သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်/ကျဉ်းဟောင်းများအတွေ့အကြုံ သုတေသနမှတ်တမ်းထုတ်ပြန်


(Zawgyi/Unicode)

ဒီမိုကရေစီအရေးအတွက် အစဉ်တစိုက် တိုက်ပွဲဝင်ခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းကျနေစဉ်ကာလမှာ စစ်အစိုးရရဲ့ ညှဉ်ပန်း၊ နှိပ်စက်မှုတွေ ခံခဲ့ရသလို ဒီနေ့အချိန်အထိလည်း အကျဉ်းထောင်တွေမှာ ဆက်ပြီး ဖြစ်ပွားနေတယ်လို့ ချက်သမ္မတနိုင်ငံရဲ့ အကူအညီနဲ့ မြန်မာ့နိုင်ငံရေး အကျဉ်းသားတွေရဲ့ အတွေ့အကြုံတွေကို လေးနှစ်ကြာပြုစုခဲ့တဲ့ သုတေသနစစ်တမ်းထဲမှာ ပါဝင်သူတွေက ပြောပါတယ်။ ချက်သမ္မတနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ် အခြေအနေတွေ တူညီတာကြောင့် ဒီသုတေသပြုစုတဲ့အစီအစဉ်ကို ကူညီပေးတာဖြစ်တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြုစုထားတဲ့ ဒီအစီရင်ခံစာ မိတ်ဆက်ပွဲကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာဖြစ်ပါတယ်။

ဒီ သုတေသန အစီရင်ခံစာကို ချက်သမ္မတနိုင်ငံရဲ့ ကတ္တီပါတော်လှန်ရေး နှစ် (၃၀) ပြည့်အထိမ်းအမှတ်နဲ့ တိုက်ဆိုင်ပြီး ထုတ်ပြန်တာဖြစ်ပါတယ်။

မြန်မာပြည်တွင်း နိုင်ငံရေးလှုပ်ရှားမှုကြောင့် နှစ်ရှည်အကျဉ်းကျ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အတွေ့အကြုံတွေကို နောက်မျိုးဆက်တွေ သိရှိဖို့ရ့ည်ရွယ် ပြုလုပ်တဲ့ ဒီသုတေသနမှတ်တမ်းကို ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာက ကူညီထောက်ပံ့ခဲ့ပါတယ်။

သုတေသနစာတမ်း ဖြစ်မြောက်ရေးအတွက် သူတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ဟာ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးချင်းစီရဲ့ စစ်ကြောရေးမှာ နှိပ်စက်ခံရတဲ့ အခြေအနေတွေ၊ ရဲဘက်စခန်းနဲ့ ထောင်တွင်းခံစားရတဲ့ အခြေအနေတွေကို မေးမြန်း ဗွီဒီယိုမှတ်တမ်းတင်ခဲ့ကြောင်း နိုဝင်ဘာ ၁၇ရက်နေ့က ရန်ကုန်မြို့ ကျင်းပတဲ့ ဒီသုတေသန အစီရင်ခံစာ မိတ်ဆက်ပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မနိုင်ငံ သံအမတ်ကြီး Ms. Hana Mottlova က ပြောပါတယ်။

“ ကျမတို့ အတိတ်မှာ ဖြစ်ခဲ့တဲ့အရာတွေကို ကျမတို့ သင်ခန်းစာယူပြီးတော့ ကျမတို့ အသိုင်းအဝန်း တိုးတက်ဖို့ အတွက် ကြိုးပမ်းနိုင်ပါတယ်။ တကယ်လို့များ အတိတ်မှာ ဖြစ်ခဲ့တဲ့အရာတွေကို သတိမရတော့ဘူး၊ မမှတ်မိတော့ဘူး ဆိုရင် ရှေ့အနာဂတ်အတွက်ကို လှုပ်ရှားဖို့အတွက်ကို အခက်အခဲတွေ့ကြုံရပါမယ်။

မြန်မာနိုင်ငံသား နိုင်ကျဉ်းဟောင်းတွေ စိတ်ထဲ မှတ်မိနေတဲ့ အရာတွေက ဘာတွေဖြစ်မလဲဆိုတာ ကျမသိရဖို့ မျှော်လင့်နေပါတယ်။ ပြီးတော့ ဒီနေ့တွေ့ဆုံပွဲ ဟာလည်း မြန်မာနိုင်ငံအတွက် အင်မတန်အရေးကြီးတဲ့ အစီရင်ခံစာ တစ်ခုအတွက် ဖြစ်ပါတယ်။”

ချက်သမ္မတနိုင်ငံက ဒီကိစ္စမှာပါဝင်ကူညီရတာတော့ သူ့နိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ မြန်မာနိုင်ငံဟာ တူညီမှုရှိသလို ချက်နိုင်ငံအနေနဲ့လည်း သူတို့ရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ သူတွေကို မှတ်တမ်းတင်သိမ်းဆည်းထားကြောင်း သံအမတ်ကြီး Ms. Hana Mottlova က ပြောပါတယ်။

