သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချို့ယွင်းချက်တချို့ ရှိခဲ့ပေမယ့် အောင်မြင်တဲ့ ရွေးကောက်ပွဲလို့ လေ့လာသူတွေ ကနဦး သုံးသပ်


၂၀၂၀ ရွေးကောက်ပွဲ မဲပေးအပြီး မဲရေတွက်နေတဲ့ မဲရုံဝန်ထမ်းများ။ (နိုဝင်ဘာ ၈၊ ၂၀၂၀)
၂၀၂၀ ရွေးကောက်ပွဲ မဲပေးအပြီး မဲရေတွက်နေတဲ့ မဲရုံဝန်ထမ်းများ။ (နိုဝင်ဘာ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အမြင်အမျိုးမျိုး ရှုထောင့်အမျိုးမျိုးက သုံးသပ်မှုတွေကို မမေခက စုစည်းတင်ပြထားပါတယ်။

ဒီရွေးကောက်ပွဲက အရင်တုန်းက ကျင်းပပြီးစီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲတွေနဲ့ မတူတဲ့ အခြေအနေတခုမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်သလို မတူညီတဲ့ စိန်ခေါ်မှုများကြားဖြစ်တဲ့ ကပ်ရောဂါကာလအတွင်း ကျင်းပရတာဖြစ်လို့ မဲရုံတွေမှာ ကျန်းမာရေး စည်းမျဉ်းတွေနဲ့အညီ ဆောင်ရွက်နေကြရပါတယ်။

တပ်မတော်က ရွေးကောက်ပွဲကော်မရှင်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ပြီးနောက်မှာတော့ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ပါ့မလားလို့ စိုးရိမ်မှုတွေ ရှိနေချိန်မှာပဲ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ကျင်းပပြီးစီးခဲ့တာနဲ့ ပတ်သက်လို့ စောင့်ကြည့်သူတွေ၊ နိုင်ငံရေး လေ့လာသုံးသပ်သူတွေရဲ့ အမြင်အမျိုးမျိုး ရှုထောင့်အမျိုးမျိုး ရှိခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ အောင်မြင်တဲ့ ရွေးကောက်ပွဲတခု အနေနဲ့ ရှုမြင်ပေမယ့် အငြင်းပွားဖွယ် ကိစ္စတချို့ ကြုံတွေ့ရတဲ့အပေါ်မှာ ကော်မရှင်ဘက်က တိကျတဲ့ဖြေရှင်းမှုကို သူက လိုလားပါတယ်။

"ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ သုံးသပ်လို့ ရနိုင်ပါတယ်။ သို့သော်လည်းပဲ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေမှာ အားနည်းချက်တွေ လိုအပ်ချက်တွေ ရှိနေတာလည်း အထင်အရှားပါ။ ရန်ကုန်တိုင်းမှာဆိုရင် ရခိုင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်မှာ မဲပေးတဲ့ စာရွက်ထဲမှာ ကိုယ်စားလှယ် မပါတာတို့၊ နောက် မဲစာရင်းမှာ မပါတာတို့ ဒီလိုအသံတွေ ကြားနေရတဲ့ အခြေအနေကတော့ ဒါ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ အခြေအနေ ဖြစ်တယ်လို့ အလုံးစုံ ကောက်ချက်ချဖို့ကျတော့ ခဲယဉ်းနိုင်တယ်လို့ မြင်ပါတယ်။ လိုအပ်တဲ့ ဖြေရှင်းချက်၊ ပြုပြင်ဆောင်ရွက်မှုတွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။"

နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်နဲ့ တသီးပုဂ္ဂလတွေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒီရွေးကောက်ပွဲအတွင်း ဒီလို မဲပေးတာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာကို ကော်မရှင်ဘက်က လက်ခံထားပါတယ်။ ဒါပေမယ့် အောင်မြင်တဲ့ ရွေးကောက်ပွဲတခု ဖြစ်လာမယ်လို့တော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှုးချုပ် ဦးခင်မောင်ဦးက မျှော်လင့်နေပါတယ်။

"ကျနော်တို့မှာလည်း အကန့်အသတ်က COVID-19 ပေါ့။ အဲဒီကြားထဲမှာ လုပ်ရကိုင်ရတာတွေက အကန့်အသတ်တွေ ရှိတယ်။ ကျန်းမာရေးဆိုင်ရာ စည်းမျည်းစည်းကမ်းတွေနဲ့ ညီအောင်လုပ်ရတော့ အချိန်ကိုက်ဖြစ်အောင်ပေါ့လေ၊ ပြည်သူအားလုံးလည်း မဲပေးလို့ရအောင် ကျနော်တို့ အတတ်နိုင်ဆုံး ကော်မရှင်အဆင့်အဆင့် လုပ်ခဲ့ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာ မဲရုံပေါင်း ၄၀,၀၀၀ ရှိတော့ အားနည်းချက် ချို့ယွင်းချက်တွေ ရှိနိုင်ပါတယ်။ သို့သော် အတတ်နိုင်ဆုံး အကောင်းဆုံး ဆောင်ရွက်ခဲ့ပါတယ်။ အဖြေရလဒ်ကလည်း အားလုံးပေါင်းချုပ်လိုက်ရင် ကောင်းမွန်မယ် ထင်ပါတယ်။"

ကနောင် ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့က ဦးသန်းမြတ်စိုးကတော့ လက်ရှိရွေးကောက်ပွဲကို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအဖြစ် မရှုမြင်နိုင်သေးဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။

"ကိုဗစ်ကာလမှာဆိုတော့ စိန်ခေါ်မှုတွေ ပိုများတယ်။ အဲဒီအချိန်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ကိုဗစ်ကာလအတွင်း လုပ်တာကိုတော့ ကျနော်တို့ တွေ့ရတယ်။ ဒါပေမယ့် COVID-19 ဖြစ်နေတဲ့ကာလ ဖြစ်တဲ့အတွက်ကြောင့်မို့ တချို့ လုပ်ထုံးလုပ်နည်း အမိန့် ညွှန်ကြားချက်တွေက ရှင်းလင်းပြတ်သားမှု မရှိဘူး။ တချို့အပိုင်းတွေမှာ မေးခွန်းထုတ်စရာတွေ ရှိနေတယ်။ အဲလိုမျိုး ရှိနေခြင်းအားဖြင့် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လားလို့ မေးရင်တော့ အားနည်းချက်တွေ ရှိနေတာ တွေ့ရတယ်ပေါ့နော် ။ အဲလိုပဲ လောလောဆယ် ဖြေချင်ပါတယ်။"

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပတဲ့၂၀၂၀ ရွေးကောက်ပွဲမှာတော့ ပြည်နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် ၁,၁၅၇ နယ်မြေအတွက် ပါတီပေါင်း ၉၁ ပါတီက ပါတီကိုယ်စားပြုနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၅,၈၃၉ ဦး ပါဝင်ယှဉ်ပြိုင်ကြမှာပါ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ မဲရုံပေါင်း ၄၁,၀၀၀ ဝန်းကျင်အတွက်ကတော့ မဲရုံဝန်ထမ်းက ၄၁၀,၀၀၀ တာဝန်ယူမှာဖြစ်ပြီး မဲလာပေးမယ့်သူ စုစုပေါင်းကတော့ ၃၇ သန်းကျော် ရှိနိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)













XS
SM
MD
LG