တီဟီရန်ကိုရောက်နေတဲ့ အီရတ်သမ္မတ Abdul Latif Rashid နဲ့ စနေနေ့မှာ ဆွေးနွေးပွဲမှာ အီရန်ခေါင်းဆောင်ကြီး Ayatollah Ali Khamenei ကရော အီရန်သမ္မတ Ebrahim Raisi ကပါ အရှေ့အလယ်ပိုင်းဒေသတွင်း အမေရိကန်ရှိနေတာအတွက် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
အီရတ်မှာ ၂၀၀၃ ခုနှစ်က အမေရိကန်ဦးဆောင်တဲ့ဝင်ရောက်စီးနင်းမှုကနေ အီရတ်အာဏာရှင် ဆဒ္ဒန်ဟူစိန်ကို ဖြုတ်ချခဲ့ချိန်ကစပြီး အီရတ်အပေါ် သြဇာလွှမ်းမိုးဖို့ အပြိုင်ကြိုးစားနေတဲ့ အီရန်နဲ့ အမေရိကန် ၂ နိုင်ငံ ရန်ဖက်တွေ ဖြစ်ခဲ့ရတာပါ။
IS စစ်သွေးကြွအဖွဲ့ကို အီရတ်က ချေမှုန်းရာမှာ ၂ နိုင်ငံစလုံးက အကူညီပေးခဲ့ပြီး အီရတ်မှာ အခုချိန်အထိ အမေရိကန်ရဲ့တိုက်ခိုက်ရေးတာဝန်ယူမထားတဲ့ တပ်သား ၂,၅၀၀ ရှိနေဆဲဖြစ်ပြီး အကြံဉာဏ်ပေးတာတွေ၊ သင်တန်းတွေပေးနေဆဲ ဖြစ်ပါတယ်။
ဆီးရီးယားမှာလည်း အထူးသဖြင့် Kurds တွေ အုပ်ချုပ်တဲ့ အရှေ့မြောက်ပိုင်းဒေသမှာ လက်ကျန် IS စစ်သွေးကြွတွေကိုတိုက်ခိုက်ရေးအတွက် အမေရိကန်တပ်သား ၉၀၀ လောက်ရှိနေဆဲဖြစ်ပါတယ်။ ဒါ့ပြင် ပင်လယ်ကွေ့ထဲမှာလည်း အီရန်ရဲ့တဘက်ကမ်းဘာရိန်းမှာ အမေရိကန်အမှတ် ၅ ရေတပ်အခြေစိုက်စခန်း ထားရှိတာဖြစ်ပါတယ်။
အီရန်ခေါင်းဆောင်ကြီး Ayatollah Ali Khamenei က အမေရိကန်တွေဟာ ဘယ်သူနဲ့မှ မိတ်ဆွေမဟုတ်သလို သူတို့ရဲ့ ဥရောပဒေသကမိတ်ဆွေတွေကိုတောင် သူတို့ကသစ္စာစောင့်တာမရှိဘူးလို့ အီရတ်သမ္မတ Rashid နဲ့တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။
အီရတ်သမ္မတနဲ့ ဆွေးနွေးပွဲ မစခင်ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာတော့ အီရန်သမ္မတ Raisi က ဒေသတွင်း နိုင်ငံခြားသားတွေနဲ့ နိုင်ငံခြားတပ်တွေရှိနေတာဟာ အကျိုးမရှိသလို အမေရိကန်တွေ ရှိနေတာကလည်း ဒေသတွင်းလုံခြုံရေးကိုထိခိုက်စေကြောင်း ပြောပါတယ်။
အီရန်နဲ့အီရတ်တို့ကြား ၁၉၈၀ နှစ်တွေအတွင်း ၈ နှစ်ကြာ စစ်ပွဲဖြစ်ပွါးခဲ့ပေမယ့် အခုအချိန်မှာတော့ အရေးယူဒဏ်ခတ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အီရန်အတွက် အီရတ်ကလောင်စာဓါတ်ငွေ့နဲ့ လျှပ်စစ်စွမ်းအင်အပြင် စားသုံးကုန်ပစ္စည်းတွေ ဖြည့်ဆည်းပေးနေတဲ့နိုင်ငံဖြစ်နေတာပါ။
Your browser doesn’t support HTML5
အရှေ့အလယ်ပိုင်း ဒေသတွင်း ကန်ရှိနေမှု အီရန်မလိုလား