သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီတိုင်းတွင်းလယ်သမားများ လုပ်ငန်းအဆင်မပြေ လယ်မြေဆုံးရှုံး


Myanmar Farmers
Myanmar Farmers

မြန်မာနိုင်ငံမှာ ဆန်စပါးအများဆုံးထွက်တဲ့ဧရာဝတီတိုင်းက လယ်ဧကအနည်းငယ်ပိုင်ဆိုင်ကြတဲ့ လယ်သမားအတော်များများဟာ စိုက်ပျိုးရေးကနေ အကျိုးအမြတ်သိပ်မရတဲ့အတွက် တင်နေကြတဲ့အကြွေးဆပ်တဲ့အနေနဲ့ မိမိတို့ပိုင်လယ်မြေတွေကို လယ်ပိုင်ရှင်ကြီးတွေလက်ထဲ ထိုးအပ်နေကြရတယ်လို့ သိရပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်းက တောင်သူလယ်သမားအရေးဆောင်ရွက်နေသူတွေနဲ့ တောင်သူတွေကို မေးမြန်းစုစည်းတင်ဆက်ထားပါတယ်။

ဧရာဝတီတိုင်းထဲက လယ်ဧကအနည်းငယ်သာပိုင်ကြတဲ့ လယ်သမားအတော်များများဟာ လယ်ပိုင်ရှင်ကြီးတွေဆီကနေ အကြွေးယူပြီး စိုက်ပျိုးကြရပါတယ်။ မြန်မာနိုင်ငံနေရာအနှံ့မှာ ကြုံတွေ့ကြရသလိုမျိုး ဧရာဝတီတိုင်းမှာလည်း ကျေးလက်တွေက လူငယ်အတော်များများဟာ အလုပ်အကိုင်ရှာဖွေဖို့အတွက် မြို့ပြတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာကုန်ကြတဲ့အတွက် လုပ်သားရှားပါးမှု ကြုံတွေ့နေရပါတယ်။ ဒါကြောင့် အလုပ်သမားထက် စက်ကိရိယာတွေကိုအားကိုးလုပ်ကိုင်ရတဲ့အတွက် ကုန်ကျစရိတ်တွေ မြင့်တက်လာတဲ့အပြင် ထွက်လာတဲ့သီးနှံတွေအတွက်လည်း ခိုင်မာတဲ့ဈေးကွက်မရှိတာကြောင့် အကျိုးအမြတ်ရဖို့ထက် အရှုံးပေါ်နေကြတာကြောင့် လယ်ယာမြေတွေကို လယ်ပိုင်ရှင်ကြီးတွေဆီထိုးအပ်ပြီး အကြွေးဆပ်လိုက်ကြရတာတွေ တော်တော်များနေပါတယ်။ ဒါ့ပြင် အဲဒီ ဧကအနည်းပိုင်ကြတဲ့ လယ်သမားတွေကိုယ်တိုင် လယ်ယာလုပ်သားဘဝကို ပြောင်းလဲ လုပ်ကိုင်ကုန်ကြရတယ်လို့လည်း ဧရာဝတီတိုင်းက တောင်သူလယ်သမားအရေးလုပ်ကိုင်နေသူတဦးက အခုလိုပြောပါတယ်။

