သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မာတင်လူသာကင်းနေ့ ၂၀၂၄ (အမေရိကန်အစိုးရအာဘော်)


ဝါရှင်တန်မြို့တော်က မာတင်လူသာကင်း ဂျူနီယာ အမှတ်တရ ရုပ်တု။
ဝါရှင်တန်မြို့တော်က မာတင်လူသာကင်း ဂျူနီယာ အမှတ်တရ ရုပ်တု။

အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ် ဇန်နဝါရီလရဲ့တတိယ တနင်္လာနေ့ကို ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာ အထိမ်းအမှတ်နေ့အဖြစ် ဂုဏ်ပြုကျင်းပကြပါတယ်။ သိက္ခာတော်ရသင်းအုပ်ဆရာ ဒေါက်တာကင်းဟာ အမေရိကန်တောင်ပိုင်း အလာဘားမားပြည်နယ်က နှစ်ခြင်းခရစ်ယာန်ဓမ္မဆရာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက လူမျိုးရေး ခွဲခြားမှုတွေကို တိုက်ဖျက်ရာမှာ ခေါင်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၃၉ နှစ်အရွယ် ၁၉၆၈ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီနေ့ ဇန်နဝါရီ ၁၅ ရက်နေ့ဟာ ဒေါက်တာကင်းသာ သက်ရှိထင်ရှားရှိခဲ့ရဲ့ အသက် (၉၅) နှစ်မြောက် မွေးနေ့ကို ကျင်းပရမှာလည်း ဖြစ်ပါတယ်။

မာတင်လူသာကင်းနေ့ ၂၀၂၄
(အမေရိကန်အစိုးရအာဘော်)
please wait

No media source currently available

0:00 0:04:01 0:00

ဒေါက်တာကင်းမွေးဖွား ကြီးပြင်းခဲ့တဲ့ခေတ်ကြီးတုန်းက အမေရိကန်ပြည်ထောင်စုရဲ့ နေရာအတော်များများမှာ လူမျိုးရေးခွဲခြားမှုတွေ ရှိနေခဲ့ပါတယ်။ ပြည်တွင်းစစ်ပြီးဆုံးပြီး ရာစုနှစ်တခုနီးပါးကြာသည့်တိုင်အောင် အာဖရိကန်အနွယ် အမေရိကန် အများစုဟာ နိုင်ငံသားအခွင့်အရေးတွေကို ငြင်းပယ်တဲ့ Jim Crow လို့ ခေါ်တဲ့ ဥပဒေတွေကို လိုက်နာခဲ့ကြရပါတယ်။

ခရစ်ယာန်သမ္မာကျမ်းစာတွေရဲ့ လှုံ့ဆော်မှု၊ ရုရှားစာရေးဆရာ လီယိုတော်စတွိုင်းနဲ့ အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီတို့ရဲ့စေ့ဆော်လွှမ်းမိုးမှုတွေနဲ့အတူ ဒေါက်တာကင်းဟာ နိုင်ငံသားအခွင့်အရေး အပြည့်အဝရဖို့အတွက် အကြမ်းမဖက်တဲ့ နည်းလမ်းတွေသုံးတဲ့ သပိတ်မှောက်ဆန့်ကျင်မှုတွေ၊ ထိုင်သပိတ်ဆင်နွှဲမှုတွေ၊ ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက်ပွဲတွေနဲ့ တခြားအာဏာဖီဆန်ရေးလှုပ်ရှားမှုတွေကို စီစဥ်ဆောင်ရွက်ခဲ့ပါတယ်။ အာဖရိကန် အမေရိကန်တွေအပေါ် ရည်ရွယ်ချက်ရှိရှိနဲ့ ဖိနှိပ် နှိပ်ကွပ်ဖို့ ပြဌာန်းထားတဲ့ Jim Crow ဥပဒေတွေရဲ့မတရားမှုကို လူအများ အသိအမှတ်ပြု အာရုံစိုက်စေဖို့ရည်ရွယ်ပြီး အာဖရိကန် အမေရိကန် တက်ကြွလှုပ်ရှားသူတွေဟာ အဲဒီအချိန်က မကြာခဏဆိုသလို လူဖြူတွေနဲ့ လူဖြူမဟုတ်သူတွေကြား ခွဲခြားထားတဲ့ ဥပဒေတချို့ကို ငြိမ်းချမ်းတဲ့နည်းနဲ့ စည်းကမ်းတကျ ချိုးဖောက်တာတွေ လုပ်လေ့ရှိခဲ့ပါတယ်။

ရှည်လျားပြီး ခက်ခဲကြမ်းတမ်းတဲ့ တိုက်ပွဲဖြစ်ခဲ့ပေမယ့် သူတို့ရဲ့ ကြိုးစားအားထုတ်မှုက နောက်ဆုံးမှာ အောင်မြင်မှု အသီးအပွင့်တွေ ရရှိခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်မှာတော့ အများပြည်သူဆိုင်ရာနေရာတွေက ခွဲခြားဆက်ဆံတားမြစ်ထားချက်တွေအပြင် လူမျိုး၊ အသားအရောင်၊ ဘာသာရေး၊ ကျား မ သို့မဟုတ် အမျိုးသားဇာတိအပေါ်အခြေခံပြီး အလုပ်အကိုင်ခွဲခြားမှုကို တားမြစ်တဲ့ နိုင်ငံသားအခွင့်အရေးအက်ဥပဒေကို အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ အတည်ပြုခဲ့ပြီး သမ္မတလင်ဒန်ဂျွန်ဆင်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

“ဒေါက်တာ မာတင်လူသာကင်းဟာ ခွဲခြားဆက်ဆံမှုတွေက ကြေကွဲဖွယ်ဖြစ်ရပ် တခုအဖြစ် အမှန်တကယ် ဖြစ်ပျက်နေတဲ့ခေတ်ကြီးမှာ မွေးဖွားလာခဲ့သူ ဖြစ်ပါတယ်” လို့ သမ္မတဂျိုးဘိုင်ဒန်က ပြောပါတယ်။ “သူဟာ သူ့ရဲ့ မျိုးဆက်က တခြားသူတွေလိုပဲ ခွဲခြားဆက်ဆံမှုဟာ အမေရိကန်ပြည်ထောင်စုမှာ မရှောင်လွှဲသာတဲ့ လားရာ ကံကြမ္မာအဖြစ် သမိုင်းကမ္ပည်းရေးထားပြီးသားလို့ ထင်မှတ်ယူဖွယ် အခြေအနေမျိုး ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် သူက အဲဒီအခြေအနေကို လက်မခံ တွန်းလှန်ခဲ့ပါတယ်” လို့ သမ္မတ ဘိုင်ဒန်က ပြောပါတယ်။

“အများအားဖြင့် လူတွေက ဒေါက်တာ ကင်း အကြောင်း ရေးကြ၊ ပြောကြတဲ့အခါမှာ သူ့ရဲ့ သင်းအုပ်ဆရာဘဝနဲ့ လှုပ်ရှားမှုတွေအကြောင်း၊ ဒါမှမဟုတ် နိုင်ငံသားအခွင့်အရေးနဲ့ မဲပေးခွင့်အတွက် တိုက်ပွဲဝင်ခဲ့တာအကြောင်း အဓိက ဦးစားပေးလေ့ရှိကြပါတယ်။ ဒါပေမယ့် သူ့ရဲ့ အလုပ်တွေက ဒီထက် ပိုလေးနက်ပါတယ်။ ဒါက နမ်ဝိညာဉ်ရေးရာနဲ့ ဆိုင်ပါတယ်။ ဒါဟာ ကိုယ်ကျင့်တရားပါပဲ။” လို့ သမ္မတ ဘိုင်ဒန်က ပြောပါတယ်။ “ကျနော်တို့ဟာ တဦးနဲ့တဦးနဲ့ ရန်သူတွေလို့မမြင်ဘဲ အိမ်နီးချင်းကောင်းတွေအဖြစ် ရှုမြင်ကျင့်ကြံနေထိုင်ကြရင် တိုးတက်မှုနဲ့ တရားမျှတမှုဆိုတာ ဆောင်ကြဥ်းနိုင်မှာပါ။ အောင်မြင်တိုးတက်မှုဆိုတာ ဘယ်တော့မှ မလွယ်ပေမယ့် အမြဲတမ်း ဖြစ်နိုင်တဲ့ အရာဖြစ်ပါတယ်။ ပြီးတော့ ဒီလိုသာ ဖြစ်လာခဲ့ရင် ပိုပြီး ပြီးပြည့်စုံတဲ့ ပြည်ထောင်စုကြီးဆီ ချီတက်ဖို့ရာ အခြေအနေကောင်းတွေ ဖန်တီးလာနိုင်မှာလည်း ဖြစ်ပါတယ်။”

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG