သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းမှုအပေါ် ပြည်ပရောက် သံဃာ့ဥသျှောင် ဦးကောဝိဒ အမြင် 


သံဃာ့ဥသျှောင် ဦးကောဝိဒ နှင့် VOA အင်တာဗျူး
သံဃာ့ဥသျှောင် ဦးကောဝိဒ နှင့် VOA အင်တာဗျူး

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ အခုဆို ၃ ကြိမ်ရှိပါပြီ။ အခုတကြိမ်မှာတော့ ရွေးကောက်ပွဲ မဲသမာတာကြောင့်လို့ အကြောင်းပြပါတယ်။

ကနေဒါနိုင်ငံ တိုရွန်တိုမြို့က မဟာဓမ္မိကကျောင်းမှာ သီတင်းသုံးနေတဲ့ သံဃာ့ဥ သေ ျှာင်ဆရာတော်တပါးဖြစ်တဲ့ ကနေဒါ အပြည်ပြည်ဆိုင်ရာ မြန်မာသံဃာတော်များအဖွဲ့ CIBSO ဥက္ကဌ ဆရာတော်ဦးကောဝိဒ ရဲ့ အမြင်ကရော ဘယ်လိုရှိပါသလဲ။ဒေါ်ခင်မျိုးသက်က လေ ျှာက်ထား မေးမြန်းထားပါတယ်။

ဒေါ်ခင်မျိုးသက်။ ။ အခုမြန်မာနိုင်ငံမှာ စစ်တပ်က အာဏာထပ်ပြီးတော့ သိမ်းလိုက်ပါတယ် ဘုရား။ အရင်တုန်းက ဒီလိုဆန္ဒပြတာတွေ ဖြိုခွင်းတာတွေလည်း ခံခဲ့ရပါတယ် ဘုရား။ အခုလည်း လူထုက မကျေမနပ်နဲ့ လမ်းမပေါ်မှာ ထွက်ပြီးတော့ ဆန္ဒပြကြပါတယ် ဘုရား။ ဆိုတော့ အရင်တုန်းက စစ်တပ်က အဏာသိမ်းထားတဲ့ အခြေအနေနဲ့ အခုအခြေအနေ ဘုန်းဘုန်းအနေနဲ့ သုံးသပ်ပြပါ ဘုရား။

