မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံကြားနေရေးမူ စွန့်လွှတ်ဖို့ မလေးရှားဝန်ကြီးချုပ်တိုက်တွန်း

အင်ဒိုနီးရှားနိုင်ငံ Labuan Bajo မှာကျင်းပတဲ့ ၄၂ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး အင်ဒိုနီးရှားသမ္မတ Joko Widodo, မလေးရှားဝန်ကြီးချုပ် Anwar Ibrahim နဲ့ ထိုင်းဘဏ္ဍာရေးဝန်ကြီး Arkhom Termpittayapaisit တို့ကိုတွေ့ရစဉ် (မေ ၁၁၊ ၂၀၂၃)

မြန်မာနိုင်ငံရဲ့အခြေအနေ တိုးတက်မှု မရှိတဲ့အကြောင်း အင်ဒီုနီးရှားနိုင်ငံမှာကျင်းပတဲ့အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ ထိပ်သီးအစည်းအဝေးမှာ ဒေသတွင်းခေါင်းဆောင်တွေက ပြောဆိုပြီး တနိုင်ငံနဲ့ တနိုင်ငံ ကြားဝင်မစွက်ဖက်ရေးမှုကို ပြင်ဆင်ဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ ဆွေးနွေးဖို့ကိုပဲ တိုက်တွန်းနေပါတယ်။

လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ခွင့်မပြုနိုင်သလို အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်အရ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့ထိတွေ့ ဆက်ဆံရပါမယ်။ အာဆီယံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာနိုင်ခြေရှိတဲ့အတွက်အားလုံးပါဝင်ဖို့ ဆိုတာ ပိုပြီး ခိုင်ခိုင်မာမာ လက်ခံဖို့ လိုပါတယ်။ အင်ဒိုနီးရှားအနေနဲ့ စစ်ကောင်စီအပါအဝင် အားလုံးနဲ့ ဆွေးနွေးဖို့ အဆင်သင့် ရှိပါတယ်လို့ သမ္မတ Joko Widodo က ပြောပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးနဲ့ထိတွေ့ဆက်ဆံတယ်၊ ချဉ်းကပ်တယ် ဆိုတာဟာ အသိအမှတ်ပြုတာ မဟုတ်ဘူးလို့လည်း သူကရှင်းလင်းပြောဆိုပါတယ်။

ဆက်စပ်ဖတ်ရှုရန်

မြန်မာ့အရေး အာဆီယံ တိုးတက်မှုရအောင် မလုပ်နိုင် - အင်ဒိုနီးရှားသမ္မတမြန်မာ့အရေး အာဆီယံခေါင်းဆောင်များတိုက်တွန်းချက် NUG ကြိုဆိုမြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်ဖို့ အာဆီယံတောင်းဆို

အင်ဒိုနီးရှားနိုင်ငံ La-buan Ba-jo မြို့မှာကျင်းပတဲ့ အာဆီယံထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံ ပါဝင်တက်ရောက်ခြင်း မရှိဘဲ အဖွဲ့ဝင် ၉ နိုင်ငံ ခေါင်းဆောင်တွေတွေ့ဆုံကြတာပါ။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကြောင့်အာဆီယံအစည်းအဝေးတွေမှာနိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ ဖိတ်ကြားဖို့ ဆုံးဖြတ်ထားပြီး ဒီဆုံးဖြတ်ချက်ကို ပြင်အုံးမှာ မဟုတ်တဲ့အကြောင်း စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong ကလည်း ‌ပြောဆိုပါတယ်။ မြန်မာနိုင်ငံအခြေအနေဟာ တိုးတက်မှု သိပ်နည်းပြီး ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖေါ်ရေး အခြေအနေဟာ ကောင်းမွန်တိုးတက်မှု ရှိမလာဘူးလို့လည်း ဝန်ကြီးချုပ် Lee Hsien Loong က သတင်းထောက်တွေကိုပြောဆိုပါတယ်။

မလေးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Anwar Ibrahim ကတော့ အာဆီယံအနေနဲ့ တနိုင်ငံနဲ့ တနိုင်ငံ ကြားဝင် မစွက်ဖက်ရေးမှု အပေါ်မှာ ပိတ်မိတ်နေပြီး အရေးကြီးတဲ့ အကြောင်းအရာတွေကို ဖြေရှင်းနိုင်ခဲ့ခြင်း မရှိတဲ့အကြောင်း ဝေဖန်ပြောဆိုပါတယ်။ မြန်မာနိုင်ငံအခြေအနေဟာ ဒေသတခုလုံးကို ရိုက်ခတ်နေတဲ့အကြောင်း ပြောဆိုသွားပါတယ်။