မတ္တရာဝန်းကျင် စစ်ကောင်စီ လေကြောင်း တိုက်ခိုက်

မတ္တရာမြို့ အနောက်ဘက် ၉ မိုင်အကွာမှာရှိတဲ့ ဝေါစုကျေးရွာက ဝေါဘုန်းကြီးကျောင်းကို အောက်တိုဘာ ၁၁ ရက် လေကြောင်းတိုက်ခိုက်မှု အပြီး မြင်ကွင်း။ ဓာတ်ပုံ - MPDF

မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာက စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူ တဒါဇင်ထက် မနည်းသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ဝေါစုကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ညနေပိုင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေပါတယ်။ မတ္တရာမြို့နယ်ထဲက လေကြောင်းတိုက်ခိုက်ခံရမှု အခြေအနေတွေကို ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

မတ္တရာမြို့ အနောက်ဘက် ၉ မိုင်အကွာမှာရှိတဲ့ စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဝေါစုကျေးရွာက ဝေါဘုန်းကြီးကျောင်းကို အောက်တိုဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီမှာ စစ်တပ်ဘက်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးတဲ့ထဲမှာ သံဃာတော်တွေအပြင်၊ ကလေးငယ်တွေလည်း ပါဝင်နေတာ ဖြစ်ပြီး အခုတော့ စစ်ဘေးရှောင်တွေကို ဘေးကင်းလုံခြုံတဲ့နေရာတွေ ရွှေ့ပြောင်းပေးနေတယ်လို့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်နေရာမှာရှိနေတဲ့ မတ္တရာဒေသခံ တယောက်က အခုလို ပြောပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်းက ပျက်စီးမှု တချို့ မြင်ကွင်း။ ဓာတ်ပုံ - MPDF

"ဝေါ စစ်ရှောင်စခန်း ဘုန်းကြီးကျောင်းပေါ့နော် အဲ့မှာလာပြီးကြဲသွားတာခင်ဗျ။ သေဆုံးက လောလောဆယ် ၁၂ ယောက်ပေါ့နော်။ အချက်အလက်ကောက်ရသလောက်က သံဃာတော် ၃ ပါး ပါပါတယ်။ ဒီဆေးကုသမှု ခံယူနေစဉ်အတွင်းမှာပဲ ၃ ယောက် ထပ်သေတယ်လို့ ကျွန်တော်တို့ သတင်းထပ်ရတယ်။ အဲ့သေဆုံး ၃ ယောက်ကို သွားပြီးတော့ မကြည့်ရသေးဘူးခင်ဗျ။ လူနာတွေကများတော့ ပြန့်ကြဲနေတော့ သွားရေးလာရေးက အဆင်မပြေလို့။ ဒဏ်ရာရကတော့ လူဦးရေ ၂၀ ကျော်လောက် ဒဏ်ရာရတာပေါ့နော်။ အဲ့မှာရှိတဲ့ စစ်ရှောင်တွေကို တခြားတနေရာတော့ ရွှေ့ပြောင်းထားတယ်ခင်ဗျ။ လုံခြုံတဲ့နေရာပေါ့နော်။ ထိခိုက်ဒဏ်ရာတွေကတော့ ကျွန်တော်တို့ဘက်ကရှိတဲ့ ဆေးခန်းလေးတွေမှာပေါ့နော်။ လိုက်ပြီးတော့ပို့ထားတယ်ပေါ့။ တနေရာတည်းမှာ ဆေးခန်းက အဆင်မပြေလို့လေ။"

လေကြောင်းက တိုက်ခိုက်ခံရတဲ့ ဝေါစုကျေးရွာနဲ့ ၂ မိုင်ကျော်မှာ စစ်တပ်စစ်ကြောင်းရှိပေမယ့် တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းက တိုက်ခိုက်တာအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာအပြင် အဝေးထိန်းဒရုန်းတွေနဲ့ ဗုံးသီးတွေ ပစ်ချတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ သေဆုံးတဲ့ထဲမှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တွေလည်း ပါဝင်ပြီး ၁ နှစ်အရွယ် ကလေးငယ် ၂ ဦး ထက်မနည်းလည်း ဒဏ်ရာရရှိခဲ့တာပါ။

Your browser doesn’t support HTML5

လေကြောင်းရန်ကာကွယ်ရေးကူညီဖို့ တက်ကြွလှုပ်ရှားသူများ ကန်ကိုတိုက်တွန်း​​​​​​​

အခုလို မတ္တရာမြို့နယ်ထဲ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်မှု တစုံတရာမရှိသေးပါဘူး။

မွန်းလွဲပိုင်း ဝေါစုကျေးရွာတိုက်ခိုက်ခံရပြီးနောက် ညနေပိုင်းမှာဆိုရင်လည်း မတ္တရာ အနောက်ခြမ်းက ကျေးရွာတွေကို စစ်တပ်က နောက်ထပ် လေကြောင်းတိုက်ခိုက်မှု ဆက်လုပ်နေတယ်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

"အနောက်ထဲကြဲနေတာ အဲ့ဘက်ဖြစ်ဖို့များတယ်။ တလုံးကြဲလိုက်ပြီ အခုတလုံးထပ်ကြဲနေပြီ။ အခုတကြိမ်ကြဲနေပြီ လေယာဉ်သံ တက်လာပြီ။ ၂ ကြိမ်ရှိသွားပြီ ခုနကတကြိမ် အခုတကြိမ်။ အခုက တနေရာနဲ့တနေရာဖြစ်လို့ ပစ်ကြခတ်ကြတာ သိပ်မဆန်းဘူး။ အခုက မဆိုင်တဲ့နေရာတွေမှာ အဲ့လိုတွေဖြစ်နေတာ။"

အောက်တိုဘာ ၁၀ ရက်ကလည်း အခုလေကြောင်းတိုက်ခိုက်ခံရတဲ့ ဝေါစုကျေးရွာနဲ့ ဘေးချင်းကပ်မှာရှိတဲ့ ဝန်စုကျေးရွာက နေအိမ်တွေလည်း မီးရှို့ခံရပြီး မီးရှို့ခံရတဲ့ နေအိမ်အရေအတွက် အတိအကျ မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ်နေရာတော်တော်များများကို ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားသလို စစ်တပ်ဘက်ကလည်း အင်အားတိုးပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတာဖြစ်ပြီးတော့ စစ်ရေးတင်းမာနေပါတယ်။

Your browser doesn’t support HTML5

မတ္တရာဝန်းကျင် စစ်ကောင်စီ လေကြောင်း တိုက်ခိုက်