ဆရာတော်ဦးကောဝိဒ။ ။ မြန်မာပြည်မှာ သမိုင်းလေး နည်းနည်းပြန်ပြောရင် ၁၉၆၂ ခုနှစ်နှာ ဗိုလ်ချုပ်နေဝင်းက ဦးနုထံကနေ အာဏာသိမ်းခဲ့တယ်။ အဲဒီတုန်းကလည်း ဘုန်းဘုန်းတို့ ရဟန်းတော်တွေက အများကြားပါဝင်ပြီးတော့ ဆန္ဒပြခဲ့တယ် အဲဒီတုန်းက ဘုန်းဘုန်းက ကိုရင်ဘဝဘဲ ရှိပါသေးတယ်။ နောက်တခါ ဘုန်းဘုန်းတို့ ၁၉၈၈ ခုနှစ်မှာတခါ အုံကြွမှုကြီးဖြစ်ပါတယ်။ ဖြစ်တော့ ဘုန်းဘုန်းတို့ သံဃာတွေက အများဆုံး ကျောင်းသားတွေနဲ့အတူ လက်တွဲပြီးဆောင်ရွက်ခဲ့ပါတယ်။ ဘုန်းဘုန်းကိုယ်တိုင် အနောင်မြောက်မြို့နယ် ၊ နောက်တခါ မေမြို့ မတ္တရာမြို့နယ် တို့မှာ တာဝန်ယူခဲ့ရပါတယ်။ စစ်တပ်က မတရားလုပ်ပြီးတော့ သတ်တာ ဖြတ်တာတွေရှိရင် သုသာန် မှာလာပြီးတော့ သင်္ဂြိုဟ် မှာစိုးလို့ ဘုန်းဘုန်းတာဝန်ယူတဲ့ အနောက်မြောက်မြို့နယ်က သုသာန် မှာဆိုရင် ဘုန်းဘုန်းတို့ တာဝန်ယူရပါတယ်။ စစ်သားတွေလာပြီး အလောင်းတွေ မ သင်္ဂြိုဟ် နိုင်အောင်၊ နောက်ပြီး စစ်တပ်က လာပြီးတော့ အသုဘတွေဖိတ်ရင် သာရေးနာရေးတွေဖြစ်လို့ရှိရင် မလိုက်ဖို့ဆိုပြီးတော့ ဘုန်းဘုန်းတို့က တင်းတင်းကျပ်ကျပ်လုပ်ခဲ့ပါတယ်။ ၈ လေးလုံးတုန်းက ဘုန်းဘုန်းတို့က ခေါင်းဆောင်အနေနဲ့ ထဲထဲဝင်ဝင်ပါခဲ့ပါတယ်။ အဲဒီတုန်းကလည်း သံဃာတော်တွေ ပါဝင်ခဲ့ပါတယ်။ အထူးသဖြင့်တော့ တကမ္ဘာလုံးသိကြတဲ့ ရွှေဝါရောင်တော်လှန်ရေးမှာ ဘုန်းဘုန်းတို့ သံဃာတွေက ကမ္ဘာကျော်သွားပါတယ်။ ဒါပေမယ့်လို့ အဲဒီလို ကမ္ဘာကျော်သွားတာကို ဘာနဲ့ ဖျက်လိုက်သလဲဆိုတော့ သူတို့ မဘသ ဆိုတဲ့ အဖွဲ့ကြီး ဖွဲ့ပြီးတော့လုပ်လိုက်တာမှာ ဘုန်းဘုန်းတို့ ကမ္ဘာကျော်နေတဲ့ သံဃာအဖွဲ့အစည်းက မှိန်သွားသလို ဖြစ်သွားပါတယ်။ ဒါကလည်း အခု စစ်တပ်ရဲ့ ယုတ်မာမှုပါပဲ။ အခုတခါ အာဏာသိမ်းတဲ့အဖြစ်ကလည်း ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က မဲအပြတ်အသတ်နဲ့ နိုင်တာ လူတိုင်းအသိပါ။ မတရားအာဏာသိမ်းတာဖြစ်ပါတယ်။ အခုဟာက ဒီလို မတရားအာဏာသိမ်းတဲ့အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ အပြစ်ရှိပါတယ်။ လက်နက်မရှိတဲ့ပြည်သူတွေကို ဘာမှ မဆိုင်တဲ့ တင့်ကားတွေထိုးပြီးတော့ ဖြိုခွင်းနေတာ တွေ့ပါတယ်။ တကယ်တမ်း စစ်ကြည့်ရင် မင်းအောင်လှိုင်အာဏာသိမ်းတာက သူ့ကိုယ်ကျိုးစီးပွားအတွက် ဖြစ်နေပါတယ်။ အဲဒီတော့ ကိုယ်ကျိုးစီးပွားနဲ့ မြန်မာပြည်သူလူထုကို နင်းချပြီးတော့ တကမ္ဘာလုံးက ထောက်ခံထားတဲ့ မြန်မာပြည်သူလူထုက ထောက်ခံထားတဲ့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်လို သီလ၊ သမာဓိရှိတဲ့ ပုဂ္ဂိုလ်ကို ဖမ်းဆီးထားပြီးတော့ သူလုပ်တာက သိပ်အပြစ်ကြီးပါတယ်။ နောက် ဒီနေ့ သံဃာတော်တွေ ထွက်ပြီးတော့ ဆန္ဒပြနေတာကိုလည်း ဘုန်းဘုန်းတို့က အားပေးပါတယ်။ အဲဒီတော့ ဘုန်းဘုန်းတို့အနေနဲ့ လုပ်ကို လုပ်ရမှာ ဒကာမကြီး ။ မဟုတ်ဘူးဆိုရင် နောက်အနှစ် ၅၀ လောက်ဖြစ်သွားပါလိမ့်မယ် ဒကာမကြီး ။

ဒေါ်ခင်မျိုးသက်။ ။ မှန်ပါ့ ဘုရား ။ စနေနေ့ကဆိုရင် သံဃာတော်တွေ ရာနဲ့ ချီပြီးတော့ ထွက်လာပြီးတော့ အမေရိကန် သံရုံးရှေ့မှာ ဆန္ဒပြပါတယ် ဘုရား ။ သူတို့ အမေရိကန် သံရုံးလည်းသွားတယ် နောက်ပြီးတော့ ကုလသမဂ္ဂ ရုံးတို့ တခြား တရုတ်သံရုံးတွေလည်း သွားပါတယ်။ မြန်မာပြည်ကြီး အေးချမ်းဖို့အတွက် သူတို့ ဝိုင်းဝန်းပြီးတော့ ကူညီပံ့ပိုးကြပါလို့ ဒီ သံဃာတော်တွေ သွားပြီးတော့ ပန်ကြားကြပါတယ်။ ဆိုတော့ အခု ဘုန်းဘုန်းတို့အနေနဲ့ရော ၊ ဒီ ပြည်ပရောက် သံဃာတော်တွေအနေနဲ့ ဘယ်လို တုံ့ပြန်ချင်ပါသလဲ။

ဆရာတော်ဦးကောဝိဒ။ ။ အခုအမေရိကန်မှာရှိတဲ့ သံဃာတော်တွေနဲ့ တသဘောထဲပါပဲ ဒကာမကြီး ။ ဒီ နိုင်ငံတကာ သံရုံးတွေကို သွားပြီးတော့တောင်းဆိုတာတွေ ဘုန်းဘုန်းတို့ ထောက်ခံပါတယ်။ နောက်ပြီးတော့ ကုလသမဂ္ဂ ရုံးတို့ရှေ့မှာ သွားပြီးတော့ တောင်းဆိုတာလည်း ထောက်ခံပါတယ်။ ဒါလုပ်ကို လုပ်ရမယ့်အလုပ်ဖြစ်ပါတယ်။ ဒကာ၊ ဒကာမတွေရဲ့ ကျေးဇူးတွေ ဘုန်းဘုန်းတို့အပေါ်မှာ အများကြီးရှိပါတယ်။ အဲဒါကြောင့် ဒကာ၊ ဒကာမတွေရဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေဖို့ တိုင်းပြည်တိုးတက်ဖို့ ဘုန်းဘုန်းတို့က တတ်နိုင်တဲ့ ဘက်က လုပ်ပေးရမှာမို့ ဘုန်းဘုန်းတို့က ကြိုဆိုပါတယ် ဒကာမကြီး ။ ဆရာတော် ဘုရားများကိုလည်း ကျေးဇူးတင်ကြောင်း ကနေဒါကနေ ဘုန်းဘုန်းပြောကြားလိုပါတယ်။ ပြည်သူလူထုကနေပြီးတော့ တခဲနက် မဲပေးထားတဲ့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အစိုးရကို အာဏာပြန်အပ်ဖို့ ဘုန်းဘုန်းတို့ တောင်းဆိုပါတယ်။ မြန်မာပြည်သူလူထုက တခဲနက် မဲပေးထားတာပါ။ ဘာမှ ဆွယ်ခြင်း ပြုခြင်းမရှိပဲနဲ့ အဲဒါကို ဘာမှ အကြောင်းမရှိပဲနဲ့ ကိုယ်ကျိုးစီးပွားအတွက် ထပြီး အာဏာသိမ်းတဲ့ ဗိုလ်ချုပ်မင်းအောင်လှိုင်ကိုလည်း ဘုန်းဘုန်းတို့ အလွန်အတန်မှ စိတ်ပျက်မိပါတယ်။ သူက တိုင်းပြည်ရဲ့ မကောင်းဆိုးဝါး ပုဂ္ဂိုလ် တယောက်လို့တောင် သတ်မှတ်လိုက်ပါပြီ ။ အဲဒီတော့ အမြန်ဆုံး ပြည်သူ့အစိုးရလက်ထဲ ကို အာဏာပြန်လွှဲဖို့ တောင်းဆိုပါတယ် ဒကာမကြီး ။ဘုန်းဘုန်းတို့ ကနေဒါက သံဃာတော်တွေနဲ့ အမေရိကန်က သံဃာတော်တွေနဲ့ တကမ္ဘာလုံးမှာရှိတဲ့ သံဃာတော်တွေနဲ့ တသွေးထဲ၊ တသားထဲပါပဲလည်း ဘုန်းဘုန်းတို့ပြောကြားလိုပါတယ်။ နောက်ပြီးတော့ မြန်မာပြည်သူကို ဘုန်းဘုန်းပြောချင်တာကတော့ မကြောက်ကြပါနဲ့ ။ ကိုယ့်ကို မတရားလုပ်တဲ့လူကို ခေါင်းငုံ့ခံနေရင် တသက်လုံး စီးသွားပါလိမ့်မယ်။

ဒေါ်ခင်မျိုးသက်။ ။ အခုလို အာဏာသိမ်းတာနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုငငံမှာ အေးအေးချမ်းချမ်းပြန်ဖြစ်သွားအောင် စေ့စပ်ညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ ကြားပါတယ် ဘုရား။ ဒါနဲ့ ပတ်သက်ပြီးတော့ အောင်မြင်မယ်လို့ ထင်ပါသလား ဘုရား။

ဆရာတော်ဦးကောဝိဒ။ ။ စေ့စပ်ညှိနှိုင်းမှုကတော့ နှစ်ဦးနှစ်ဖက် မျှတတဲ့ စေ့စပ်ညှိနှိုင်းမှုဆိုရင် အောင်မြင်ပါလိမ့်မယ် ဒကာမကြီး ။စေ့စပ်ညှိနှိုင်းမှုလုပ်တယ်ဆိုရင် ဘုန်းဘုန်းတို့က ကြိုဆို ထောက်ခံရမှာပါပဲ။ ဒါပေမယ့်လို့ သတိပြုစရာတော့ တနိုင်ငံလုံးကနေပြီးတော့ တခဲနက် မဲပေးထောက်ခံထားတဲ့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ကိုတော့ မဲလိမ်တယ် မဲခိုးတယ်ဆိုပြီးတော့ စွပ်စွဲလို့ မရပါဘူး ။ စေ့စပ်ညှိနှိုင်းတာကို ဘုန်းဘုန်းတို့ အမြဲတမ်း အားပေးပါတယ်။ အဲလို စေ့စပ်ညှိနှိုင်းမှုရှိလို့ ပြေလည်သွားမယ်ဆိုရင်လည်း ဘုန်းဘုန်းတို့ ကြိုဆိုတယ်လို့ ပြောပါရစေ ဒကာမကြီး ။

တိုက်ရိုက် လင့်ခ်

..............


(Unicode)









ဆက်စပ်သတင်းများ ...

XS
SM
MD
LG