" ဒီနှစ်ဆိုရင် ကျနော်တို့ ဧရာဝတီတိုင်းထဲမှာဖြစ်နေတဲ့ အဓိကပြဿနာက လယ်ယာပိုင်ဆိုင်မှု ကွာဟလာတယ်။ ဥပမာပြောရရင် လယ်ယာနည်းနည်းပဲပိုင်တဲ့သူက ကြာလာတဲ့အခါ လယ်မဲ့ယာမဲ့ဖြစ်လာတာများတယ်။ သူက အပြင်ကနေ ငွေရှာရတဲ့အခါကျတော့ အတိုးကြီးနဲ့ ရှာကြရတယ်။ ရာသီဥတုမမှန်တဲ့အခါကျတော့ သီးနှံပျက်တာတွေရှိလာတယ်။ ဈေးကွက် အာမခံချက်မရှိတော့ ပဲဈေး၊ စပါးဈေးက အမြဲတန်း မြတ်မယ် ၊ ရှုံးမယ်ဆိုတာ မသေချာဘူး။ ရှုံးသွားတဲ့နှစ်ကျတော့ ဒီလယ်သမားသည် ပထမကြွေးကို မဆပ်နိုင်တော့ဘူး။ ကြွေးသံသရာလည်တာပေါ့နော်။ ဒီကြွေးက မဆပ်နိုင်တဲ့အခါမှာ လက်ရှိလယ်ယာမြေဥပဒေအရက ရောင်း၊ ပေါင်၊ ငှား၊ လဲ လုပ်လို့ရတော့ ဒီလယ်ယာမြေတွေဟာ အဓိက လယ်သမားကြီးတွေလက်ထဲကို ရောက်ကုန်တယ်။ သာမန်အသေးစား လယ်လုပ်သားတွေက လယ်လုပ်သားတွေဘဝကို ရောက်သွားတယ်။ လယ်ပိုင်ရှင်အကြီးစားတွေက ကျောထောက်နောက်ခံ ကောင်းတဲ့အခါကျတော့ လယ်ယာမြေအရှုံးကို ကာလတခုအထိ တောင့်ခံထားနိုင်တယ်။ လုပ်ငန်းသေးတဲ့သူကကြတော့ အရှုံးဒဏ်ကို ကြာကြာမခံနိုင်ဘူး။ လယ်ယာပိုင်ဆိုင်မှုအချိုးက ဒီနှစ်ပေါ့နော် အချိုးပြောင်းသွားလိမ့်မယ်။"

အရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်က လယ်သမားတွေအတွက် အနိမ့်ဆုံး စပါးဈေးနှုန်းသတ်မှတ်ပေးခဲ့ပေမယ့်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း စပါးဈေးသတ်မှတ်ပေးတာမျိုး မရှိတော့ပါဘူး။ အဲဒီအတွက် ဧကအနည်းငယ်ပိုင်ဆိုင်ကြတဲ့ လယ်သမားတွေဟာ ထွက်လာတဲ့ စပါးကို ဈေးကောင်းရတဲ့အထိ သိုလှောင်မထားနိုင်တော့ဘဲ စပါးတလင်းမှာတင် လာရောက်ဝယ်ယူကြတဲ့ ပွဲစားတွေဆီမှာရောင်းချပြီး ငွေအမြန်ဖော်ကြရပါတယ်။ ဒါကြောင့် အခုလို ဆန်ဈေးတွေ တက်လာတဲ့အချိန်မှာတော့ အဲဒီ ဧကအနည်းငယ်ပိုင်တဲ့ လယ်သမားတွေလက်ထဲမှာ ရောင်းစရာ စပါးမရှိတော့ပါဘူး။

ဒါပေမယ့်လည်း လယ်ပိုင်ရှင်ကြီးတွေကတော့ စပါးကို ကြိတ်ခွဲ သိုလှောင်ထားနိုင်တဲ့အတွက် အခုလို ဆန်ဈေးတက်တဲ့စောင့်ပြီး ရောင်းချနိုင်ကြပါတယ်။ နောက်တခု ဧကအနည်းငယ်ပိုင်တဲ့ လယ်သမားတွေကို အဆင်မပြေစေတဲ့အချက်က သက်ဆိုင်ရာ စိုက်ပျိုးရေးဘဏ်ကနေ အမတော်ကြေး ငွေချေးတဲ့အခါမှာလည်း လိုအပ်တဲ့အချိန် စိုက်ပျိုးခါနီးမှာ ထုတ်မပေးနိုင်တာဖြစ်ပါတယ်။ တခါ ထုတ်ချေးတဲ့အခါမှာလည်း သေသေချာချာ မစီစစ်ဘဲနဲ့ ပုံစံ ၇ ခေါ် လယ်ပိုင်ရှင်ကိုမပေးဘဲ အဲဒီပုံစံ ၇ အပေါင်ခံထားတဲ့သူတွေကို ထုတ်ချေးမိတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

အလားတူ မြေလတ်ဒေသမှာလည်း သွင်းအားစုလို့ခေါ်တဲ့ ဓါတ်မြေသြဇာတွေ အဆမတန်ဈေးတက်နေတဲ့အတွက် မကြာခင် မုတ်သုန်မိုးဦးကျလာရင် စိုက်ပျိုးကြတော့မယ့် ပဲ၊ နှမ်း တောင်သူတွေအခက်အခဲတွေ့နေကြပါတယ်။ အဲဒီအတွက် တောင်သူအတော်များများဟာ သီးစားချထားတာလို့ခေါ်တဲ့ မိမိပိုင် ယာမြေကို တခြားလုပ်ချင်သူတွေကို ပေးပြီး ထွက်ရှိတဲ့ သီးနှံအပေါ်ကနေ သဘောတူထားတဲ့အတိုင်း အချိုးကျခွဲယူတာဖြစ်ပါတယ်။ ဒီလိုအခြေအနေနဲ့ ပတ်သက်ပြီး မကွေးတိုင်းက တောင်သူတဦး က အခုလိုပြောပါတယ်။

"မြေဆီက အနက်ကြားက တသိန်း ၂ သောင်းကျော်၊ အဖြူ ပုလဲက ၈ သောင်းကျော် ၊ မြေဆီဈေးမြင့်တာပေါ့။ တောင်သူပေါက်စလေးတွေတောင် ဒီတကွက်က မင်းလုပ်၊ ငါ့ကို နှမ်း ၅ တင်းပေး၊ ဒီအကွက်က နှမ်း ၃ တင်းပေး။ ယာထောက်ခံခေါ်တာပေါ့။ သီးစားခေါ်တာပေါ့။ သူက မနိုင်တော့ဘူးလေ။ လုပ်အားခကြီးတော့ အရင်းကကြီးတော့ မလုပ်တော့ဘူးလေ။ တောင်သူတွေက နွားတွေပြုတ်ကုန်ပြီ။ နွားတွေမရှိကြတော့ဘူး။ ထွန်စက်ခေတ်ဆိုတော့ တနာရီကို ၃ သောင်း အနည်းဆုံးပေးရတယ်။ဓါတ်ဆီဈေးကကြီးတာကိုး။ ရွာမှာ တောင်သူသက်သက်နဲ့ သမားရိုးကျလုပ်နေလို့ကတော့ အဆင်မပြေဘူး "

အခုအချိန်အခါမှာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ပြည်နယ်အားလုံးတို့မှာ စစ်ကောင်စီတပ်တွေက တဘက်၊ တိုင်းရင်းလက်နက်ကိုင်တပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကတဘက် လက်နက်ကိုင် ပဋိပက္ခတွေဖြစ်နေတဲ့အတွက်ကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေကို ပုံမှန်အတိုင်း မလုပ်နိုင်ကြတော့ပါဘူး။ ဒါ့ပြင် မိရိုးဖလာစိုက်ပျိုးရေးမှာ အသုံးပြုကြတဲ့ ကျွဲနွားတွေရှားပါးကုန်သလို လယ်ထွန်စက် အပါအဝင် အဓိက စက်မှုလယ်ယာသုံးပစ္စည်းတွေကလည်း ဓါတ်ဆီဈေးကြီးမြင့်တဲ့အတွက် အသုံးပြုဖို့ အခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။ အဲဒီလို မိရိုးဖလာလည်းမဟုတ် စက်မှုလယ်ယာလည်း မဟုတ်တဲ့အခြေအနေမှာ အဓိက စိုက်ဧကနည်းနည်းပိုင်ဆိုင်ကြတဲ့ တောင်သူလယ်သမား အတော်များများဟာ ဆက်လက်မရပ်တည်နိုင်ကြဘဲ စိုက်ပျိုးရေးကို စွန့်လွှတ်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG