မြန်မာနိုင်ငံရဲ့အခြေအနေ တိုးတက်မှု မရှိတဲ့အကြောင်း အင်ဒီုနီးရှားနိုင်ငံမှာကျင်းပတဲ့အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ ထိပ်သီးအစည်းအဝေးမှာ ဒေသတွင်းခေါင်းဆောင်တွေက ပြောဆိုပြီး တနိုင်ငံနဲ့ တနိုင်ငံ ကြားဝင်မစွက်ဖက်ရေးမှုကို ပြင်ဆင်ဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ ဆွေးနွေးဖို့ကိုပဲ တိုက်တွန်းနေပါတယ်။
လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ခွင့်မပြုနိုင်သလို အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်အရ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့ထိတွေ့ ဆက်ဆံရပါမယ်။ အာဆီယံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာနိုင်ခြေရှိတဲ့အတွက်အားလုံးပါဝင်ဖို့ ဆိုတာ ပိုပြီး ခိုင်ခိုင်မာမာ လက်ခံဖို့ လိုပါတယ်။ အင်ဒိုနီးရှားအနေနဲ့ စစ်ကောင်စီအပါအဝင် အားလုံးနဲ့ ဆွေးနွေးဖို့ အဆင်သင့် ရှိပါတယ်လို့ သမ္မတ Joko Widodo က ပြောပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးနဲ့ထိတွေ့ဆက်ဆံတယ်၊ ချဉ်းကပ်တယ် ဆိုတာဟာ အသိအမှတ်ပြုတာ မဟုတ်ဘူးလို့လည်း သူကရှင်းလင်းပြောဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံ La-buan Ba-jo မြို့မှာကျင်းပတဲ့ အာဆီယံထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံ ပါဝင်တက်ရောက်ခြင်း မရှိဘဲ အဖွဲ့ဝင် ၉ နိုင်ငံ ခေါင်းဆောင်တွေတွေ့ဆုံကြတာပါ။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကြောင့်အာဆီယံအစည်းအဝေးတွေမှာနိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ ဖိတ်ကြားဖို့ ဆုံးဖြတ်ထားပြီး ဒီဆုံးဖြတ်ချက်ကို ပြင်အုံးမှာ မဟုတ်တဲ့အကြောင်း စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong ကလည်း ပြောဆိုပါတယ်။ မြန်မာနိုင်ငံအခြေအနေဟာ တိုးတက်မှု သိပ်နည်းပြီး ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖေါ်ရေး အခြေအနေဟာ ကောင်းမွန်တိုးတက်မှု ရှိမလာဘူးလို့လည်း ဝန်ကြီးချုပ် Lee Hsien Loong က သတင်းထောက်တွေကိုပြောဆိုပါတယ်။
မလေးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Anwar Ibrahim ကတော့ အာဆီယံအနေနဲ့ တနိုင်ငံနဲ့ တနိုင်ငံ ကြားဝင် မစွက်ဖက်ရေးမှု အပေါ်မှာ ပိတ်မိတ်နေပြီး အရေးကြီးတဲ့ အကြောင်းအရာတွေကို ဖြေရှင်းနိုင်ခဲ့ခြင်း မရှိတဲ့အကြောင်း ဝေဖန်ပြောဆိုပါတယ်။ မြန်မာနိုင်ငံအခြေအနေဟာ ဒေသတခုလုံးကို ရိုက်ခတ်နေတဲ့အကြောင်း ပြောဆိုသွားပါတယ်။