သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ Bhasan Char ကျွန်းပို့တဲ့အပေါ် ပြည်ပရောက် ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေရဲ့ အမြင်သဘောထားများ


Bhasan Char ကျွန်းသို့ ရိုဟင်ဂျာဒုက္ခသည်များ ပြောင်းရွှေ့သည့် မြင်ကွင်း။ (ဒီဇင်ဘာ ၄၊ ၂၀၂၀)
Bhasan Char ကျွန်းသို့ ရိုဟင်ဂျာဒုက္ခသည်များ ပြောင်းရွှေ့သည့် မြင်ကွင်း။ (ဒီဇင်ဘာ ၄၊ ၂၀၂၀)

(Zawgyi/Unicode)

ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာတွေကို ပင်လယ်ကွေ့ထဲရှိတဲ့ ဘာဆန်ချာကျွန်းဆီ ပို့နေတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ ပြည်ပအခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေကြား သဘောထားအမြင် အမျိုးမျိုး ကွဲပြားနေတဲ့ အကြောင်း VOA ဘင်္ဂလားဒေ့ရှ်ဌာနရဲ့ ဆက်သွယ်မေးမြန်းမှုကို ကိုးကားပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ရိုဟင်ဂျာ (၁၆၀၀)ကျော်ကို ဘင်္ဂလားနယ်စပ် ကော့ဆက်ဘဇား ဒုက္ခသည်စခန်းနဲ့ ဝေးလံခေါင်သီတဲ့ ဘာဆန်ချာကျွန်းဆီ ဒီဇင်ဘာ (၄)ရက်နေ့တုန်းက ပထမအသုတ်အဖြစ် ပို့လိုက်ပြီးနောက် ၊ အဲဒီကျွန်းမှာ နေထိုင်ရေး အဆင်မပြေ ဖြစ်ရတယ်လို့ ဒုက္ခသည်တွေက ပြောဆိုထားပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ သူတို့ စားသောက် နေထိုင်ရေး အတွက်ရော အလုပ်အကိုင်အတွက်ပါ ဖန်တီးပေးသွားမယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ဒီလုပ်ရပ်နဲ့ ပတ်သက်လို့ VOA ဘင်္ဂလားဒေ့ရှ်ဌာန Rohingya Lifeline အစီအစဉ်ကနေ ဆက်သွယ်မေးမြန်းရာမှာ အမေရိကန်အခြေစိုက် Arakan Rohingya Union (ARU) ရိုဟင်ဂျာသမဂ္ဂရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါကာအူဒင်က သူ့သဘောထားကို ပြောပါတယ်။

“ ဒီလို ပြောင်းရွှေ့တဲ့ အဓိက အကြောင်းရင်းခံ ၂ ချက်ရှိမယ်လို့ ကျနော်မြင်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ သူ့ရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု ၊ ကိုယ်ပိုင် ဥပဒေေ ၊ အုပ်ချုပ်ရေးစနစ်နဲ့ ပြည်တွင်းပြည်ပ မူဝါဒတွေ ရှိတာနဲ့အညီ သူ့တိုင်းပြည် အကျိုးစီးပွားပေါ်အခြေခံပြီး ဒေသတွင်းမှာ မဟာဗျူဟာကျတဲ့ မူဝါဒအပေါ် အခြေခံ လုပ်ဆောင်တာ ဖြစ်တယ်လို့ မြင်ပါတယ်။ အခုလုပ်ရပ်မှာ ဘင်္ဂလားဒေ့ရှ်ဘက်က ကောင်းမွန်တဲ့ အကြောင်းပြချက်တွေ ရှိမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ နယ်စပ်မှာ လူဦးရေ ထူထပ်နေတာ၊ ကော့ဆက်ဘဇား ဒေသခံတွေနဲ့ကြားမှာ ပဋိပက္ခတွေ ဖြစ်လာနိုင်တာ၊ ဒုက္ခသည်စခန်းထဲမှာလည်း အချင်းချင်းကြား ခိုက်ရန်ဖြစ်တာ တိုက်ခိုက်မှုတွေ ရှိလာတာ စတဲ့ အကြောင်းရင်းတွေအပေါ် အခြေခံပါလိမ့်မယ်။ နယ်စပ်က ဒုက္ခသည် (၁.၂)သန်းကို ထောက်ပံ့ကူညီနေတာကိုကြည့်ရင် ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာတွေအပေါ် ဂရုဏာထားပြီး သူတို့ဒုက္ခတွေကို စာနာမယ်လို့ ယုံကြည်ပါတယ်။”

နောက် တချက်ကတော့ ဒီ ရိုဟင်ဂျာတွေရဲ့ မူလ ဒေသဟာ ရခိုင်ပြည်နယ် ဖြစ်တဲ့အတွက် သူတို့မူလ ဒေသနဲ့ နီးတဲ့ နေရာမျိုးမှာပဲ ထားသင့်ပါတယ်။ ရိုဟင်ဂျာတွေဟာ သူတို့ မူရင်းဒေသ ရခိုင်ကို ပြန်ချင်နေကြတာပါ။ ဘင်္ဂလားဒေ့ရှ်အစိုးရ အခုလို ကျွန်းတခုမှာ နေရာချပေးတယ် ဆိုသည့်တိုင် တနေ့မှာ ရိုဟင်ဂျာတွေကို ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ သူတို့ရဲ့ဇာတိမြေ ရခိုင်ဒေသကို ပြန်ပို့ပေးသင့်ပါတယ်။”

ဦးသိန်းစိန် အစိုးရလက်ထက် ဘူးသီးတောင်မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဖြစ်တဲ့ လက်ရှိ အမေရိကန် တက္ကဆက်ပြည်နယ်မှာ နေထိုင်တဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားသူ ဦးရွှေမောင် (ခေါ်) Abdu Razzak ကလည်း ဘာဆန်ချာကျွန်း ရွှေ့ပြောင်းရေး အစီစဉ်နဲ့ ပတ်သက်လို့ VOA ဘင်္ဂလားဒေ့ရှ်ဌာန Rohingya Lifeline အစီအစဉ်ကေို ခုလို ပြောပါတယ်။

“ဘာဆန်ချားကျွန်းဟာ အသက်ရှင် နေထိုင်ဖို့အတွက် အလွန် လုံခြုံစိတ်ချရတယ်ဆိုတာ ဘင်္ဂလာဒေ့ရှ်အစိုးရက စစ်ဆေးထားပြီးသားပါ ။ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက်လည်း အတော် ကောင်းမွန်တဲ့ နေရာဖြစ်ပါလိမ့်မယ်။ ကုလသမဂ္ဂကတော့ အဲဒီကျွန်းကို ဒီဒုက္ခသည်တွေ ပြောင်းရွှေ့မယ့်ကိစ္စ ဘင်္ဂလားဒေ့ရှ်ဘက်က အသိမပေးခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒီကျွန်း အကြောင်း ကျနော်တို့ မသိသလို၊ ခုလို ရိုဟင်ဂျာဒုက္ခသည်တွေ ပြောင်းရွှေ့ခံရတဲ့ကိစ္စမှာ ကျနော်တို့ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိပါဘူး။ အခုဆိုရင် အဲဒီကျွန်းဟာ အန္တရာယ်ရှိလား ပြောင်းသင့်လားဆိုတာ ရိုဟင်ဂျာတွေကြား ဇဝေဇဝါ ဖြစ်နေပါတယ်။ ခုချိန်ထိ ရိုဟင်ဂျာတွေကို လက်ခံ စောင့်ရှောက်ထားတဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ပြည်သူတွေကို ထပ်လောင်း ကျေးဇူးတင်မိပါတယ်။ ဒီနေရာမှာ ဘင်္ဂလားဒေ့ရှ် အစိုးရကို တခု မေတ္တာရပ်ခံ ချင်တာက ဘာဆန်ချားကျွန်းမှာ စိတ်ချလုံခြုံစွာ နေနိုင်ဖို့အတွက် ပြောင်းရွှေ့ရေး လုပ်ငန်းစဉ်ကို ကုလသမဂ္ဂ တာဝန်ရှိသူတွေနဲ့ လက်တွဲ ဆောင်ရွက် စေချင်ပါတယ်။ ဒါဆိုရင် ရိုဟင်ဂျာတွေကိုယ်တိုင် လိုလိုလားလား ပြောင်းရွှေ့ကြမှာပါ။”

နယ်သာလန်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာအရေးလှုပ်ရှားသူ မြန်မာမူဆလင်အစည်းအရုံး (MMAN) ရဲ့ အထွေထွေ အတွင်းရေးမှူး ဦး Mohamed Eleyas ကလည်း သူ့သဘောထားကို ပြောတာက

“ဒီလို ရိုဟင်ဂျာတွေ ပြောင်းရွှေ့ခံရတဲ့ အစီအစဉ်ကို ကျနော် သဘောမတူနိုင်တဲ့ အချက်တွေရှိပါတယ်။ ဘာဆန်ချား ကျွန်းဟာ ဝေးလံပြီး သွားရေးလာရေး ခက်ခဲတယ်၊ တခါးဖွင့်ထားပေးတဲ့ အကျဉ်းထောင်တခုလိုပါပဲ။ ရိုဟင်ဂျာဘက်က ကြည့်မယ်ဆိုရင် အဲဒီကျွန်းမှာ သင့်တင့် ကောင်းမွန်တဲ့ နေထိုင်စရာ ၊ လွတ်လပ်စွာ သွားလာခွင့် ရှိမယ်ဆိုပေမယ့် နောက်ထပ် ဘာဖြစ်လာမယ်ဆိုတာ ဘာမှ မသိကြပါဘူး။ ကော့ဆက်ဘဇားကနေ ဒုက္ခသည် တသိန်းလောက်ကို အဲဒီကျွန်း ပြောင်းရွှေ့ထားနိုင်ဖို့ နေစရာတွေ အခြားအဆောက်အဦတွေ အတွက် ဘင်္ဂလားဒေ့ရှ်က ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားတာကို သဘောပေါက်ပါတယ်။ ဒါပေမယ့် ဒီကျွန်းမှာ ရေရှည် နေလို့ရရဲ့လားဆိုတာကို သိပ္ပံပညာရှင်တွေ အင်ဂျင်နီယာတွေနဲ့ သေချာ တိုင်ပင်ပြီးမှာ လုပ်သင့်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် (၁.၂)သန်းထဲက တသိန်းလောက် အဲဒီကျွန်းကို ပြောင်းလိုက်တော့ကော နယ်စပ်မှာ ပြသနာတွေက ပြေလည်သ ွားမယ်လို့ ကျနော်မထင်ပါဘူး။ ဒါကြောင့် ရိုဟင်ဂျာတွေ သူတို့ မူလ နေရပ် မြန်မာနိုင်ငံကို ပြန်နိုင်ဖို့အတွက် ပြန်လည်လက်ခံရေး အစီအစဉ် အမြန်ပြန်စနိုင်အောင် မြန်မာအစိုးရကို ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကျနော် တိုက်တွန်းလိုပါတယ်။”

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံ ပယ်ချထားတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ရော ကုလသမဂ္ဂနဲ့ပါ သဘောတူညီမှု ရယူထားပြီး ပြန်လည်လက်ခံရေးကို ဆောင်ရွက်ခဲ့ပေမယ့် ကိုဗစ်ကပ်ရောဂါ ကျရောက်ခဲ့ချိန်ကစလို့ အစီအစဉ်တွေ ရပ်ဆိုင်းနေပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ ဘာဆန်ချာကျွန်းကို ပြောင်းရွှေ့နေတဲ့ကိစ္စ ရပ်တန့်ပေးဖို့ အမေရိကန် အထက်လွှတ်တော် အမတ်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းထဲ ဘင်္ဂလားဒေ့ရှ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။ သီးခြားလွတ်လပ်တဲ့ အကဲဖြတ်ချက်တွေ မပါပဲ ဒီလို ရွှေ့ပြောင်းတဲ့အပေါ် စိုးရိမ်မိကြောင်းနဲ့ ဒီအစီအစဉ်ကို ပြန်လည်ဆန်းစစ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကလည်း တိုက်တွန်း ထားပါ တယ်။



............


(Unicode)












ဆက်စပ်သတင်းများ ...

XS
SM
MD
LG