သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဖွဲ့စည်းပုံဆိုင်ရာ အကြပ်အတည်း


၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားစွက်ဖက်မှုနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးတဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller ရဲ့ အစီရင်ခံစာနဲ့ ဆက်စပ်ပြီး ထပ်မံလိုအပ်တဲ့ အချက်အလက်တွေနဲ့ ထွက်ဆိုချက်တွေ ပံ့ပို့ဖို့ Trump အစိုးရအဖွဲ့ ငြင်းဆိုထားတာဟာ အမေရိကန်ပြည်ထောင်စုကို ဖွဲ့စည်းပုံဥပဒေဆိုင်ရာ အကြပ်အတည်းထဲ ကျရောက်စေတယ်လို့ ဒီမိုကရက် အမတ်တွေက ဆိုပါတယ်။ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် လွှတ်တော်က ဘယ်လောက် ထိန်းချုပ်နိုင်သင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်နဲ့ လွှတ်တော်ကြား အငြင်းပွားဖွယ် ကြုံနေရပါတယ်။ အမေရိကန်အစိုးရအဖွဲ့တွင်း အာဏာဖြန့်ကျက်မှု ညီမျှရေးနဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးကို VOA လွှတ်တော်သတင်းထောက် Katherine Gypson က သတင်းပေးပို့ထားတာကို မအိသန့်စင်က ပြောပြပေးထားပါတယ်။

အိမ်ဖြူတော်ကို လွှတ်တော်က ထိန်းချုပ်ဖို့ ကြိုးစားရင်း ဒီ၂ဖွဲ့ကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ မကြာခဏ ကြုံရတတ်ပါတယ်။ အစိုးရအနေနဲ့ ရာထူးစတင်စဉ်တုန်းက လွှတ်တော်မှာ ကတိပေးထားတဲ့ ကျမ်းကြိမ်ဆိုချက်တွေကို မလိုက်နာတော့ဘူးလို့ ဆုံးဖြတ်ကြတာဖြစ်ကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi က ပြောပါတယ်။

“အစိုးရအဖွဲ့နဲ့ လွှတ်တော်အကြား ထိပ်တိုက်ရင်ဆိုင်မှုက ပိုပြီး ခက်ခဲတဲ့အခြေအနေကို ရောက်နေပြီး အမေရိကန်ပြည်ထောင်စုဟာ Constitutional Crisis လို့ ခေါ်တဲ့ ဖွဲ့စည်းပုံဥပဒေဆိုင်ရာ အကျပ်အတည်းထဲရောက်နေပြီဖြစ်ကြောင်း အောက်လွှတ်တော်တရားရေးကော်မတီဥက္ကဌ Jerrold Nadler က ဆိုပါတယ်။"

ဒါပေမယ့် အစိုးရအဖွဲ့နဲ့ လွှတ်တော်ကြား ဘယ်အဖွဲ့က အာဏာပိုကြီးသလဲဆိုတာကို အမေရိကန်ဖွဲ့စည်းပုံဥပဒေမှာ သေချာပြောထားတာမရှိတာကြောင့် မဲဆန္ဒရှင်ပြည်သူတွေကြား ဘယ်အဖွဲ့ကို ပိုအားကိုးရမလဲ ဝေေ၀ဝါးဝါးဖြစ်နေကြတဲ့အကြောင်း အမေရိကန်ပြည်သူတယောက်ဖြစ်တဲ့ Polly Handy က အခုလို ပြောပါတယ်။

“အကြပ်အတည်းတမျိုးမျိုးဖြစ်နေတယ်ဆိုတာကတော့ အသေအချာပါ။ ဒါပေမယ့် ဖွဲ့စည်းပုံဥပဒေဆိုင်ရာ အကြပ်အတည်းလို့ ခေါ်ရလောက်တဲ့အဆင့် ရောက်နေပြီလားဆိုတာကတော့ ကျမ တပ်အပ်မပြောနိုင်ပါဘူး။”

သမ္မတ Trump ကတော့ လွှတ်တော်အပေါ် သူ့ရဲ့ သမ္မတ အာဏာနဲ့ လွှမ်းခြုံဖို့ ကြိုးစားခဲ့ပါတယ်။ အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်တံတိုင်းကာဖို့ စရိတ်မပေးနိုင်ကြောင်း လွှတ်တော်က ငြင်းဆိုလိုက်တဲ့နောက် သမ္မတ Trump က နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ ဒီမိုကရက်တွေကသာ အဓိကပြဿနာဖြစ်ကြောင်း Twitter လူမှုကွန်ယက်ကနေတဆင့် သမ္မတ Trump က ရေးသားခဲ့ပြီး ဒီသဘောထားကို ရီပါဘလစ်ကန်ပါတီဝင်တွေကလည်း ထောက်ခံပါတယ်။

လွှတ်တော်မှာ ဒီမိုကရက်တွေ အများစုဖြစ်နေတာကသာ တခုတည်းသော အကြပ်အတည်း ပြဿနာဖြစ်ကြောင်း အောက်လွှတ်တော်လူနည်းစုခေါင်းဆောင် ရီပါဘလစ်ကန်အမတ် Kevin McCarthy က ဆိုပါတယ်။