ချက်သမ္မတနိုင်ငံမှာလုပ်နေတဲ့ စီမံကိန်းကတော့ စစ်အတွင်း လှုပ်ရှားပါဝင်ခဲ့သူတွေ၊ မျက်မြင်သက်သေတွေရဲ့ ကိုယ်တိုင်ပြောပြချက်တွေကို စုဆောင်း၊ သိမ်းဆည်းထားတာ လူပေါင်း ၁သောင်းကျော် လောက်ရှိပြီး ဒါက ချက်သမ္မတနိုင်ငံ တခုတည်းမဟုတ်ဘဲ ဥရောပ အလယ်ပိုင်းမှာရှိတဲ့သူတွေရဲ့ ပြောကြားချက်တွေလည်း ပါတယ်လို့ သံအမတ်ကြီး Mottlova က ပြောပါတယ်။

အစီရင်ခံစာ ထုတ်ပြန်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ၁၉၈၈- ၁၉၉၀ အလွန်နဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကာလတွေက နိုင်ငံရေးအကျဉ်းသားတွေ ခံစားရတာတွေကို တရားမျှတမှုရှိအောင် သက်ဆိုင်ရာက လုပ်ပေးနိုင်ဖို့ရည်ရွယ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ အရင်အချိန်ကတည်းက စစ်အစိုးရလက်အောက်မှာ နိုင်ငံရေးအကျဉ်းသားတွေ၊ သူတို့နဲ့ အမြင်မတူတဲ့ နိုင်ငံရေးအယူအဆ ရှိတဲ့သူတွေကို စနစ်တကျ နှိပ်စက်၊ ညှဉ်းပန်းမှုတွေ ရှိခဲ့ပါတယ်ဆိုတာကို ကျနော်တို့ ပြောချင်တယ်။ နောက်တခုကတော့ ဒီလိုနှိပ်စက် ညှဉ်းပန်း၊ နှိပ်စက်မှုတွေ ရှိခဲ့တဲ့ အခြေအနေမှာ ဒီနေ့အထိ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့သူတွေက ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတဲ့ ကိစ္စဖြစ်တယ်။ ဒါတွေဟာနောက်ထပ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ညှဉ်းပန်း၊ နှိပ်စက်မှုတွေ ပြုလုပ်ဖို့အတွက် တွန်းအားပေးသလို ဖြစ်နေတဲ့ကိစ္စကို ကျနော်တို့ သတိပေးချင်တယ်။ နောက်တခုက အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးအတွက် သက်ဆိုင်တဲ့ အင်အားစုတွေ အားလုံးကနေ စားပွဲပေါ်မှာ ဆွေးနွေးနေတဲ့ အခြေအနေဟာ ရှေ့မတိုး၊ နောက်မဆုတ် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီဟာတွေက တကယ့်အရေးတကြီး လိုအပ်နေတဲ့ကိစ္စတွေက တကယ်တမ်း ကျူးလွန်ခံထားရတဲ့လူတွေကို ကျနော်တို့ တရားမျှတမှု တစုံတရာ၊ ကုစားမှုတစုံတရာ၊ ပြန်လည်ပြုစု ပျိုးထောင်ရေးအတွက် တစုံတရာ ပေးဖို့အပ်နေတယ်ဆိုတဲ့ကိစ္စကို ကျနော်တို့ ထောက်ပြချင်တယ်။”

အကျဉ်းထောင် ၄၇ခုက နိုင်ငံရေးအကျဉ်းသား ၁၂၀ ရဲ့ ကိုယ်တွေ့ ပြောပြချက်တွေကို AAPP က လေးနှစ်လောက် အချိန်ယူပြီး ဗွီဒီယိုမှတ်တမ်းတင် စုဆောင်း၊ ရေးသားခဲ့တာ ဖြစ်ပါတယ်။ တချို့နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ နာမည်နဲ့ အခြားပုဂ္ဂိုလ်ရေး အကြောင်းအရာတွေကိုတော့ သူတို့ရဲ့ လုံခြုံရေးအပေါ်မူတည်ပြီး လွှဲပြောင်း ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဒီအခမ်းအနားကို ချက်သမ္မတနိုင်ငံ သံအရာရှိတွေအပါအဝင်၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့၊ ဒီမှတ်တမ်း ဗွီဒီယိုအတွက် နည်းပညာအပိုင်း ကူညီပေးခဲ့ကြတဲ့ ချက်နိုင်ငံရုပ်ရှင်ကျောင်းက ပညာရှင်တချို့လည်း တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.......................


(Unicode)














ဆက်စပ်သတင်းများ ...

XS
SM
MD
LG