သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာသေဆုံးသူ ၃ ဦး ကိုရိုနာပိုးမရှိ


တရုတ်-မြန်မာနယ်စပ်မှ မြန်မာနိုင်ငံတွင်း ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးနေသည့် မြင်ကွင်း။ (ဇန်နဝါရီ ၃၁၊ ၂၀၂၀)
တရုတ်-မြန်မာနယ်စပ်မှ မြန်မာနိုင်ငံတွင်း ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးနေသည့် မြင်ကွင်း။ (ဇန်နဝါရီ ၃၁၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု သံသယလူနာ ၁ ဦးနဲ့ စောင့်ကြည့်လူနာ ၂ ဦး ကွယ်လွန်ခဲ့မှုမှာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ရဲ့ ဓာတ်ခွဲစစ်ဆေးချက်အရ COVID-19 ရောဂါပိုးမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူးစက်မှု တိုက်ဖျက်ရေးဌာန တာဝန်ရှိသူက အတည်ပြု ပြောဆိုပါတယ်။ စောင့်ကြည့်လူနာတွေနဲ့ သံသယလူနာတွေမှာ နဂိုရောဂါအခံရှိတဲ့အတွက် သေဆုံးမှုဖြစ်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်ကလည်း သုံးသပ်ပါတယ်။ ကမ္ဘာတဝှမ်း စိုးရိမ်မှုတွေ မြင့်တက်လာချိန်မှာ အထူးသဖြင့် နိုင်ငံတကာရောက် မြန်မာတွေ အပါအဝင် မြန်မာပြည်သူတွေအနေနဲ့ ရောဂါမကူးစက်ရအောင် အထူးဂရုစိုက် ကာကွယ်ကြဖို့ကိုလည်း တိုက်တွန်းနေပါတယ်။ အပြည့်အစုံကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ကျန်းမာရေး အခြေအနေ ကြေညာထားရတဲ့ တရုတ်နိုင်ငံ ဝူဟန်ကနေ စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ ဒီ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခုဆိုရင် သေဆုံးသူပေါင်း ၃၅၀၀ ကျော်အထိ ဖြစ်သွားပြီး ကမ္ဘာတဝှမ်း နိုင်ငံအသီးသီးမှာ ကူးစက်ပြန့်ပွားသူပေါင်း တသိန်းဝန်းကျင်အထိ ရှိသွားပြီဖြစ်ပါတယ်။

တရုတ်နဲ့နယ်စပ် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံမှာတော့ COVID-19 ရောဂါပိုးကူးစက်မှု တရားဝင်စာရင်း မသိရှိရသေးပေမယ့် COVID-19 ရောဂါကူးစက်ထားမှု ရှိမရှိ စောင့်ကြည့်နေတဲ့ လူနာ ၂ ဦးနဲ့ သံသယလူနာ ၁ ဦးတို့ ဓာတ်ခွဲခန်းအဖြေ မထွက်ခင်မှာဘဲ ကွယ်လွန်သွားခဲ့ပါတယ်။ အဲဒီလူနာတွေကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်ကုသပေးနေတဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသားတဦးနဲ့ လားရှိုးပြည်သူ့ဆေးရုံကြီးမှာ သံသယလူနာအဖြစ် သတ်မှတ်ကုသပေးနေတဲ့ အသက် ၄၀ အရွယ် အမျိုးသား တဦးအပြင် မန္တလေးမြို့၊ ကန်တော်နဒီ ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူနေတဲ့ ၆၈ နှစ်အရွယ် အမျိုးသမီးတဦးတို့ ဖြစ်ပါတယ်။

ဒီသေဆုံးသူတွေမှာ COVID-19 ရောဂါကူးစက်မှုကြောင့် သေဆုံးတာ မဟုတ်သလို ဓာတ်ခွဲစစ်ဆေးချက်အရ COVID-19 ရောဂါပိုး မတွေ့ရှိကြောင်း အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲအဖြေ ရှာဖွေတွေ့ရှိပါတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ မတ်လ ၇ ရက်နေ့ ညနေပိုင်းက နောက်ဆုံးရသတင်း ထုတ်ပြန်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ရှိမရှိ စောင့်ကြည့်နေချိန်မှာပဲ သေဆုံးသူတွေမှာ COVID-19 ရောဂါမတွေ့ရှိဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဗဟိုကူးစက်မှု တိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေမြန်မာပိုင်းကို အတည်ပြု ပြောဆိုပါတယ်။

“သေဆုံးသူ ၃ ဦးမှာ မနေ့ကတော့ ၆၈ နှစ်အမျိုးသမီးအတွက်ကိုတော့ သတင်းထုတ်ပြန်ပြီးပြီ။ အခုကတော့ ရပ်စောက်ကနေ ဆေးရုံလာတက်တဲ့ တောင်ကြီးကနေ ရန်ကုန်ဆေးရုံကြီးကိုလွှဲပြီး သေတဲ့ အမျိုးသားရယ်၊ စစ်တွေကနေပြီး လားရှိုးဆေးရုံမှာတက်ပြီး ဆုံးသွားတဲ့ အမျိုးသားရယ် အဲဒီနှစ်ယောက်စစ်တာ Negative ပါ။ အဲဒါကိုလည်း ၃ နာရီခွဲကျော်ကျော်မှာ ကျမ တင်ထားပါတယ်။ သူတို့ တခြား Disease တွေကြောင့် သေဆုံးရတာ ဖြစ်ပါတယ်။”

မဆုမွန် - ဒီ ၃ ဦးစလုံးကတော့ COVID-19 ကြောင့် သေဆုံးမှု မဟုတ်ဘူးပေါ့။

ဒေါက်တာခင်ခင်ကြီး - “COVID-19 ကြောင့် လုံးဝ မဟုတ်ပါဘူး။ နောက် Double Checking လုပ်ပါတယ်။”

မဆုမွန် - အနောက်ဆုံး အခြေအနေပေါ့၊ အခု မြန်မာနိုင်ငံတဝှမ်း ဆေးရုံတွေမှာ စောင့်ကြည့်လူနာနဲ့ သံသယလူနာ ဘယ်လောက်လောက်များ နောက်ဆုံးစာရင်း ကျန်ပါသလဲ။

ဒေါက်တာခင်ခင်ကြီး - “မနေ့ကညအထိ စာရင်းဆိုရင် သံသယလူနာနဲ့ စောင့်ကြည့်လူနာ ၆၂ ယောက်ပါ။”

မဆုမွန် - ဒီလို ဓာတ်ခွဲမစမ်းသပ်ခင် ကွယ်လွန်သွားတဲ့အပေါ်မှာ လူထုဘက်က စိုးရိမ်မှု နည်းနည်းရှိပါတယ်။ အဲတော့ လူထုကို ဆရာမတို့ ဘာများ သတင်းစကား ပါးချင်တာ ရှိပါသလဲ။

ဒေါက်တာခင်ခင်ကြီး - “လူထုကို သတင်းစကား ပါးချင်တာကတော့ လက်ရှိမှာဆိုရင် မြန်မာနိုင်ငံမှာ COVID-19 ဓာတ်ခွဲစစ်ဆေးကြည့်တာ လုံးဝ မရှိသေးပါဘူး။ လုံးဝမရှိသေးဘူးဆိုတာ မြန်မာနိုင်ငံမှာ ဒီရောဂါ ကူးစက်နေတဲ့သူ မရှိသေးဘူးလို့ ဆိုလိုခြင်းမဟုတ်ပါဘူး။ ကိုယ့်နိုင်ငံမှာ လက်ရှိကတော့ မရှိသေးဘူး။ မရှိသေးပေမယ့်လို့ လုပ်သင့်လုပ်ထိုက်တာတွေ တနည်းအားဖြင့် စောင့်ကြည့်စနစ်တွေကိုလည်း အရှိန်အဟုန်မြှင့်ပြီး စောင့်ကြည့်ဖို့ လိုပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှုကလည်း လိုပါတယ်။”

အခုလို သံသယလူနာနဲ့ စောင့်ကြည့်လူနာ သေဆုံးမှုအပေါ် ရောဂါကူးစက်ခံရလို့လားဆိုတဲ့ သံသယတွေနဲ့ လူထုရဲ့ စိုးရိမ်ချက်တွေ ရှိနေတဲ့အပေါ် လူထုကို ကျန်းမာရေးပညာပေးနေတဲ့ အထွေထွေရောဂါကု အထူးကုဆရာဝန်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်ကလည်း သုံးသပ်ပါတယ်။

“သေဆုံးသွားတဲ့လူထဲမှာ တချို့ ရောဂါအခံရှိတယ်လို့ သိရတယ်။ အသက်အရွယ် တခုတည်း မဟုတ်ဘဲနဲ့ သူ့မှာက ကျန်တဲ့ နှလုံးရောဂါ ကျောက်ကပ်ရောဂါ အဲလိုမျိုး နဂိုတည်းက အခံရှိတဲ့လူတွေမှာက Influenza တုပ်ကွေးရောဂါပိုးဝင်ရင် အသက်အန္တရာယ်ထိ ဖြစ်နိုင်တယ်လို့ ပြောတယ်။ အဲတော့ ဒီလူနာတွေကို စောင့်ကြည့်တဲ့အခါမှာ အခြေခံ စစ်ဆေးတဲ့ သွေးစစ်ဆေးခြင်းအားဖြင့် ဗိုင်းရပ်စ်ရောဂါကြောင့် ဖြစ်တာလား၊ ဖျားတာက ဘက်တီးရီးယား ရောဂါကြောင့် ဖြစ်တာလားပေါ့၊ အဲဒါလေးကို အကြမ်းဖျင်း စစ်ဆေးလို့ရတယ်။ သေဆုံးသွားတဲ့သူတွေကို စစ်ဆေးတဲ့အခါမှာ သွေးထဲမှာ ဒီဗိုင်းရပ်စ်ကြောင့် မဟုတ်ဘဲနဲ့ ဘက်တီးရီးယားပိုးကြောင့် သေတယ်ဆိုရင်တော့ COVID-19 ရောဂါနဲ့ ဆက်စပ်ပတ်သက်မှု မရှိဘူးလို့ အကြမ်းဖျင်း သုံးသပ်နိုင်တာပေါ့။ အဲဒါဆိုရင် သူကတော့ COVID-19 နဲ့စာရင် တခြားပိုးတွေကြောင့် ဖြစ်နိုင်တယ်။ သေဆုံးသွားပြီးနောက်မှာလည်း ရင်ခွဲစစ်ဆေးတာ ပြုလုပ်ခြင်းအားဖြင့် ဒါ မဟုတ်ကြောင်း ထပ်ပြီးတော့ အတည်ပြုနိုင်တာလေးဖြစ်ဖြစ်၊ သံသယဆက်ပြီး ရှိနိုင်သေးတယ် ဆိုတာပဲဖြစ်ဖြစ် အဲဒီလိုလေးတွေလည်း သိလာနိုင်သေးတယ်။ ကျနော်ကတော့ ဒီ Case သုံးခုအပေါ်မှာ အဲဒီလို သုံးသပ်မိပါတယ်။”

တရုတ်နဲ့ နယ်နိမိတ်ချင်းပါ ထိစပ်နေတဲ့ မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှာကို အများပြည်သူကတော့ စိုးရိမ်နေကြပြီး သတင်းမှားတွေ ကောလာဟလတွေလည်း ထွက်နေကြောင့်မို့လို့ ပိုပြီးတော့ ထိတ်လန့်နေကြတာပါ။ ကမ္ဘာတဝှမ်းမှာလည်း ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကမ္ဘာတဝှမ်း တသိန်းဝန်းကျင်အထိ ကူးစက်ပြန့်ပွားလာနေတဲ့အတွက် နိုင်ငံတကာရောက် မြန်မာတွေ အပါအဝင် မြန်မာပြည်သူတွေ စိုးရိမ်တကြီး ဖြစ်နေတာနဲ့ ပတ်သက်ပြီး မိမိကိုယ်ကို အဓိက ရောဂါမကူးစက်ရအောင် သတိထားကာကွယ်ကြဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေတာပါ။ ဒီအပေါ် ဒေါက်တာမိုးအောင်ကျော်နိုင်က အခုလို အကြံပေးပါတယ်။

“စိုးရိမ်တာကတော့ ကောင်းတယ်။ ဒါပေမယ့် အလွန်အမင်း စိုးရိမ်တာ မကောင်းဘူး။ စိုးရိမ်တယ်ဆိုတာက ဒီပိုး ကိုယ့်ခန္ဓာကိုယ်ထဲ ဝင်လာနိုင်တယ်လို့ ဂရုပြုပြီးတော့ ကူးစက်နိုင်တဲ့ ကိစ္စလေးတွေကို ကိုယ်က တတ်နိုင်သရွေ့ တားဆီးမယ်ဆို ကောင်းတယ်ပေါ့။ မကောင်းတာကတော့ ဒါကို စိုးရိမ်ပြီးတော့ ပစ္စည်းတွေ ဝယ်ယူစုဆောင်းတယ်၊ သွားလေရာမှာ Mask တပ်တယ်၊ အဲဒီဟာတွေကျတော့ မကောင်းဘူးပေါ့။ WHO နဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ထားတဲ့ နည်းလမ်းတွေကို လိုက်နာမယ်ဆိုရင်တော့ စိုးရိမ်ပူပန်စရာတွေ လျော့ကျသွားမယ် ထင်ပါတယ်။”

လတ်တလောမှာတော့ ရန်ကုန်က ဝေဘာဂီ အထူးကုဆေးရုံမှာ စောင့်ကြည့်နေတဲ့ ကိုရီးယားသမ္မတနိုင်ငံက ရောဂါကူးစက်မှု အမြင့်ဆုံးမြို့ဖြစ်နေတဲ့ ဒယ်ဂူးမြို့ကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ကျောင်းသူ ၁၀ ဦးဆီမှာလည်း COVID-19 ရောဂါပိုး မရှိကြောင်း အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က စစ်ဆေးချက်ကို ဒီကနေ့ ညနေပိုင်းက ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးသတင်း ထုတ်ပြန်ထားပါတယ်။

---------------------------------

(Unicode)



















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG