စစ်ကိုင်းတိုင်း တန့်ဆည်မြို့မှာ တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့က စစ်ကောင်စီနဲ့နီးစပ်သူတဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့သေဆုံးသွားခဲ့ပါတယ်။ ဒါ့အပြင် မကွေးတိုင်း ဂန့်ဂေါမြို့နယ်ဘက်က ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်တာတွေ ဖြစ်နေပါတယ်။
ချင်းပြည်နယ်ထဲ လက်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေး တိမ်းရှောင်သူတွေ ပိုများလာတဲ့အတွက် အခုဆို စုစုပေါင်း ၂၀, ၀၀၀ ဝန်းကျင်ရှိသွားပြီလို့ မီဇိုရမ်အခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့တခုက ပြောပါတယ်။
တရုတ်ယူနန်ပြည်နယ်မှာ ကိုဗစ်တကြော့ပြန် ကူးစက်ခဲ့ပြီးနောက် ကျန်းမာရေး ကန့်သတ်မှုတွေ တရုတ်ဘက်ကလုပ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံက သီးနှံတင်ပို့မှုတွေ ထိခိုက်ခဲ့ပါတယ်။ ဈေးကွက် မတည်ငြိမ်မှုတွေဖြစ်တာကြောင့် မြန်မာကုန်သည်တွေ နစ်နာမှု များတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
ပြည်မြို့က DVB သတင်းထောက် ကိုစစ်အုပ်ချုပ်ရေးကောင်စီက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်သလို ၂ပတ်ကျော်လောက် ခေါ်ယူစစ်ဆေးခံရနေရတဲ့ Voice Of Myanmar တည်ထောင်သူကိုလည်း ပုဒ်မ ၅၀၅ (က) နဲ့ အမှုတပ်ကာ ရမန်ရယူလိုက်ပါတယ်။
စစ်အာဏာသိမ်းမှုကို မကျေနပ်လို့ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ကြတဲ့ထဲက တက္ကသိုလ်ဆရာ၊ ဆရာမတချို့ အခု အလုပ်ပြန်ဝင်နေကြတာရှိပါတယ်။
Australia နိုင်ငံထဲမှာ စစ်ကောင်စီနဲ့ စစ်တပ်အသိုင်းအဝိုင်းက မိသားစုတွေကို နိုင်ငံထဲက နှင်ထုတ်ဖို့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ပါတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ လွှတ်တော်အမတ်တွေကလည်း အစိုးရကို တိုက်တွန်းနေပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊ မြို့သစ်၊ ကုန်းလောရွာအနီးမှာ တပ်မတော်နဲ့ KIA အကြား ဖြစ်ပွားတဲ့တိုက်ပွဲဟာ ကြာသပတေးနေ့မှာတော့ စစ်တပ်က လေကြောင်းကနေ ပြန်လည်တိုက်ခိုက်ပြီး တိုက်ပွဲတွေ ပိုမို ပြင်းထန်လာကြောင်း ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကျောင်းတွေကို ပြန်ဖွင့်ဖို့ အာဏာသိမ်း စစ်ကောင်စီက ပြင်ဆင်နေချိန် ပညာရေးနဲ့ဆိုင်တဲ့ အဆောက်အဦးတွေနားမှာ ဗုံးပေါက်ပွဲမှုတွေ ဖြစ်နေပါတယ်။ ရန်ကုန်၊ မော်လမြိုင်၊ မြိုင်၊ လှိုင်းဘွဲ့စတဲ့ မြို့တွေမှာ ဗုံးတွေ ပေါက်ကွဲခဲ့တာပါ။
ဆရာ၊ ဆရာမတွေအပါအဝင် အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လုပ်ကြဖို့ တိုက်တွန်းဆော်သြမှုတွေရှိနေချိန် ကျောင်းပြန်တက်တဲ့ ကျောင်းဆရာတွေကို နယ်မြို့တချို့မှာ ပြည်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။