အာဆီယံအနေနဲ့ မြန်မာ့အရေးကို ကိုင်တွယ်ရာမှာ အရင်လို အာဆီယံ အလှည့်ကျဥက္ကဋ္ဌ နိုင်ငံတခုတည်းက မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ ဆက်ဆံတာ မဟုတ်ဘဲ အလှည့်ကျဥက္ကဋ္ဌနဲ့ နောက်ထပ်နိုင်ငံ ၂ ခု ပါဝင်ပြီး ၃ နိုင်ငံ ပူးတွဲ ကိုင်တွယ်ဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေ အင်္ဂါနေ့ က သဘောတူလိုက်ကြပါတယ်။ တချိန်တည်းမှာလည်း လာမယ့် ၂၀၂၆ ခုနှစ်မှာ မြန်မာကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနေရာ မပေးဖို့လည်း ဆုံးဖြတ်ခဲ့ကြတာပါ။ ဒါက စစ်ကောင်စီအတွက် ဘယ်လိုဖိအားတွေ ဖြစ်စေပါလဲ။ စစ်ကောင်စီက ဘယ်လို တုံ့ပြန်ထားပြီး မြန်မာ့အရေး လှုပ်ရှားသူတွေရဲ့ အမြင်ကရော ဘယ်လိုရှိနေလဲ ဆိုတာတွေကို မဆုမွန်က စုစည်း တင်ပြပေးပါမယ်။
စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေး မငြိမ်မသက်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်နိုင်ရေး ကြိုးပမ်းနေတဲ့ အာဆီယံရဲ့ ချဉ်းကပ် ကိုင်တွယ်မှုတွေက ရလဒ် တစုံတရာ ထွက်ပေါ်လာတာမရှိဘူးလို့ ဝေဖန်ခံနေရချိန်မှာ အခုလို ၃ နိုင်ငံ ချဉ်းကပ်မှု ပုံစံအသစ်နဲ့ မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံက လုပ်ဆောင်လာတာပါ။ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအပြင် အလှည့်ကျ ဥက္ကဋ္ဌဟောင်းနဲ့ နောက်လာမယ့် အလှည့်ကျ ဥက္ကဋ္ဌသစ် ၃ နိုင်ငံ ပူးပေါင်းပြီး မြန်မာ့အရေးကို ပိုမိုထိရောက်အောင် ကိုင်တွယ်သွားမယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရက်နို မာဆူဒီ (Retno Marsudi) က ပြောဆိုထားပါတယ်။
ခုလိုကိုင်တွယ် ဖြေရှင်းမယ့် ချဉ်းကပ်မှုပုံစံသစ်က ဘယ်လောက် လက်တွေ့ကျကျ ဖြေရှင်းနိုင်မလဲဆိုတာ နဲ့ပတ်သတ်လို့ အာဆီယံ လူထုအခြေပြု အဖွဲ့တခုဖြစ်တဲ့ Progressive Voice ရှေ့ပြေးအသံ အကြံပေးဘုတ် အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ဗွီအိုအေကို ခုလို ပြောပါတယ်။
"ဒီ ၃နိုင်ငံပေါင်းလုပ်တဲ့ကိစ္စက အဖြေထွက်ဖို့က အခက်အခဲ အများကြီး ရှိနေဦးမယ်မြင်တယ်။ ဘာလို့ ဆို အာဆီယံရဲ့ ၉ နိုင်ငံအတွင်းမှာက မြန်မာနဲ့ ပတ်သတ်ပြီးတော့ တကယ်ကို နိုင်ငံရေးအရ အားလုံး သဘောတူညီတဲ့ ဘာလုပ်မယ်ဆိုတဲ့အဖြေ တိတိကျကျ မရှိနေတာက အရေးကြီးတယ်လို့ ကျမ မြင်တယ်။ သူတို့ အပြင်မှာ သူတို့ပြောနေတဲ့ အရကတော့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးတို့ လူသားချင်း စာနာတဲ့ အကူအညီရောက်ရေးတို့ ဒီ ၂ ခုကိုပဲ ထိပ်တိုက်ထားပြီးတော့မှ ဦးတည်ပြောနေတာ တော့ရှိတာပေါ့နော်။ ဒါပေမဲ့ ပြဿနာကဘာလဲ ဆိုတော့ သူတို့ရဲ့ လုပ်ပုံကိုင်ပုံ ချဉ်းကပ်ပုံတွေက အရမ်း နှေးကွေးတယ်။ ပြီးတော့ လက်တွေ့လည်း မကျဘူးပေါ့နော်။"
မနေ့က အာဆီယံ ထိပ်သီးညီလာခံ ဆုံးဖြတ်ချက်အရ လာမယ့် ၂၀၂၆ ခုနှစ်မှာ မြန်မာကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းခွင့် မပေးဖို့လည်း အာဆီယံခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံ တာဝန်ယူရမယ့်နှစ်မှာ မြန်မာကိုကျော်ပြီး ဖိလစ်ပိုင် နိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူသွားမယ့်အကြောင်း အင်္ဂါနေ့က ထိပ်သီးညီလာခံအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီကတော့ အာဆီယံရဲ့ ဆုံးဖြတ်ချက်တွေဟာ အပြုသဘောမဆောင်ဘဲ တစ်ဖက်သတ် ဆန်ပြီး မျှတမှု မရှိတဲ့ ဆုံးဖြတ်ချက်တွေ ပါဝင်နေတယ်လို့ ဆိုပြီး ကန့်ကွက်ကြောင်း မြန်မာ့အလင်းသတင်းစာမှာ တုံ့ပြန်ထားပါတယ်။ အာဆီယံ ပဋိညာဉ်စာတမ်း အပိုဒ် ၅ ပါ “အခွင့်အရေးနဲ့ တာဝန်ဝတ္တရား” မှုတွေနဲ့ သွေဖယ်ပြီး မြန်မာကို အာဆီယံထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့် မပေးတာကလည်း မြန်မာနိုင်ငံရဲ့ အခွင့်အရေးကို ကန့်သတ်တာ ဖြစ်တယ်လို့ စစ်ကောင်စီက တုံ့ပြန်ထားပါတယ်။