Quinnipiac တက္ကသိုလ်က လတ်တလောစစ်တမ်းတခုအရ အမေရိကန် မဲဆန္ဒရှင်အားလုံးရဲ့ ၆၆ ရာခိုင်နှုန်းရဲ့ သဘောထားက အောက်လွှတ်တော် ဒီမိုကရက်တွေအနေနဲ့ သမ္မတကို တရားမစွဲသင့်ဘူးလို့ ထင်မြင်ကြောင်း ဖော်ပြထားပါတယ်။ မဲဆန္ဒရှင်တယောက်ဖြစ်တဲ့ David Bates ကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

“အာဏာရှိတဲ့ဘက်၊ ပိုပြီး ကျယ်ကျယ်လောင်လောင် ပြောနိုင်တဲ့ဘက်ကို နားယောင်တတ်ကြတယ်လို့ ထင်ပါတယ်။”

ဖွဲ့စည်းပုံဥပဒေအရ ချမှတ်ထားတဲ့ အစိုးရစနစ်ဟာ အရင်တုန်းကလည်း စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။ ဥပမာပြောရရင် - သမ္မတဟောင်း Richard Nixon ဥပဒေကို ချိုးဖောက်ခဲ့မှုတွေကြောင့် တရားစွဲဆိုခံရမယ့်အစား သမ္မတ ရာထူးက နှုတ်ထွက်ခဲ့ပါတယ်။

ဟိုးအရင်တုန်းကလည်း ကျွန်စနစ် ပယ်လိုက်တဲ့ ပြည်နယ်တွေနဲ့ ကျွန်စနစ် ဆက်လက်ကျင့်သုံးနေတဲ့ ပြည်နယ်တွေကြား ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ခဲ့ရာကနေ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ဖူးပါတယ်။

Trump အစိုးရအဖွဲ့ကို တရားရုံးမှာ ဆင့်ခေါ်ဖို့အတွက် လွှတ်တော်မှာ လုပ်ပိုင်ခွင့်အာဏာရှိထားတဲ့အကြောင်း Georgetown တက္ကသိုလ်က Victoria Nourse က ဆိုပါတယ်။

“စွပ်စွဲခံရသူတွေအနေနဲ့ ကိုယ့်ကိုကိုယ်ထိခိုက်စေမယ့် အကြောင်းအချက်ကို တရားခွင်မှာ မပြောဘဲ နေနိုင်တဲ့ ဖွဲ့စည်းပုံဆိုင်ရာ အခွင့်အရေးရှိပါတယ်။ ဒါကို လွှတ်တော်က ဖောက်ဖျက်ပြီး အတင်းစစ်မေးလို့ မရပါဘူး။ ဒါကြောင့် လွှတ်တော်ရဲ့ အာဏာက ဖြန့်ကျက်နေတယ်လို့ ဆိုနိုင်ပါတယ်။ သမ္မတအနေနဲ့ တရားရေးဆိုင်ရာ အခွင့်ထူးကို ကျင့်သုံးနိုင်ပါတယ်။ လွှတ်တော်အတွင်း အများစုပါတီအလွှဲအပြောင်းမှာ လွန်ခဲ့တဲ့ ၅ လတုန်းက ကျမခန့်မှန်းထားခဲ့တာပါ။ သမ္မတအနေနဲ့ အခွင့်ထူးကျင့်သုံးနိုင်တယ်ဆိုပေမယ့် တကယ်လက်တွေ့မှာတော့ ဖြစ်နိုင်ခြေနည်းမယ်လို့ တရားရုံးချုပ်က အရိပ်အမြွက် ပြခဲ့ပါတယ်။”

အစိုးရ၊ လွှတ်တော်အပြင် တတိယမဏ္ဍိုင်ဖြစ်တဲ့ တရားရေးဌာနကလည်း အဆုံးအဖြတ်ပေးနိုင်ပါတယ်။ George Washington ဥပဒေ တက္ကသိုလ်က Alan Morrison က အခုလို ရှင်းပြပါတယ်။

“သမ္မတ ဒါမှမဟုတ် သမ္မတရဲ့ ဝန်ထမ်းတွေ၊ သမ္မတအတွက် အလုပ်လုပ်ပေးနေတဲ့သူတွေကို အပြည့်အ၀ ထွက်ဆိုအပြီးမှာ ဒီအကြောင်း ပြန်ပြောဖို့ ပြည်ထောင်စုတရားသူကြီးက ညွှန်ကြားတာကို သမ္မတက တားမြစ်တယ်ဆိုရင်တော့ ဒါက ဖွဲ့စည်းပုံဥပဒေဆိုင်ရာအကျပ်အတည်း အမှန်တကယ် ဖြစ်မှာပါ။ ”

မဲဆန္ဒရှင် Polly Handy ကတော့ သူ့ရဲ့ စိုးရိမ်ချက်ကို ပြောပြပါတယ်။

“ဖွဲ့စည်းပုံဥပဒေဆိုင်ရာအရေးက ပြည်သူတွေကြား စိတ်ဝမ်းကွဲစေနေပါတယ်။ လွှတ်တော်နဲ့ အစိုးရအတွင်း ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရင် ပြည်သူတွေလည်း နားလည်နိုင်ပြီး ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်။”

ပြည်သူတွေအနေနဲ့ကတော့ အဆင်ပြေစွာလည်ပတ်နိုင်တဲ့ အစိုးရတရပ်ကိုပဲ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

အမေရိကန်နိုင်ငံရေး ဖွဲ့စည်းပုံဆိုင်ရာ အကြပ်အတည်း
please wait

No media source currently available

0:00 0:04:38 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG