သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်လွတ်လာသူတွေထဲ သတင်းသမား ၉ ဦးပါ 


စိန်ရတုလွတ်လပ်ရေးအထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွှတ်ခံရသူတွေကို လာရောက်ကြိုဆိုနေသူများ။ (ဇန်နဝါရီ ၄၊ ၂၀၂၃)
စိန်ရတုလွတ်လပ်ရေးအထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွှတ်ခံရသူတွေကို လာရောက်ကြိုဆိုနေသူများ။ (ဇန်နဝါရီ ၄၊ ၂၀၂၃)

[[Zawgyi/Unicode]]

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဆိုပြီး စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်နဲ့ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ သတင်းထောက် အနည်းဆုံး ၉ ဦး ပြန်လွတ်လာပါတယ်။ ဒါပေမဲ့ အကျဉ်းထောင်တွေထဲမှာ သတင်းသမား ၅၀ နီးပါး ကျန်ရှိနေတာမို့ သူတို့အားလုံးကို လွှတ်ပေးဖို့ သတင်းမီဒီယာအသိုင်းအဝိုင်းက လိုလားပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

လွတ်လပ်ရေး အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား ၇,၀၀၀ ကျော် ဇန်နဝါရီ ၄ ရက်က ပြန်လွှတ်ပေးတဲ့ထဲမှာ သတင်းထောက်တချို့ လွတ်လာပါတယ်။ လက်ရှိသတင်းထောက်တွေ ကောက်ယူထားတဲ့စာရင်းတွေအရ ပြန်လွတ်လာတဲ့ သတင်းသမား ၉ ဦး အနည်းဆုံး ပြန်လွတ်လာပါတယ်။ အများစုက သတင်းလုပ်ငန်းလုပ်ကိုင်နေချိန် ဖမ်းဆီး ထောင်ချခံခဲ့ရသူတွေဖြစ်ပါတယ်။ ထောင်တွေထဲမှာလဲ သတင်းသမား တော်တော်များများကျန်ရှိနေသေးတာမို့ ဒီလူတွေအားလုံးလွတ်လာစေဖို့ လိုလားတယ်လို့ ပြန်လွတ်လာတဲ့ သတင်းသမားတဦးက ဗွီအိုအေကိုပြောပါတယ်။

“လွတ်လာတဲ့အပေါ်ဘာပြောချင်လဲလို့ဆိုတော့ လွတ်လာတဲ့အပေါ်ပျော်လားမေးမယ်ဆိုရင်တော့ ပြောရတယ်၊ ကျမအပြည့်အဝမပျော်ပါဘူး။ ဘာလို့ဆို အကျဉ်းထောင်ထဲမှာ ကျမတို့လူတွေအများကြီးကျန်ပါသေးတယ်။ သတင်းထောက်တွေအများကြီး လွှတ်ဖို့ကျန်ပါသေးတယ်။ သတင်းထောက်တွေအများ ကြီးရှိပါသေးတယ်။ အဲဒါတွေလွှတ်ပေးမှသာ ကျမတို့ မီဒီယာအခန်းကဏ္ဍက မှန်မှန်ကန်ကန်နဲ့ ကောင်းကောင်းမွန်မွန်သွားနိုင်မှာပါ။”

အခုနောက်ဆုံး ပြန်လွတ်လာသူတွေထဲ အလွတ်တန်းသတင်းထောက် အလှလေးသူဇာ၊ 7Day သတင်းထောက်ဟောင်း ကိုစိုင်းကိုကိုထွန်း၊ ရွှေဖီမြေသတင်းဌာနက မလွေးအမ်းဖောင်း၊ ဇေယျာတိုင်း သတင်းဌာနက ကိုပြည့်ဖြိုးအောင်၊ မြစ်မခသတင်းမီဒီယာက ကိုမျိုးမင်းထွန်း၊ တိုင်းဧရာသတင်းဌာနနဲ့ SKYNET သတင်း ဌာနတို့က ရုပ်သံသတင်းထောက် မရွှေရည်ဝင်း၊ အလွတ်တန်းသတင်းထောက် အောင်ဇော်ဇော်၊ အလွတ်တန်း သတင်းထောက် ရဲထွန်းဦးနဲ့ အလွတ်တန်းသတင်းထောက် ရဝေအောင်တို့ ပါဝင်တယ်လို့ သိရပါတယ်။

သတင်းထောက်တချို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာ နောက်ဆုံးပတ်ကပဲ သတင်းသမား ၄ ယောက်ထက်မနည်း ဖမ်းဆီးခံရ၊ ထောင်ချခံခဲ့ရပါတယ်။ လက်ရှိစာရင်းတွေအရဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာ့မှာ သတင်းသမားဖမ်းခံရသူ ဒုတိယအများဆိုးရှိနေတာမို့ ဒါဟာ လက်ရှိ မီဒီယာလွတ်လပ်ခွင့်ကို ပြနေတာပဲလို့ အမည်မဖော်လိုတဲ့ ဝါရင့်သတင်းသမားတဦးက VOA ကို ပြောပါတယ်။

“သတင်းသမားတွေ အများကြီးကျန်သေးတယ်။ ၅၀ လောက်ကျန်သေးတယ်။ ပြောရင်တော့ ကမ္ဘာမှာ ဒုတိယအများဆုံးဖမ်းခံရတဲ့ နိုင်ငံဖြစ်နေဆဲပဲ။ မြန်မာရဲ့သတင်းလွတ်လပ်ခွင့်ကဘယ်လိုအခြေအနေ ရှိလဲဆိုတာကိုဖော်ပြနေတာပါဘဲ။ နောက်တခုကတော့သတင်းသမားတွေ လွတ်လာပေမယ့်လည်း ဒီ လူတွေသတင်းအလုပ်ကိုပြန်ပြီးတော့ လုပ်နိုင်တဲ့အနေအထားမရှိဘူးပေါ့နော်။ သတင်းအလုပ်ကို ပေါ် ပေါ်ထင်ထင်လုပ်လို့မရတဲ့အနေအထားဆိုတော့ ဒါကတော့ထင်ရှားတယ်။ သတင်းမီဒီယာလွတ်လပ်ခွင့်က ခြိမ်းခြောက်မှုအောက်မှာ ရှိနေဆဲပါပဲ။”

မြန်မာနိုင်ငံအတွင်းမှာ၂၀၂၁ ခုနှစ်က စစ်အာဏာသိမ်းပြီးတဲ့နောက် သတင်းသမား ၁၅၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်အထိ သတင်းသမား ၅၀ လောက် အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲပဲလို့ သတင်းမီဒီယာ ကာကွယ်ရေးအဖွဲ့တွေက စာရင်းပြုစုထားပါတယ်။ မြန်မာစစ်ကောင်စီ ပြောခွင့်ရသူကတော့ သတင်းသမားတွေကို သတင်းလုပ်ငန်းကြောင့် ဖမ်းဆီးတာမျိုးမဟုတ်ဘဲ တည်ဆဲဥပဒေတရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လို့ ဖမ်းဆီးတာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ပြန်လွတ်လာသူတွေထဲ သတင်းသမား ၉ ဦးပါ.mp3
please wait

No media source currently available

0:00 0:03:07 0:00
တိုက်ရိုက် လင့်ခ်

======================

[[Unicode]]









ဆက်စပ်သတင်းများ ...

XS
SM
MD
LG