အာဆီယံကတော့ မြန်မာစစ်ကောင်စီ အကြီးအကဲ ကိုယ်တိုင် တက်ရောက်ပြီး သဘောတူညီထားတဲ့ အာဆီယံဘုံ သဘောတူညီချက် ၅ ရပ်အတိုင်း မြန်မာ့အရေး ဆက်လက် ကိုင်တွယ်သွားမယ့်အကြောင်း၊ ဒီမူအောက်မှာ ချဉ်းကပ်မှုပုံစံသစ် နဲ့ ကိုင်တွယ်တာဖြစ်ကြောင်း ပြောထားပါတယ်။ အာဆီယံအနေနဲ့ လက်ရှိ မူဝါဒကိုပဲ ဆက်လက် ကိုင်စွဲမှာ ဖြစ်လို့ ထိရောက်တဲ့ အပြောင်းအလဲ ဖြစ်လာဖွယ်မရှိဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတဦးက ခုလိုသုံးသပ်ပြောဆိုပါတယ်။
"ပြောင်းလဲသွားနိုင်မယ့် အခြေအနေ တခုခု ပြောင်းလဲသွားနိုင်မယ့် ဖိအားမျိုးဖြစ်မယ်လို့ မယူဆဘူး။ ရှိရင်လဲ နည်းနည်းပါးပါးပဲ ရှိနိုင်တယ်။ ဒီအာဆီယံ အပြောင်းအလဲကြောင့် စစ်ကောင်စီမှာ ထူးပြီးတော့ ပြောင်းလဲလာမယ့်လမ်း မမြင်ဘူး။ အာဆီယံလုပ်တဲ့ အပြောင်းအလဲကလည်း ဗမာ့အရေး ဖြေရှင်းဖို့ လုံလောက်တဲ့ အခြေအနေ မရှိသေးဘူး။ အာဆီယံက အဓိကကတော့ ကိုယ့်ကိုကိုယ် safe ဖြစ်ဖို့ပဲ။ သူ့ မျက်နှာသူ ဆယ်ဖို့ပဲ လုပ်နေရတယ်။ သူတို့အကျပ်အတည်းကို ထွက်ပေါက်ရှာ လုပ်နေရတဲ့ သဘောက အဓိကပဲလို့ မြင်တယ်။"
လက်ရှိအာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Marsudi ကတော့ မြန်မာ့အရေးမှာ ပါဝင် ပတ်သက်သူတွေ အားလုံးနဲ့ တွေ့ဆုံမှုပေါင်း ၁၄၀ ကျော် လုပ်ထားခဲ့ပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်စဲရေး အားထုတ်ခဲ့တဲ့ အကြောင်း ပြောဆိုထားပြီး တချိန်တည်းမှာလည်း မြန်မာပဋိပက္ခဟာ အာဆီယံအတွက် ဖြေရှင်းရအခက်ဆုံး စိန်ခေါ်မှုတရပ် ဖြစ်နေတဲ့အကြောင်း ဝန်ခံ ပြောဆိုထားပါတယ်။
ရှေ့ပြေးအသံ အကြံပေးဘုတ် အဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာကတော့ အာဆီယံအနေနဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မြန်မာစစ်အုပ်စုကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်သ၍ အဖြေထွက်မှာ မဟုတ်ဘူးလို့ ဝေဖန်ပါတယ်။
"မြန်မာနိုင်ငံရဲ့ အကြမ်းဖက်ခံရမှုတွေနဲ့ ပြဿနာတွေ အားလုံးရဲ့ ရေသောက်မြစ် အရင်းအမြစ် စစ်အုပ်စုကို သူတို့ဘက်က နေပြီးတော့မှ ဥပဒေကြောင်းအရ အာဆီယံမှာလည်း အာဆီယံ ပဋိညာဉ်စာချုပ် သူ့မှာ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်။ ဒါတွေကို သေသေချာချာ လုပ်ထုံးလုပ်နည်းတွေနဲ့ အာဆီယံ ပဋိညာဉ်စာတမ်းနဲ့အညီ အာဆီယံက စစ်အုပ်စုကို မကိုင်တွယ်နေသေးဘူး။ အဲ့ကိုင်တွယ်မှုကို မရသေးသရွေ့ ကတော့ ဒီ ၃ နိုင်ငံပေါင်း ဖြေရှင်းတာကလည်း ကျမတို့ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအတွက် ရလဒ်ထွက်ဖို့ ခက်ပါလိမ့်မယ်။"
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း အရပ်သားထောင်နဲ့ချီ ထိခိုက်သေကြေနေရတဲ့ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ အပါအဝင် ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာအပါအဝင် အာဆီယံ အဖွဲ့ဝင်တွေကြား သဘောတူထားပေမယ့် မြန်မာစစ်ကောင်စီဘက်က လိုက်ပါဆောင်ရွက်မှုမရှိသလို၊ အာဆီယံရဲ့ ချဉ်းကပ်မှုက လက်တွေ့ မကျဘူးဆိုပြီး စောင့်ကြည့်လေ့လာသူတွေက ဝေဖန်ထောက်ပြနေကြတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5