Your browser doesn’t support HTML5
ပုဂံက ရှေးဟောင်းအမွေအနှစ်တွေ ရေရှည်တည်တံ့အောင်ထိန်းသိမ်းရေးအတွက် သက်ဆိုင်ရာဌာနတွေ ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ လူထုကိုလည်း စံနစ်တကျအသိပညာပေးဖို့ လိုအပ်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ UNESCO အဖွဲ့ရုံးရဲ့ နိုင်ငံတကာပူးပေါင်းညှိနှိုင်းရေးမှူးဒေါ်ဥမ္မာမျိုး က ပြောဆိုလိုက်တာပါ။ ဒေါ်ခင်စိုးဝင်း မေးမြန်းထားပါတယ်။
မေး ။ ။ ပုဂံဒေသကို UNESCO ကနေ World Heritage ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်လိုက်တာနဲ့ ပတ်သက်လို့ ကြိုးပမ်းချက်လေးတွေကို အကျဉ်းချုံးပြီးတော့ ပြောပြပေးပါရှင့်။
ဖြေ ။ ။ ပုဂံဒေသကို ကျမတို့က ၂၀၁၃ လောက်ကတည်းကနေ စပြီးတော့ ကြိုးစားခဲ့ကြပါတယ်။ အဓိကတော့ ကမ္ဘာ့အမွေအနှစ်ဝင်ဖို့ အချက် (၂) ချက် ရှိပါတယ်။ တချက်ကတော့ ဒီဒေသက ဘာကြောင့် ကမ္ဘာ့အမွေအနှစ် ဝင်သင့်သလဲဆိုတာကို ဖော်ပြရတယ်။ အဲဒီတော့ ပုဂံမှာရှိတဲ့ ဘုရားပုထိုးစေတီတွေ။ နောက်ပြီးတော့ ဒီလောက်နေရာလေးမှာ ဘုရားပုထိုးစေတီပေါင်း သုံးထောင်ကျော် ရှိနေတဲ့အခြေအနေ။ ဒါမျိုးလေးတွေက တခြားဘယ်နေရာမှ မရှိဘူး။ ကမ္ဘာမှာ ဒီတနေရာပဲ ရှိတယ်။ သူ့ရဲ့ ဗိသုကာပညာလက်ရာ၊ အနုပညာလက်ရာ ဒါတွေက ဘယ်လောက်ထိအောင် တိုးတက်မြင့်မားခဲ့တယ်။ (၁၁) ရာစုကနေ (၁၃) ရာစုနှစ်အတွင်းမှာ ပုဂံဒေသရဲ့ ဖွံ့ဖြိုးတိုးတက်ပုံ - ထေရဝါဒ ဗုဒ္ဓသာသနာ ပျံ့ပွားခဲ့ပုံ - ဒါတွေကို တင်ပြနိုင်ဖို့အတွက် လေ့လာချက်တွေ၊ သုတေသနပြုချက်တွေကို လုပ်ရတယ်။ နောက်တခုက ဒီလောက်တောင်မှ အရေးကြီးတဲ့ အမွေအနှစ်တွေကို ဘယ်လိုမျိုးနဲ့ စီမံထိန်းသိမ်းမလဲ။ ပြီးတော့ ဘာဖြစ်လို့လဲဆိုတော့ ပုဂံက အမွေအနှစ်ကြီးပဲ မဟုတ်ဘူး။ ဒေသခံတွေလည်း နေတယ်။ ဒေသခံတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အမွေအနှစ်ကို ထိန်းသိမ်းရေးကို ဘယ်လို ညီမျှမှုရှိအောင် လုပ်မလဲဆိုတာတွေကို စဉ်းစားရတယ်။
