(Zawgyi/Unicode)
ရိုဟင်ဂျာ မူဆလင်တွေ အပေါ် မြန်မာဘက်က လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်ကို နိုင်ငံတကာ တရားရုံးမှာ ဦးဆောင် လျှောက်လဲခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြားနာမှုနဲ့ ပတ်သက်ပြီး မြန်မာ စံတော်ချိန် ဗုဒ္ဓဟူးနေ့ ည ၈ နာရီမှာ ပြည်သူကို ရှင်းလင်းတင်ပြဖို့ ရှိနေပါတယ်။
ICJ ကြားနာမှု ဆိုင်ရာ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ပြည်သူ လူထုကို အစီရင်ခံ တင်ပြမယ့် မိန့်ခွန်းကိုတော့ မြန်မာ့ ရုပ်မြင်သံကြားနဲ့ မြန်မာ့ အသံ ရေဒီယိုတို့ကနေ ဒီဇင်ဘာလ ၁၈ ရက်နေ့ ည ၈ နာရီမှာ ထုတ်လွှင့်မယ်လို့ အစိုးရက ကြေညာထားပါတယ်။ ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တယ်ဆိုပြီး ဂမ်ဘီယာ နိုင်ငံက ကုလသမဂ္ဂရဲ့ အမြင့်ဆုံး တရားရုံး ICJ မှာ အမှုဖွင့်ခဲ့တာ ဖြစ်ပြီး ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ တွေ့ရှိချက်တွေကို အဓိက ကိုးကားပြီး လျှောက်ထားခဲ့တာပါ။ နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာဘက်က ကိုယ်စားလှယ် အနေနဲ့ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် လျှောက်လဲ ခဲ့တဲ့ အပေါ် နိုင်ငံတကာဘက်က ဝေဖန်ကြပေမယ်လို့လည်း ပြည်တွင်းမှာတော့ တခဲနက် ထောက်ခံမှုကို ရထားပါတယ်။
မြန်မာဘက်က လျှောက်လဲချက်မှာတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို မသုံးခဲ့ပါဘူး။ ဒါပေမယ့် ရခိုင်ပြည်နယ်တွင်းက နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေး လုပ်ရပ်တွေနဲ့ ပတ်သက် ဆက်စပ်ပြီး အဲဒါတွေကိုလည်း စစ်ခုံရုံးဖွင့် ဆောင်ရွက်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထုချေ လျှောက်လဲ ခဲ့ပါတယ်။ အဓိက အချက်ကတော့ မြန်မာဘက်က လူမျိုးတုံး သတ်ဖြတ်မှု မကျူးလွန်ဘူးဆိုတာကို လျှောက်လဲခဲ့ပြီး တရားရုံး အနေနဲ့ မြန်မာနိုင်ငံတွင်း ညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးအတွက် စိန်ခေါ်ချက်များကို ကျော်လွှားရေးမှာ အထောက်အကူ ပြုတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်ပေးဖို့ လည်း တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် ဂမ်ဘီယာ နိုင်ငံကနေ မြန်မာနိုင်ငံကို တိုင်ကြားထားတဲ့ အမှုကို တရားရုံး စာရင်းကနေ ပယ်ဖျက်ပေးဖို့၊ ဒါမှမဟုတ်လည်း ဂမ်ဘီယာဘက်က လျှောက်ထားတဲ့ ကြားဖြတ် အစီအမံ ဆောင်ရွက်ချက်ကို ပယ်ချပေးဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ရုံးတော်မှာ လျှောက်ထားခဲ့ပါတယ်။
Your browser doesn’t support HTML5
.................
(Unicode)