၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တဆင့်ပြီးတဆင့် ပြင်ဆင်သွားမှသာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အာမခံနိုင်မှာ ဖြစ်တဲ့ အကြောင်း ဒီကနေ့ ပြည်ထောင်စု လွှတ်တော် မှာပြောကြားတဲ့ နိုင်ငံတော် အခြေအနေ အရပ်ရပ်ရှင်းလင်းတဲ့ မိန့်ခွန်းမှာ နိုင်ငံတော် အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောဆိုသွားပါတယ်။ ဒီပြင်ရခိုင်အရေးကိစ္စမှာလည်း လက်ရှိအစိုးရဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ဥပဒေနဲ့ အညီ ဖေါ်ထုတ်သွားမယ့် အကြောင်း ပြောဆိုပါတယ်။ ရခိုင် ပဋိပက္ခ ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးသာဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။ နိုင်ငံရေး လေ့လာသုံးသပ်သူ တွေဘက်ကတော့ ပဋိပက္ခကို ဘယ်လိုအဖြေရှာမလဲ၊ တိတိကျကျ ရှင်းလင်းသွားတာမျိုး မရှိဘူးဆိုပြီး ဝေဖန်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မေခ ကစုစည်း တင်ပြထားပါတယ်။
ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာပြောကြားတဲ့ နိုင်ငံတော် အခြေအနေအရပ်ရပ် ရှင်းလင်းတဲ့မိန့်ခွန်းမှာနိုင်ငံတော် အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက လက်ရှိအစိုးရပြုပြင်ပြောင်းလဲမှု လုပ်နေတဲ့ အခြေအနေ တိုးတက်မှုနဲ့ အခက်အခဲတွေကို အဓိက တင်ပြသွားပါတယ်။
"၂၀၀၈ခုဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆွေးနွေးညှိနှိုင်းပြီး ကျနော်တို့အစိုးရ မျှော်မှန်းထားတဲ့ အတိုင်း တဆင့်ပြီး တဆင့်လုပ်မှသာအသွင်ကူူးပြောင်းရေး ကိုအာမခံနိုင်မှာ ဖြစ်ပါတယ်။ အလားတူ တိုင်းရင်းသားလူမျိုးစုတွေ အကြားလွတ်လပ်မှု၊ တန်းတူမှုနဲ့ အပြန်အလှန် လေးစားမှုတွေ ကိုတည်ဆောက်နိုင်မှသာ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို လုပ်နိုင် ပါမယ်။ဒါကြောင့် အစိုးရအနေနဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကိုအဓိကထား ဆောင်ရွက် ခဲ့တာ ဘဲဖြစ်ပါတယ်"
နိုင်ငံရေးလေ့လာ စမ်းစစ်သူတဦးဖြစ်တဲ့ ဦးအောင်သူငြိမ်း ကတော့၂၀၀၈ဖွဲ့စည်းပုံပြင်ဖို့နဲ့ တိုင်းရင်းသားတန်းတူရေးကို ပြောလာတယ် ဆိုပေမယ့်ရှင်းရှင်းလင်းလင်း မရှိတဲ့အတွက် ဒီမိန့်ခွန်းဟာ နိုင်ငံတော်အခြေအနေ အရပ်ရပ် ရှင်းလင်းတာမျိုးထက်ကြား ဖြတ်ရွေးကောက်ပွဲ မတိုင်ခင် မဲဆွယ်သပ်သပ်ပြောဆို တာမျိုး ဖြစ်နေသလားဆိုပြီး မေးခွန်း ထုတ်ပါတယ်။
" ဥပမာ ကျနော်တို့အစိုးရ ဆီမှာဘယ်ကာလမှာ နိုင်ငံတော် အခြေပြမိန့်ခွန်းပြောရမယ် ဆိုတဲ့ အချိန်ဇယားမျိုး မရှိဘူး။ အခုတခါက ပြောသင့်လို့ပြောတယ်ပေါ့။ အခုက ကြားဖြတ်ရွေးကောက်ပွဲ နဲ့ အချိန်တိုက်နေတယ်။ အဲလို ဟာရှိတယ်ပေါ့။ ခြုံပြီးသုံး သပ်ရရင်တော့ အခုလက်ရှိ ကျတော်တို့တိုင်းပြည်ကြုံနေရတဲ့ ပြဿနာကို တကယ်ထင်ဟပ် ရဲ့လားပေါ့။ နိုင်ငံတကာဖိအား အတိုင်းအစက ဘယ်လောက်များမလဲ ဘာတွေဖြစ်သင့်လဲ အစိုးရဘယ်လို စဉ်းစားလဲ ဒီလိုတွေကျတော့ ပါမလာဘူး"
ရခိုင်အရေးဟာ မြန်မာအစိုးရ အတွက် နိုင်ငံတကာဘက်က ဖိအားပြင်းထန်စေတဲ့ ကိစ္စတခုဖြစ်စေခဲ့ တယ်လို့ နိုင်ငံတော်အခြေ အနေအရပ်ရပ် ရှင်းလင်းတဲ့မိန့်ခွန်းမှာ ဦးကျော်တင့်ဆွေက ပြောဆိုသွားပါတယ်။ အရင်အစိုးရတွေ လက်ထက်က မဖြေရှင်းနိုင် ခဲ့တဲ့ ရခိုင်အရေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း၇၀ ကျော်ထဲက မီးကြွင်းမီးကျန်တခုဖြစ်ပြီး ဒါကို ဖြေရှင်းရတာမို့ ဒီမိုကရေစီနိုင်ငံ ထူထောင်တာမှာ နှောင့်နှေးမှုတွေရှိခဲ့တယ် လို့ ဦးကျော်တင့်ဆွေ က ပြောဆိုသွားပါတယ်။
"အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဘက်လိုက်မှုမရှိ စုံစမ်းစစ်ဆေး ထုတ်ဖော်သွားမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာဌာနအဖွဲ့တွေ လုံခြုံရေးအဖွဲ့တွေကလည်း ပူးပေါင်းဆောင်ရွက်သွားမယ် လို့ပြောဆိုထားပြီး ဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံဟာ မိမိအချုပ်အခြာ အာဏာကို ကျင့်သုံးပြီး မိမိပြည်တွင်းရေးကိစ္စကို မိမိဘာသာ ဖြေရှင်းဆောင်ရွက်နိုင်စွမ်း ရှိတဲ့ နိုင်ငံ ဒီလိုဖြေရှင်းမယ့်နိုင်ငံ လည်းဖြစ်ပါ တယ်"
လက်ရှိ အစိုးရပြုပြင်ပြောင်းလဲမှု လုပ်နေတဲ့အခြေအနေနဲ့တိုးတက်မှုတွေကို အသားပေး တင်ပြတာဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ ရဲ့ ရှင်းလင်းချက် အပေါ်မှာ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေဘက်က ဝေဖန်မှုတွေ ရှိနေပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက အခုလိုပြောပါတယ်။
"ကျနော့်အမြင်ကတော့ လက်ရှိနိုင်ငံတွင်းဖြစ်နေတဲ့ စီးပွားရေး၊လူမှုရေး၊ နိုင်ငံရေးတွေ ကြုံတွေ့နေရ တာတွေ နိုင်ငံ တကာဖိအားတွေက အခုရှင်းလင်းတင်ပြချက်တွေက အတော့ကို အားမရစရာ ကောင်းတယ်။ အချက်အလက်တွေက အကြောင်းအကျိုး ခိုင်မာဖို့ အခက်အခဲအကျပ်အတည်း ကို ဘယ်လိုကျော်လွှားမလဲဆိုတဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်း တွေတပါထဲ ပါသင့်တယ်။ ဒီမနက်ပြောကြားချက်တွေက ယေဘူယျ ဆန်တာ၊ အပေါ်ယံ ဆန်တာတွေ့ရတယ်။ ဟန်ချက် မညီတဲ့ ရှင်းလင်းတင်ပြမှု တခုဘဲလို့ ကျနော် မြင်ပါတယ်"
နိုင်ငံရေး လေ့လာသုံးသပ်သူတဦးဖြစ်တဲ့ ဦးအောင်သူငြိမ်း ကတော့
"ကြည့်ပြီးတော့ စိတ်ဓါတ်တက်ကြွတာ မဖြစ်ဘူး။ ကြည့်ပြီးတော့ အစိုးရအောင်မြင်မှု ဆိုပြီး အံ့သြတာလည်း မဖြစ်မိဘူး။ ကျနော် တွေ့သလောက်ကတော့ စုပေါင်း အင်အားလိုတယ်။ အစိုးရကို ယုံကြည်ပါ။ ကူညီပါဆိုတာ ဘဲပါတယ်။ ဘာလုပ်မလဲဆိုတဲ့ မဟာဗျူဟာ ဘာမှမတွေ့ရပါဘူး"
ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ ပြောကြားတဲ့ ဦးကျော်တင့်ဆွေရဲ့ မိန့်ခွန်းဟာ NLD အစိုးရလက်ထက်၊ ပြည်ထောင်စုလွှတ် တော်မနားခင် ပြောကြားတဲ့ ဒုတိယအကြိမ် နိုင်ငံတော်အခြေအနေ အရပ်ရပ်ရှင်းလင်းတဲ့ မိန့်ခွန်းဖြစ်ပါတယ်။ ရခိုင်ပြည် နယ်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာ့တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေကို နိုင်ငံတကာရာဇဝတ်ခုံရုံးမှာ အရေးယူရေး ကုလသမဂ္ဂဘက်က တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့တော့ ဒီနေ့မိန့်ခွန်းမှာ တစုံတရာ တုံ့ပြန်ပြောဆို သွားတာမတွေ့ရပါဘူး။
Your browser doesn’t support HTML5