သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာလှည့်ခရီးသည် ပိုမိုလာရောက်ရေး မြန်မာဗီဇာစည်းမျဉ်းလျော့ချမှု သက်တမ်းတနှစ်ထပ်တိုး


မြန်မာအစိုးရအနေနဲ့ ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံရဲ့ ဟောင်ကောင်နဲ့မကာအို အထူးအုပ်ချုပ်ရေးဒေသက ကမ္ဘာလှည့် ခရီးသွားတွေအတွက် ဗီဇာကင်းလွတ်ခွင့် (Visa Exemption) အပြင် တရုတ်နိုင်ငံက လေယာဉ်နဲ့လာရောက်တဲ့ ကမ္ဘာလှည့် ခရီးသွားတွေအတွက် ဆိုက်ရောက်ဗီဇာ (Visa on Arrival) တောင်းခံနိုင်ခွင့်ကို ၂၀၂၀ ၊ စက်တင်ဘာ ၃၀ ရက်အထိ နောက်ထပ် တနှစ် ရက်တိုးပေးဖို့နဲ့ အစီအစဉ်ရှိကြောင်း ဟိုတယ်လ်များနဲ့ ခရီးသွား လုပ်ငန်းဆိုင်ရာ ဝန်ကြီးဌာနက တနင်္လာနေ့ နှောင်းပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားများ ပိုမိုလာရောက်နိုင်ကြဖို့အတွက် အခုလို အရေးယူဆောင်ရွက်လိုက်တာ ဖြစ်တယ်လို့ ဆို ပါတယ်။ ကနဦးက ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံတို့က ကမ္ဘာလှည့်ခရီးသွားတွေကို ဗီဇာကင်းလွတ်ခွင့်နဲ့ တရုတ်နိုင်ငံက ကမ္ဘာ လှည့်ခရီးသွားတွေအတွက် ဆိုက်ရောက်ဗီဇာတောင်းခံခွင့်ကို ၂၀၁၈ ၊ အောက်တိုဘာ ၁ ရက်ကစပြီး ၂၀၁၉ ၊ စက်တင်ဘာ ၃၀ အထိ စမ်းသပ်ပြီး ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဒီအတောအတွင်း အိန္ဒိယနိုင်ငံက လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ၂၀၁၈ ဒီဇင်ဘာလ ၁ ရက်နေ့က စပြီး ဆိုက်ရောက် ဗီဇာ ပေးခဲ့ရာမှာ ၂၀၂၀ နိုဝင်ဘာ ၃၀ ရက်နေ့အထိ ရက်တိုးပေးဖို့ ရှိတယ်လို့လည်း ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါ တယ်။ အခုလို အာရှနိုင်ငံများက ကမ္ဘာလှည့်ခရီးသွားတွေလာရောက်မှု တိုးဖို့အပြင် နောက်ထပ် ၆ နိုင်ငံတို့က ကမ္ဘာလှည့် ခရီး သွား တွေ လာရောက်ဖို့လည်း အောက်တိုဘာလ ၁ ရက်နေ့ကစလို့ ဆိုက်ရောက်ဗီဇာတွေ ထုတ်ပေးနိုင်ဖို့ မြန်မာအစိုးရ ဝန်ကြီး ဌာနက ဇူလိုင်လ စောစောပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ အခုလို ဗီဇာ တောင်းခံခွင့် လျှော့ပေါ့ပေးခြင်းအားဖြင့် မြန်မာနိုင်ငံမှာ ၂၀၁၈ ၊ ပထမ ၆ လပတ် ကာလအတွင်း ကမ္ဘာလှည့်ခရီးသွား ၁.၇၂ သန်း ရှိခဲ့ရာက ၂၀၁၉ ၊ အလားတူ ကာလမှာ ကမ္ဘာလှည့်ခရီးသွား ၂.၁၄ သန်း ရှိခဲ့ပြီး ၄ သိန်း၊ ၂ သောင်း ကမ္ဘာလှည့်ခရီးသွား လာရောက်မှုတိုးလာခဲ့တာဖြစ်ပါတယ်။

၂၀၁၈ မှာ နိုင်ငံခြားခရီးသွား ၃.၅၅ သန်း မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး တရုတ်နိုင်ငံက အများဆုံးနဲ့ ဒုတိယက ထိုင်းနိုင်ငံက ဖြစ်ကြပါတယ်။ ၂၀၂၀ မှာ ကမ္ဘာလှည့်ခရီးသွား ၇ သန်းကျော် လာရောက်နိုင်လိမ့်မယ်လို့ မြန်မာနိုင်ငံက မျှော်လင့်ထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လော၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ် စတဲ့နိုင်ငံတွေက ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဗီဇာမလိုဘဲ မြန်မာနိုင်ငံမှာ ၁၄ ရက် နေထိုင်ခွင့်ရှိပြီး စင်္ကာပူပတ်စ်ပို့ ကိုင်ဆောင်သူတွေအတွက်တော့ ဗီဇာမလိုဘဲ ရက် ၃၀ အထိ မြန်မာနိုင်ငံထဲမှာ နေထိုင်နိုင်ပါတယ်။ မလေးရှားတနိုင်ငံတည်းသာ မြန်မာနိုင်ငံကိုလာရောက်ဖို့ ဗီဇာလျှောက်ထားဖို့ လိုအပ်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG