ကတ်သလစ်ဘုန်းတော်ကြီးများအစည်းအဝေး အမျိုးသမီးများမဲပေးခွင့်ရမည်

Vatican Pope

ဧပြီ ၂၆၊ ၂၀၂၃ (ဗွီအိုအေ၊ မြန်မာ)

ကက်သလစ်ဘုန်းတော်ကြီးတွေရဲ့ လာမယ့်အစည်းအဝေးတွေမှာ အမျိုးသမီးတွေကိုမဲပေးခွင့်ပြုဖို့ ပုပ်ရဟန်မင်းကြီး ဖရန်စ္စစ်က ဗုဒ္ဓဟူးနေ့မှာဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။

ဒီသမိုင်းဝင်ပြုပြင်ပြောင်းလဲမှုဟာ ကက်သလစ်ဘုရားကျောင်းတွေရဲ့ ဆုံးဖြတ်လုပ်ဆောင်ခွင့်နဲ့ တာဝန်ယူခွင့်တွေမှာ အမျိုးသမီးတွေကို ပိုမိုလုပ်ပိုင်ခွင့်ပေးဖို့ဆိုတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ရည်မှန်းချက်ကိုဖေါ်ပြလိုက်တာ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ ဗာတီကန်ကျောင်းတော်အနေနဲ့ အမျိုးသမီးတွေကို ဒုတိယတန်းစားလူတွေအဖြစ်သာ ဆက်ဆံနေတယ်လို့ ကတ်သလစ်အမျိုးသမီးအဖွဲ့တွေက နှစ်ပေါင်းများစွာဝေဖန်နေခဲ့ကြတာပါ။ အခု ပုပ်ရဟန်းမင်းဆုံးဖြတ်ချက်ကို ကက်သလစ်အမျိုးသမီးအဖွဲ့အစည်းတွေက ကြိုဆိုကြပါတယ်။

အမျိုးသမီးတွေ ဗာတီကန်ကျောင်းတော်နဲ့ပတ်သက်ပြီး မဲပေးခွင့်တောင်းခံခဲ့တာတွေ ပြီးခဲ့တဲ့နှစ်တွေအတွင်းဖြစ်ခဲ့ပြီးနောက်၊ ကမ္ဘာအရပ်ရပ်က ဂိုဏ်းချုပ်ရဟန်းတော်တွေအစည်းအဝေးကနေ ဆုံးဖြတ်လုပ်ဆောင်နေတဲ့ဗာတီကန်ကျောင်းတော်အုပ်ချုပ်ရေးပုံစံကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကပြောင်းလဲပစ်လိုက်တာဖြစ်ပါတယ်။

ဒါဟာအစဉ်အလာတခုကိုပြောင်းလဲလိုက်တဲ့ ထူးခြားတဲ့ဖြစ်ရပ်တခုပါ။ မဲပေးခွင့်နဲ့ပတ်သက်ပြီး ကက်သလစ် အမျိုးသမီးအဖွဲ့တွေရဲ့ မနေမနား ကြိုးပမ်းအားထုတ်မှုရဲ့ရလဒ်တခုဖြစ်ပါတယ်လို့ အမျိုးသမီးရဟန်းပြုခွင့်အရေးလှုပ်ရှားသူ Kate McElwee ကပြောဆိုပါတယ်။

အခုအချိန်အထိ ဗာတီကန်ကျောင်းတော်မှာ အမျိုးသားဘုန်းတော်ကြီးတွေပဲ မဲပေးခွင့်ရှိပါတယ်။ အခုပြောင်းလဲလိုက်တဲ့ စည်းမျဉ်း အသစ်အရနောက်လာမယ့်အစည်းအဝေးတွေမှာ ခရစ်ယာန်ဘာသာဝင်သီလရှင်အမျိုးသမီး ၅ ဦးဟာ ခရစ်ယာန်ဘုန်း တော်ကြီး ၅ ဦးနဲ့အတူ ဘာသာရေးဆိုင်ရာကိစ္စတွေအတွက် မဲပေးဆုံးဖြတ်ခွင့်ရမှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကတ်သလစ်ဘုန်းတော်ကြီးများအစည်းအဝေး အမျိုးသမီးများမဲပေးခွင့်ရမည်