဥ် မှာ ကြေညာခဲ့ကြပါတယ်။ ဂရိဝန်ကြီးချုပ်ဟာ ဘော်လ်ကန်ခေါင်းဆောင်တွေနဲ့ အင်္ဂါနေ့အထိ တွေ့ဆုံနေတာပါ။

တနင်္လာနေ့ အလွတ်သဘောညစာစားပွဲကို ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen၊ ဥရောပကောင်စီအကြီးအကဲ Charles Michel၊ ဆာဘီးယား၊ မော်လ်ဒိုဗာ၊ မွန်တီနီးဂရိုးနဲ့ ရိုမေးနီးယားနိုင်ငံတွေရဲ့ သမ္မတတွေ၊ ကိုဆိုဗို၊ မာစီဒိုးနီးယား၊ ဘူလ်ဂေးရီးယားနဲ့ ခရိုအေးရှားဝန်ကြီးချုပ်တွေနဲ့ ဘော့စ်နီးယား၊ ဟာဇီဂိုဗီးနားက ဝန်ကြီးများကောင်စီ အမျိုးသမီးဥက္ကဋ္ဌတွေလည်း တက်ရောက်ခဲ့ကြတယ်လို့ ဂရိဝန်ကြီးချုပ်ရုံးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG