အိန္ဒိယရေဘေး ဒေသခံသောင်းချီ နေအိမ်တွေ စွန့်ခွာထွက်ပြေးရ

အိန္ဒိယ နိုင်ငံ အရှေ့မြောက်ပိုင်းက Tripura ပြည်နယ်မှာ ရေဘေးကြောင့် ဒေသခံသောင်းချီ နေအိမ်တွေ စွန့်ခွာထွက်ပြေးရ

အိန္ဒိယအရှေ့မြောက်ပိုင်းက Tripura ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံတာနဲ့ အတူ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တဲ့ အတွက် သေဆုံးသူ ၂၃ ဦးထက် မနည်းရှိနေသလို လူပေါင်း ၆ သောင်းခွဲကျော် နေအိမ်တွေ စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ သောကြာနေ့မှာ အာဏာပိုင်တွေက ပြောပါတယ်။

ဒေသခံတွေကို အသက်ကယ်လှေတွေနဲ့ ဘေးလွတ်ရာကို စစ်သားတွေက ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ကူညီရေး အတွက် စစ်သား ၈၀ ကျော်ကို တာဝန်ချထားတာ ဖြစ်ပြီး သူတို့က ရေကြီးလို့ ဘယ်မှ သွားမရပဲ ဖြစ်နေသူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ပို့ပေးနိုင်ခဲ့တယ်လို့ အိန္ဒိယ စစ်တပ်ကပြောပါတယ်။

ရေဘေးဒုက္ခသည်တွေအတွက် ဒုက္ခသည် စခန်း ၄၅၀ ဖွင့်ပေးထားတယ်လို့လည်း တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

အခု ဖြစ်ပွားတဲ့ ရေကြီးမှု၊ မြေပြိုမှုတွေကနေ အခြေခံအဆောက်အအုံတွေ၊ စိုက်ပျိုးထားတဲ့ ကောက်ပဲ သီးနှံတွေ၊ မွေးမြူရေးလုပ်ငန်းတွေ အများအပြား ပျက်စီးခဲ့ရပြီး ဒေသခံ ၁.၇ သန်း လောက်ကို ထိခိုက်စေခဲ့တာပါ။

သေဆုံးသူ အများစုဟာ မြေပြိုမှုကြောင့် ဖြစ်ပြီး တချို့ဟာ မြေပြိုမှုကနေ နောက်ဆက်တွဲ ရွံ့အိမ်တွေရဲ့ နံရံတွေ ပြိုကျပြီး လူတွေ နစ်မြုပ်ခဲ့တာ ကြောင့်ဖြစ်ကြောင်း သဘာဝဘေး အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှု တာဝန်ခံအရာရှိက ပြောပါတယ်။

ဒုက္ခသည် တွေအတွက် ရေကြီးရေလျှံမှု နောက်ဆက်တွဲ အဖြစ် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားလာမှာကို စိုးရိမ်ရကြောင်းလည်း ကယ်ဆယ်ကူညီရေး တာဝန်ခံတွေက ပြောပါတယ်။

Your browser doesn’t support HTML5

အိန္ဒိယရေဘေး ဒေသခံသောင်းချီ နေအိမ်တွေ စွန့်ခွာထွက်ပြေးရ