အဲဒီအပေါ် မူတည်ပြီးတော့မှ Management Plan စီမံခန့်ခွဲရေးကိုလည်း ရေးဆွဲခဲ့ရတယ်။ အဓိကတော့ Nomination Dossier လို့ခေါ်တဲ့ ကမ္ဘာ့အမွေအနှစ်စင်တာကို အဆိုပြုလွှာ တင်တဲ့အခါမှာ ပုဂံဒေသ အရေးပါပုံ၊ တန်းဖိုးရှိပုံတွေကို ဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့ စီမံခန့်ခွဲမှုစနစ်တွေကို ၂၀၁၃ ကတည်းက စလုပ်ခဲ့တယ်။ ၂၀၁၈ မှာ ကျမတို့က ဒီဟာတွေကို ဖေဖေါ်ဝါရီလ (၁) ရက်နေ့ မတိုင်မီ ၂၀၁၈ ဇန်နဝါရီလ လကုန်ပိုင်းမှာ ကမ္ဘာ့အမွေအနှစ်စင်တာကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကနေ တင်ပြနိုင်ခဲ့ပါတယ်။ ၂၀၁၉ ဇူလိုင် (၆) ရက်နေ့မှာ ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးမှာ ပုဂံဒေသဟာ ကမ္ဘာ့ဒေသ အမွေအနှစ်ဒေသအဖြစ်ကို တရားဝင် ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။
မေး ။ ။ ခြောက်နှစ်ကာလမှာ ကြိုးစားခဲ့ကြတာပေါ့။ အဲဒီ ခြောက်နှစ်ကာလ ကြိုးစားခဲ့ရာမှာ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါလဲရှင့်။
ဖြေ ။ ။ ပထမဦးဆုံးအနေနဲ့ ဒေသခံတွေက စိုးရိမ်ကြောက်လန့်တာတွေ ရှိတယ်။ သူတို့မှာ ၁၉၉၀ တုန်း အတွေ့အကြုံ ရှိတယ်။ ပုဂံမြို့ဟောင်းထဲမှာ နေတဲ့သူတွေကို မြို့သစ်ကို အတင်းအဓမ္မ ရွှေ့ပြောင်းခြင်း ခံခဲ့ရတယ်။ အခုလဲ ဒီလိုမျိုး UNESCO World Heritage ကို ဝင်တယ်ဆိုရင် ထပ်ပြီးတော့ ရွှေ့ရမလားဆိုတဲ့ စိုးရိမ်ပူပန်မှုရှိတယ်။ အဲဒါတွေကို နားလည်အောင် ရှင်းပြရတယ်။ အဲဒီတော့ အဓိကတော့ ကမ္ဘာ့အမွေအနှစ်ကို စီစဉ်ဆောင်ရွက်သော အဖွဲ့အစည်းက UNESCO အဖွဲ့ဆိုတာ ကုလသမဂ္ဂ အဖွဲ့ဖြစ်တဲ့အတွက်ကြောင့်မို့ လူတွေကို ထိခိုက်တဲ့အလုပ်ကတော့ လုံးဝလုပ်လို့မရဘူး။
နောက်တခုကျတော့ အမွေအနှစ်ဒေသထဲမှာ UNESCO ဝင်သွားလို့ရှိရင် မြန်မာနိုင်ငံက အုပ်ချုပ်ရတာ မဟုတ်တော့ဘဲနဲ့ UNESCO က နိုင်ငံခြားသားတွေက လာပြီးတော့ အုပ်ချုပ်တော့မှပဲဆိုတဲ့ ဒီလို စိုးရိမ်မှုတွေလည်း ရှိပါတယ်။ အဓိပ္ပါယ်တလွဲကောက်ကြတယ်။
အဲဒီလိုမျိုး မဟုတ်ပါဘူး။ UNESCO မှာ ဥပဒေလည်း မရှိဘူး။ ထောင်ချတာတို့၊ ဖမ်းဆီးတာတို့ ဘာမှလဲလုပ်လို့ မရပါဘူး။ ဒါသည် သက်ဆိုင်ရာ နိုင်ငံအဖွဲ့၊ သက်ဆိုင်ရာ နိုင်ငံဆိုသည်မှာ UNESCO ကမ္ဘာ့အမွေအနှစ် World Heritage Convention (1972) ကို ဝင်ထားတဲ့ မြန်မာနိုင်ငံအနေနဲ့က သူ့ရဲ့ မြန်မာနိုင်ငံအစိုးရက မြန်မာနိုင်ငံအစိုးရကပဲ မြန်မာနိုင်ငံမှာရှိတဲ့ တည်ဆဲဥပဒေနဲ့အညီ စီမံအုပ်ချုပ်ရမှာ ဖြစ်ပါတယ်။ UNESCO အနေနဲ့က ဒီအမွေအနှစ်တွေ ထိန်းသိမ်းတဲ့နေရာမှာ နည်းပညာအကူအညီ ပေးတာတွေ။ စီမံခန့်ခွဲမှုအပိုင်းမှာ နည်းပညာ အကူအညီပေးတာရယ်၊ စီမံခန့်ခွဲတဲ့အပိုင်းမှာ နည်းပညာပေးတာတွေကိုပဲ လုပ်တာဖြစ်ပါတယ်။
မေး ။ ။ နောက်တခုက ကျမ စိတ်ပူတာက ပုဂံဒေသမှာ တကယ့်ရှေ့ဟောင်းဘုရားပုထိုးတွေကို ဟိုခေတ်တုန်းက စစ်အစိုးရလက်ထက်မှာ ထီးတင်ခဲ့တဲ့ ကိစ္စတွေ ရှိတယ်။ နောက်ပြီးတော့ ပန်းရံတွေနဲ့ ပြုပြင်မွန်မံနေတဲ့အတွက် အပေါ်ယံသဘောလေးတွေ၊ အပေါ်ယံကြောလေးတွေ ပြင်ခဲ့တာတွေ ရှိပါတယ်။ အဲဒီဟာက ငလျင်လှုပ်တဲ့အခါမှာ တော်တော်လေး ပျက်ဆီးသွားတာကို မျက်မြင်ကိုယ့်တွေပဲ ပုဂံဘုရားတွေမှာ ရေပိုက်လုံးကြီးတွေ ထည့်ပြီးတော့ လုပ်ခဲ့တာတွေလည်း ရှိတာပေါ့။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ UNESCO ဘက်က ထောက်ပြတာတွေ ရှိပါသလားရှင့်။
ဖြေ ။ ။ ကျမတို့က ဘာပဲပြောပြော ၁၉၉၀ နောက်ပိုင်းမှာ ပုဂံရဲ့ ရှေ့ဟောင်းအမွေအနှစ်တွေကို ပြင်ဆင်တဲ့နေရာမှာသော်လည်းကောင်း၊ တချို့နေရာတွေမှာ အသစ် တည်ဆောက်တဲ့နေရာမှာသော်လည်းကောင်း ထိန်းသမ်းရေးနဲ့ တည်ဆောက်မှုပိုင်းမှာ အားနည်းချက်တွေ အများကြီးရှိခဲ့တာကို တွေ့ရတယ်။ အဲဒီဟာတွေကို ဘယ်လိုနည်းနဲ့ ကျမတို့ ဘယ်လိုကုစားမလဲ - အဲဒီအတွက်ကို Ratification Guideline အဆင့်လိုက် ဘယ်လို ပြန်လည်ကုစားမလဲဆိုတာကို အချိန်တခု၊ အတိုင်းအတာ အဲဒါတွေပေးပြီးတော့ ပြန်လည်းပြုပြင်ဖို့ဆိုတာကို အကြံပေးထားတာ ရှိပါတယ်။
ဒီနေရာမှာလဲ နည်းနည်းလေး အခက်အခဲ ရှိတာက ဒီဘုရားတွေ အကုန်လုံးက ပုဂံခေတ်က ဘုရားတွေ မဟုတ်တော့တာလဲ ရှိတယ်။ အခုမှ အသစ်တည်တာလည်း ရှိတယ်။ နိုင်ငံတကာနဲ့ ပြည်တွင်းက ပညာရှင်တွေ အားလုံး ဆုံးဖြတ်တာက ဒါတွေအားလုံးက အမွေအနှစ်တော့ အမွေအနှစ်ပဲ။ ဒါပေမဲ့ တည်ဆောက်ရေးပိုင်းမှာ မှားနေတဲ့ဟာတွေကိုလည်း တဖြည်းဖြည်း ပြင်ဆင်ရေးနဲ့ သူတို့ရဲ့ တန်းဖိုးတွေမှာ မြှင့်တက်လာအောင် လုပ်မယ်ဆိုတဲ့ ဆောင်ရွက်ချက်၊ စီမံချက်ကလေးကို ချပြီးတော့ ဒါတွေအားလုံးကိုပဲ ပုဂံရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းထဲ ပါဝင်ဖို့အတွက်ကိုတော့ စီမံဆောင်ရွက်ခဲ့ကြပါတယ်။
