ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း နိုင်ငံခြားငွေကိစ္စ စစ်ကောင်စီ စုံစမ်း

နေပြည်တော်မှာ အာဏာသိမ်းစစ်ကောင်စီကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ (ဓါတ်ပုံ- တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီက အင်္ဂါနေ့က နေပြည်တော်မှာ ပထမဆုံးအကြိမ်အဖြစ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာမှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့ပတ်သက်လို့ စုံစမ်း သိရှိထားတဲ့ အချက်အလက်တွေ ရှိနေတယ်ဆိုတဲ့အချက်ကို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက တာဝန်ရှိသူတွေအပေါ် နောက်ထပ် ပုဒ်မတွေထပ်တိုးပြီး အရေးယူမယ့် အရိပ်လက္ခာဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ မစုမြတ်မွန်က တင်ပြပေးပါမယ်။

နေပြည်တော်မှာ ဖမ်းဆီးခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီကနေ့ Video Conferencing လုပ်ပြီးတော့ ရုံးထုတ်စစ်ဆေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ နဲ့ တရားစွဲထားတယ်လို့ အရင်က သိထားပေမယ့် ဒီနေ့မှာတော့ နောက်ထပ် တစ်မှုတိုးပြီးတော့ တရားစွဲထားတယ်ဆိုတာ သိရတယ်လို့ သူ့ရဲ့ အကျိုးဆောင်ရှေ့နေကြီး ဦးခင်မောင်ဇော်က ပြောပါတယ်။ သဘာ၀ ဘေးအန္တရာယ်စီမံမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ပါ ထပ်ပြီးတော့ တရားစွဲတာဖြစ်ပါတယ်။

နေပြည်တော်မှာ အာဏာသိမ်းစစ်ကောင်စီကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေပြီး နိုင်ငံခြားငွေ စီးဆင်းမှုတွေ တွေ့ရှိထားသလို အချက်အလက်တွေလည်း ရရှိထားတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။

“တွေ့ရှိချက်တွေ အများကြီးရှိပါတယ်။ အဲဒီအထဲက ကျနော် ပြောနိုင်တာတခုပဲ ပြောပါမယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ နိုင်ငံခြားငွေ စီးဆင်းမှုများ တွေ့ရှိရပါတယ်။ အချို့အချက်အလက်များ ရရှိနေပြီဖြစ်ပါတယ်။ သင့်လျော်တဲ့အချိန်ရောက်ရင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ထုတ်ပြန်ပေးတာတွေ ရှင်းလင်းပေးတာတွေ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားပါမယ်။”

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတာဝန်ရှိသူ တချို့ကိုလည်း စစ်အာဏာပိုင်တွေဘက်က ခေါ်ယူမေးမြန်းမှုတွေ ရှိပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တာဝန်ရှိသူတွေအပေါ် နောက်ထပ် စွဲချက်တင်မှုတွေ လုပ်လာမယ့် အလားအလာတွေလို့ မြင်နိုင်ပါတယ်။ ဆက်လက်ဖမ်းဆီးခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်ကိုလည်း ပုဒ်မ ၂၅ နဲ့ တရားစွဲထားပါတယ်။ သူတို့ ၂ ယောက်လုံး ဖမ်းဆီးခံထားရတာဟာ ဒီကနေ့ဆိုရင် ၁၆ ရက်ရှိပါပြီ။ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်သူ ၄၂၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး AAPP က ထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

ဒေါ်ခင်ကြည်ဖောင်ဒေရှင်း နိုင်ငံခြားငွေကိစ္စ စစ်ကောင်စီ စုံစမ်း


..............


(Unicode)




