(Zawgyi/Unicode)
မလေးရှား ဝန်ကြီးချုပ် Mahathir Mohamad ကမျှော်လင့်မထားဘဲ ရာထူးကနေ နုတ်ထွက်စာတင်ခဲ့ပြီးတဲ့နောက် သူ့နုတ်ထွက်စာကို ဘုရင်က လက်ခံပေမဲ့ ဝန်ကြီးချုပ်သစ် မခန့်နိုင်ခင်အထိ ယာယီဝန်ကြီးချုပ်အဖြစ် ဆက်တာဝန်ထမ်းဖို့ ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ်သစ်နဲ့ Cabinet ဝန်ကြီးအဖွဲ့သစ် မဖွဲ့နိုင်ခင်အထိ ဒေါက်တာ မဟာသီယာ ဆက်လက်တာဝန်ယူသွားမယ်လို့ သူ့ရဲ့ရုံးက ကြေညာချက်ထုတ်ပါတယ်။ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင် Anwar Ibrahim ကိုဘေးဖယ်ပြီး ညွန့်ပေါင်းအစိုးရသစ်ဖွဲ့နိုင်ဖို့ ဝန်ကြီးချုပ်ရဲ့ Bersatu ပါတီနဲ့ တခြားအတိုက်အခံပါတီတွေကြား စနေနေ တနင်္ဂနွေရုံးပိတ်ရပ်အတွင်း ဆွေးနွေးခဲ့ကြပြီးနောက် ဝန်ကြီးချုပ် မဟာသီယာ ဒီကနေ့ နုတ်ထွက်စာတင်တာဖြစ်ပါတယ်။ ဒေါက်တာမဟာသီယာ နုတ်ထွက်ကြောင်း ဝန်ကြီးချုပ်ရုံးရဲ့ ကြေညာချက်ထဲမှာတော့ ဘာကြောင့်လဲဆိုတာ ရှင်းပြမထားပါဘူး။
ပါတီခေါင်းဆောင် မဟာသီယာဘက်က ရပ်တည်တဲ့အနေနဲ့ Bersatu ပါတီကလည်း ညွန့်ပေါင်းအစိုးရထဲကနေ နုတ်ထွက်တယ်လို့ ဒီကနေ့မှာပဲ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ Bersatu ပါတီကနေလည်း မဟာသီယာ နုတ်ထွက်ခဲ့တာပါ။ ၂၀၁၈ ရွေးကောက်ပွဲမှာ အသက် ၉၀ ကျော် ဒေါက်တာမဟာသီယာအနိုင်ရခဲ့ပြီးနောက် နောင် ၂ နှစ်ကြာရင် Mr. Anwar ကိုရာထူးလွှဲပေးမယ်ဆိုတဲ့ ကတိနဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့ထားတာဖြစ်ပါတယ်။
လက်ရှိမှာ ဘယ်ပါတီကမှ အစိုးရဖွဲ့နိုင်လောက်အောင် လွှတ်တော်အမတ် အရေအတွက် မပြည့်တာကြောင့် စည်းမျဉ်းခံဘုရင်က အစိုးရသစ်ဖွဲ့နိုင်ဖို့ နိုင်ငံရေးပါတီ တခုခုကို ဖိတ်ခေါ်မလား၊ ဒါမှမဟုတ် ရွေးကောက်ပွဲသစ် ကျင်းပမှာလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ တချိန်က ဒေါက်တာမဟာသီဟာရဲ့ အလုပ်သင်ဖြစ်ခဲ့ပြီးနောင်မှာ နိုင်ငံရေးပြိုင်ဘက်ဖြစ်လာတဲ့ Anwar Ibrahim ဟာ လိင်တူခြင်းဆက်ဆံတယ်ဆိုတဲ့ စွဲချက်နဲ့ ထောင်ဒဏ်ချခံခဲ့ရပြီး ပြီးခဲ့တဲ့ မေလကမှ မလေးရှားဘုရင်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်လာတာဖြစ်ပါတယ်။
ရိုဟင်ဂျာအရေး မြန်မာကို Mahathir Mohamad ဝေဖန်တဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။
Your browser doesn’t support HTML5
................
(Unicode)