မေး ။ ။ ရခိုင်ပြည်နယ် မြောက်ဦးမြို့ကိုသွားတဲ့အခါမှာ မြောက်ဦးမှာရှိတဲ့ ဘုရားပုထိုးတွေကိစ္စ။ သူကတော့ ပုဂံထက်တော့ နောက်ကျပါတယ်။ ဒါပေမဲ့ သူလည်း ရှေ့ဟောင်းမြို့တော် တခုပါပဲ။ အဲဒီမှာ လမ်းခင်းတဲ့ ဆောက်လုပ်ရေးလုပ်သားတွေက ကျောက်တုံးတခုကို မိုင်းခွဲလိုက်ပါတယ်။ ခွဲလိုက်တော့ အပိုင်းအစလေး ထွက်လာတဲ့ဟာလေးက ကျောက်စာ ဖြစ်နေတယ်။ အဲဒါမျိုးပေါ့။ သူတို့ကတော့ တမင်လုပ်လိုက်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့အနီးအနားမှာရှိတဲ့ ကျောက်တုံးကို ခွဲလိုက်တာပါ။ ဒီလိုမျိုး ကျောက်စာတခုကို ခွဲပြစ်လိုက်တဲ့အဆင့်အထိရောက်အောင် ပြည်သူလူထုက အသိပညာ အင်မတန်မှ နည်းနေတာကို တွေ့ရပါတယ်။ အဲဒါမျိုးတွေနဲ့ ပတ်သက်ပြီးတော့ ပညာပေးဖို့ ဘယ်လိုများ စဉ်းစားထားပါသလဲရှင့်။
ဖြေ ။ ။ အဲဒါမျိုးတွေက မြန်မာနိုင်ငံမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေပါ။ ပုဂံ ဆိုလို့ရှိရင် အဆောက်အအုံးတွေက အများစုက အုတ်နဲ့ ဆောက်ထားတယ်။ ဒါပေမဲ့ ကျောက်နဲ့ ဆောက်ထားတာလည်း ရှိတယ်။ ကျောက်နဲ့ ဆောက်ထားတာ လေးခုပဲ ရှိတဲ့အထဲက တစ်ခုက ပိဋိကတိုက် - အဲဒီ ပိဋိကတိုက်က လမ်းခင်းတဲ့အထဲ ပါသွားတယ်။ တစ်ခုလုံးကို ဖြိုပြီးတော့ လမ်းခင်းလိုက်တယ်။ ဆိုတော့ အဲဒီလိုမျိုးတွေလည်း ဖြစ်ခဲ့ဖူးတာရှိတယ်။ ပြီးတော့ ဆရာမ ထောက်ပြသလိုပဲ နံရံပန်းချီတွေကို ရေးခြစ်တာမျိုးတွေ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူက မသိဘူး။ ပုဂံမှာဆိုရင် အမွေအနှစ်ပေါင်း (၄၀၀) ကျော်မှာ နံရံပန်းချီတွေ ရှိတယ်။ နှစ်ပေါင်း (၈၀၀) လောက် နံရံပန်းချီတွေ တစုတဝေးတည်း တွေ့နိုင်တာဆိုရင် အရှေ့တောင်အာရှမှာ ဒီနေရာပဲ ရှိတော့တယ်။ နားမလည်တဲ့အခါကြတော့ အဟောင်းတွေပဲ ပုံတွေဟောင်းနေပါပြီဆိုကာ ဆေးသစ်သုတ်လိုက်တာတွေ ရှိတယ်။ ဒီလိုလျှောက်ပြီးတော့ ရေးခြစ်သွားတာတွေလည်း ရှိတယ်။
ဆိုတော့ အဲဒါကို ပညာပေး လုပ်သင့်တယ်လို့ ထင်တယ်။ တကယ်လို့ ပညာပေးကာလ အတိုင်းအတာတခု ကျော်သွားပြီဆိုရင်လဲ ပြစ်ဒဏ်လေးတွေ ပေးတာ။ ဥပမာ ဖိုင်ချတာမျိုးတွေနဲ့ ထိန်းသိမ်းဖို့လည်း လိုမယ်လို့ ထင်ပါတယ်။
မေး ။ ။ ပုဂံဒေသ UNESCO ဝင်တဲ့အတွက်ကြောင့်မို့ ဂုဏ်ပြုပွဲလည်း အကြီးအကျယ် ကျင်းပခဲ့ပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် ပြောထားတာလေး ရှိပါတယ်။ သူက “ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ခြင်းအတွက် အကျိုးကျေးဇူးတွေ ရှိပါတယ်။ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေကို ကမ္ဘာက သိလာမယ်။ နောက်ပြီးတော့ ပုဂံဒေသမှာရှိတဲ့ ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ယဉ်ကျေးမှု သဘာဝပတ်ဝန်းကျင်ကို ကမ္ဘာ့အဆင့်မီ ကာကွယ်ထိန်းသိမ်းနိုင်မယ်။ ခရီးသွားလုပ်ငန်းတွေ ပိုမိုတိုးတက်လာမယ်။ ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ဝင်ငွေတွေ တိုးပွားလာမယ်” စသဖြင့် ဒီဒေသခံတွေ ဝင်ငွေ တိုးလာတာနဲ့အမျှ ခရီးသွားတွေလည်း လာမယ်။ အဲဒီအခါမှာ ယဉ်ကျေးမှု အမွေအနှစ် ဆက်ပြီးတော့ ထိန်းသိမ်းကြဖို့၊ ရေရှည်တည်တန့်အောင် ထိန်းသိမ်းရမယ့် ဒီစိန်ခေါ်မှုတွေကလည်း အများကြီး ဖြစ်လာမှာပါ။ အဲဒီအခါကြတော့ ဒီစိန်ခေါ်မှုတွေကို UNESCO အဖွဲ့ကြီးအနေနဲ့ စည်းကမ်းချက်တွေ သတ်မှတ်ထားတာ ရှိပါသလား။ ဥပမာ ဒီအရာကို ဘယ်လိုဆက်ပြီး ထိန်းသိမ်းသွားမလဲ ဆိုတာမျိုး။
ဖြေ ။ ။ အဲဒါကလဲ ပုဂံကို ကမ္ဘာ့အမွေအနှစ် တင်ကတည်းက ကမ္ဘာ့အမွေအနှစ် ဒေသတခု ဖြစ်လာခဲ့ရင် အခုန အတိုင်ပင်ခံကြီး ပြောခဲ့တဲ့ မိန့်ခွန်းမှာ ပါသလိုမျိုး ဧည့်သည်က ပိုရောက်လာမယ်။ အဲဒီလို ဧည့်သည် ပိုရောက်လာတာနဲ့အမျှ Positive and Negative Impacts တွေ ရှိလာမှာပေါ့။ ကောင်းကျိုး၊ ဆိုးကျိုး ရှိလာမယ်။ အဲဒီအခါကြတော့ ကောင်းကျိုးကတော့ ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း ပိုလာမယ်၊ ဝင်ငွေတွေ ပိုကောင်းလာမယ်။ အဲဒါကမှန်တယ်။ ကိုယ့်ရဲ့ ယဉ်ကျေးမှု အမွေအနှစ်ကိုလည်း ကမ္ဘာနဲ့တဝှမ်း သိလာမယ်။
ဆိုးကျိုးတွေထဲမှာလဲ အဲဒီလို လူများများ လာတဲ့အတွက် ပိုပြီးတော့ ထိခိုက်ပျက်ဆီးမှုတွေလည်း ပိုဖြစ်လာနိုင်တယ်။ ဥပမာ ဘတ်စ်ကားကြီးတွေ အများကြီး ဿရပါတံခါးကို ဝင်ထွက်နေမယ်ဆိုရင် ဿရပါတံခါးရဲ့ ကြံ့ခိုင်မှုတွေက အရေးကြီးလာမယ် စသဖြင့် အမျိုးစုံပေါ့ ကျမအနေနဲ့ ဒီတစ်ခုကို ဥပမာပေး ပြောတာပါ။ အဲဒါတွေကို ဘယ်လိုမျိုး စီမံဆောင်ရွက်သင့်သလဲဆိုတာကိုလဲ ဒီအမွေအနှစ် တင်ကတည်းက Management Plan ဆိုတဲ့ စီမံခန့်ခွဲမှုထဲမှာ ပါပါတယ်။ အခုအချိန် ကမ္ဘာ့အမွေအနှစ် ပါသွားပြီဆိုတာနဲ့ ဇာတ်လမ်းက ဆုံးသွားတာ မဟုတ်ပါဘူး။ ဇာတ်လမ်းက အခုမှ စတာပါ။ အဲဒီတော့ ဇာတ်လမ်းအစမှာတင် စီမံအုပ်ချုပ်သူတွေအနေနဲ့ အမွေအနှစ် တင်စဉ်က ပြောဆိုထားခဲ့တဲ့အတိုင်း ကတိကဝတ်တွေအတိုင်း စီမံခန့်ခွဲမှုကို စတင်ဆောင်ရွက်ဖို့လည်း လိုပါတယ်။ အဲဒီနေရာမှာ အသိပညာပေးတာ - တဦးချင်း၊ တဖွဲ့ချင်းနဲ့ ဆောင်ရွက်လို့ မရဘူး။ အားလုံးက ပူးပေါင်းပြီး ဆောင်ရွက်ရမယ်။ ဥပမာ သာသနာရေးဝန်ကြီးဌာန၊ ဟိုတယ်နဲ့ခရီး ဝန်ကြီးဌာန၊ ပြည်ထဲရေး၊ အထွေထွေအုပ်ချုပ်ရေး စသဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ - ဒါတွေအားလုံး ပူးပေါင်းပြီးတော့ ပုဂံဒေသကို ဘယ်လိုပုံစံနဲ့ စီမံခန့်ခွဲရေးအတိုင်း စီမံအုပ်ချုပ်ပြီးရင် ပုဂံကို ဘယ်လိုဖြစ်ချင်သလဲဆိုတဲ့ ပုဂံရဲ့ Vision အဲဒါမျိုးကိုလည်း ကြိုတင်ပြီး၊ စဉ်းစားပြီးတော့ လုပ်သင့်နေပါပြီ။
မေး ။ ။ ကျမတို့ ဟိုတလောတုန်းက မန္တလေးမှာရှိတဲ့ ရွှေကျောင်း ပြုပြင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီးတော့ USAID, အမေရိကန်သံရုံး၊ World Monuments Fund တို့ ဝိုင်းဝန်းပံ့ပိုးပြီး ကူညီနေကြတယ်။ အဲဒီမှာ ကူညီနေကြတဲ့ ပန်းပုဆရာကြီးတွေ၊ လက်သမားဆရာကြီးတွေ။ နောက်ပြီးတော့ အင်ဂျင်နီယာတွေက သူတို့ တဘက်မှာ ရွှေကျောင်းပြုပြင်ရေး လုပ်နေတဲ့ ထိန်းသိမ်းနေတဲ့ တချိန်တည်းမှာပဲ အားတဲ့အချိန်မှာ မန္တလေး အနီးတဝိုက်မှာရှိတဲ့ အထက်တန်းကျောင်းတွေကိုသွားပြီးတော့ သူတို့တတွေ ရှေ့ဟောင်းပစ္စည်းတွေကို ဘယ်လိုမျိုး ထိန်းသိမ်းလုပ်ကိုင်နေတယ်။ ပြီးတော့ အိမ်နီးချင်းနိုင်ငံ ကမ္ဘောဒီးယား၊ ထိုင်းတို့ကို သွားပြီးတော့ သူတို့တတွေ ဘယ်လိုထိန်းသိမ်းသလဲ - အယုဒ္ဒရတို့ ဘာတို့ကို သွားခဲ့တယ်။ အန်ကာဝပ်ကို သွားခဲ့ပြီးတော့ သူတို့ ဘယ်လိုထိန်းသိမ်းသလဲဆိုတာကို သွားရောက်လေ့လာခဲ့ပါတယ်။ လေ့လာပြီးတော့ အတုယူစရာလေးတွေ ယူခဲ့ပြီးတော့ သူတို့ လက်တွေ့လုပ်နေတဲ့ဟာ - အီတလီနိုင်ငံက ပညာရှင်တွေလည်းပါတယ်။ နိုင်ငံတကာက ဝိုင်းကူနေတဲ့ ပညာရှင်တွေ ထိန်းသိမ်းတဲ့ နည်းစနစ် - မပျောက်မပျက် ထိန်းသိမ်းတဲ့ နည်းစနစ်တွေကို အသိပညာပေးတဲ့အနေနဲ့ အားတဲ့အချိန်မှာ အထက်တန်းကျောင်းတွေကို သွားပြီးတော့ ပညာပေးလုပ်ငန်းလေးတွေ လုပ်နေတာကို တွေ့ခွင့်ရပါတယ်။ အဲဒီတော့ ပုဂံဒေသမှာလဲ ဒီလိုမျိုး လုပ်နိုင်မယ်ဆိုရင် ကောင်းမလားလို့ပါ။
ဖြေ ။ ။ ပုဂံမှာ အဲဒီလို အသိပညာပေးလုပ်ငန်း လုပ်ရုံတင်မကဘူး၊ ပုဂံမှာက အမွေအနှစ်တွေက သုံးထောင်၊ လေးထောင်ကျော်။ ဒါတောင်မှ မတွေ့သေးတာတွေလည်း ရှိနေအုံးမှာပါ။ အဲဒီအခါကြတော့ ငါးထောင်လောက်လည်း ဖြစ်ချင်ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ အဲဒါတွေကို ထိန်းသိမ်းဖို့က လက်မှုပညာရှင်ပိုင်းမှာတော့ နည်းပါးပါတယ်။ ပုဂံခေတ်က အုတ်ကို ဘယ်လိုလုပ်ခဲ့လဲ။ ဒီလို အုတ်မျိုးကို လိုက်ပြီးတော့ ပြန်လုပ်ပြီလို့ရှိရင် အစားထိုးရမှာကို ဘယ်လိုလုပ်မလဲ။ အင်္ဂတေပန်းလက်ရာတွေကို ပြန်လည်ပြုပြင်တဲ့နေရာမှာ၊ နံရံပန်းချီကို ပြုပြင်တဲ့နေရာမှာ အများကြီးရှိပါတယ်။ အဲဒီအတွက်ကို ကျမတို့မှာ လုံလောက်တဲ့ ပညာရှင်တွေ မရှိသေးပါဘူး။ အဲဒီတော့ အသိပညာပေးရုံတင်မကဘူး၊ သင်တန်းကျောင်းမျိုး ဖွင့်ဖို့လည်း လိုအပ်နေပါတယ်။ ဒါမှ အန်ကောတို့ ဘာတို့ သွားမယ်ဆိုရင်လဲ ဆရာမတို့လည်း တွေ့မှာပါ။ သူတို့မှာ သီးခြားအလုပ်ရုံလေး ရှိပါတယ်။ သီးခြားပညာရှင်တွေနဲ့ ဒီပြင်ဆင်ရေးကို သီးသန့်ထားတယ်။ အဲဒီလိုမျိုးတွေ လုပ်ဖို့လိုတယ်။ အဲဒီအခါမှာ စကားပြောလာမှာ ဘာလဲဆိုတော့ ဘတ်ဂျက်။ အဲဒီတော့ ဘတ်ဂျက် မရှိလို့ မလုပ်နိုင်ဘူးဆိုတာမျိုးကလဲ မဖြစ်သင့်ဘူး။ အခုဆိုရင် ပုဂံရဲ့ ဇုန်ဝင်ကြေးတွေကိုလည်း ဒီလိုမျိုး အမွေအနှစ် ထိန်းသိမ်းတဲ့နေရာမှာ သုံးစွဲဖို့ဆိုပြီး ခွဲတမ်း ချပေးတာမျိုးလည်း ရှိပါတယ်။ ဆိုတော့ ဒီခွဲတမ်းကလဲ တကယ်ပဲ ရှေ့ဟောင်းဦးစီးဌာနနဲ့ ဆက်စပ်တဲ့ တာဝန်ရှိတဲ့လူနဲ့ ဝန်ကြီးဌာနတွေကို ရောက်အောင်။ ပြီးနောက် အဲဒီကနေ စနစ်တကျနဲ့ သင်တန်းကျောင်းတွေကို ပြုစုပျိုးထောင်၊ နိုင်ငံတကာက ပညာရှင်တွေနဲ့ အတွေ့အကြုံတွေ ဖလှယ်ဆိုတဲ့ဟာမျိုး။ သူများနိုင်ငံတွေလည်း သွားရောက်လေ့လာ - ဒါမျိုးတွေလဲ လုပ်ဖို့ကတော့ လိုအပ်နေပါပြီ။
မေး ။ ။ ပုဂံဒေသကို ရေရှည်ဆက်လက်ထိန်းသိမ်းနိုင်ဖို့ကတော့ အများကြီး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရအုံးမှာပါ။
Your browser doesn’t support HTML5