သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြွေးနစ်တဲ့ ကိုဗစ်စီးပွားရေး


This photo taken on May 8, 2020 shows workers wearing face masks sewing disposable surgical gowns for health workers as protection from the COVID-19 coronavirus at a garment factory in Yangon. - The factory which has switched from making clothes for expor
This photo taken on May 8, 2020 shows workers wearing face masks sewing disposable surgical gowns for health workers as protection from the COVID-19 coronavirus at a garment factory in Yangon. - The factory which has switched from making clothes for expor
အကြွေးနစ်တဲ့ ကိုဗစ်စီးပွားရေး
please wait

No media source currently available

0:00 0:00:13 0:00
တိုက်ရိုက် လင့်ခ်

မြန်မာ့မြို့ကြီး (၁၀) မြို့က အသေးစားလုပ်ငန်း (၂၃၃၃) ကို၊ Onow လုပ်ငန်းဖွံ့ဖြိုးရေးအဖွဲ့က စစ်တမ်းကောက်တဲ့အခါမှာ စီးပွားရေး ပိုမိုတင်းကျပ်တည်းလာကြောင်း သိရပါတယ်။ ဖားအံ့၊ ကလေး၊ မန္တလေး၊ မုံရွာ၊ မြစ်ကြီးနား၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ကြီး၊ ရန်ကုန်နဲ့ လှိုင်သာယာ က လုပ်ငန်းလေးတွေမှာ ကိုဗစ်ရောဂါ မဖြစ်ပွားခင်ကတည်းက အလုပ်မှန်မှန် မလုပ်နိုင်သူ (၆၀) ရာခိုင်နှုန်းလောက် ရှိပါတယ်။ ကိုဗစ်ရောဂါ ဖြစ်လာတဲ့အခါမှာ (၈၅) ရာခိုင်နှုန်းအထိ တိုးပွားလာတယ်လို့ Onow အဖွဲ့က ဆိုပါတယ်။ လုပ်ငန်းဖွံ့ဖြိုးရေးအတွက် Onow အဖွဲ့ကို Google ကုမ္ပဏီ ရန်ပုံငွေနဲ့ ၂၀၁၂ မှာ တည်ထောင်ပါတယ်။

ဆင်းရဲသားများတဲ့ ရွှေပြည်သား၊ လှိုင်သာယာနဲ့ ဒလမြို့နယ်တွေမှာ UN Habitat အဖွဲ့က စစ်တမ်းကောက်တဲ့အခါမှာ ကိုဗစ်ရောဂါ မဖြစ်ပွားမီကတည်းက ကြွေးတင်နေသူ (၆၀) ရာခိုင်နှုန်းကျော် ရှိနေပါတယ်။ အများစုဟာ ရိက္ခာဆေးဝါးအတွက် ငွေချေးကြတာ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါ ကာကွယ်ဖို့ လုပ်ဆောင်ရမှာတွေကို သိပေမယ့် လုပ်ဖို့ အခြေအနေ မရှိပါဘူး။ တဦးနဲ့တဦး (၆) ပေခွါပြီး နေထိုင်နိုင်တဲ့ အိမ်ယာ မရှိပါဘူး။ အိမ်ထောင်စု (၃၀) ရာခိုင်နှုန်းမှာ နှာခေါင်းစည်းဝယ်စရာ ငွေပို မရှိကြပါဘူး။

ကိုဗစ်ရောဂါကြောင့် စီးပွားရေးကျဆင်းနေတဲ့ နိုင်ငံတွေထဲမှာ မြန်မာပြည်လည်း ပါဝင်ပါတယ်။ တိုင်းပြည်ရဲ့ အသားတင်ထုတ်လုပ်မှု တိုးတက်နှုန်းဟာ လက်ရှိဘဏ္ဍာရေးနှစ်မှာ ၀ ဒဿမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဇွန်လထုတ် မြန်မာ့စီးပွားရေး လေ့လာချက်မှာ ဖော်ပြပါတယ်။ စီးပွားရေး တိုးတက်နှုန်း နှေးကွေးနေရင် ဆင်းရဲတဲ့ အိမ်ထောင်စုတွေ ပိုမိုဆင်းရဲဖို့သာ ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လာမယ့်နှစ်တွေမှာ စီးပွားရေး ဦးမော့လာမယ်ဆိုရင်တော့ ဆင်းရဲနွမ်းပါးမှုဟာ ကိုဗစ် မတိုင်မီကာလအခြေအနေကို ပြန်လည်ရောက်ဖို့ အလားအလာ မရှိဘူးလို့ သိရပါတယ်။ အစိုးရရဲ့ ကိုဗစ် ရန်ပုံငွေထူထောင်မှုနဲ့ ကိုဗစ် စီးပွားရေးကုစားရေး စီမံချက်တွေကိုလည်း ကမ္ဘာဘဏ်အစီရင်ခံစာမှာ ဖော်ပြပါတယ်။ လုပ်ငန်းကဏ္ဍအားလုံး ကိုဗစ်ဒဏ်ကို တပြိုင်တည်း ခံရတာမဟုတ်ဘဲ၊ လုပ်ငန်းသဘာဝကိုလိုက်ပြီး ဂယက်ရိုက်မှု အမျိုးမျိုးရှိတာ တွေ့ရပါတယ်။

တကယ်တော့ ကမ္ဘာ့ဘဏ်ဟာ မေလအထိသာ အခြေအနေကို လေ့လာထားတာ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ရပ်ဆိုင်းလိုက်ရတဲ့ ပုဂ္ဂလိကလုပ်ငန်းထဲမှာ ဝန်ဆောင်လုပ်ငန်းဟာ (၄၀) ရာခိုင်နှုန်းအထိ ရှိတာမို့ အများဆုံး ဖြစ်နေပါတယ်။ ကုန်ထုတ်လုပ်ငန်းမှာ (၁၂) ရာခိုင်နှုန်း၊ စိုက်ပျိုးရေးမှာ (၆) ရာခိုင်နှုန်း ယာယီရပ်ဆိုင်းမှု ရှိတယ်လို့ ဆိုပါတယ်။ စီးပွားရေးလုပ်ငန်း (၅၀) ရာခိုင်နှုန်း ငွေကြေးအကျပ်အတည်းနဲ့ ကြုံတွေ့နေရပါတယ်။ ဒီအထဲမှာ စိုက်ပျိုးရေးက သုံးပုံနှစ်ပုံ ပါဝင်တာမို့ အများဆုံး ဖြစ်ပါတယ်။ ငွေချေးဖို့ အခက်အခဲရှိတဲ့လုပ်ငန်းက (၄၂) ရာခိုင်နှုန်း ရှိပါတယ်။ ကမ္ဘာ့ဘဏ်က လေ့လာတဲ့ လုပ်ငန်းတွေမှာ ကိုဗစ်ကြောင့် လုပ်နည်းလုပ်ထုံးကို အွန်လိုင်း Online က ပြောင်းလုပ်သူဦးရေ (၂၀) ရာခိုင်နှုန်းသာရှိတာ တွေ့ရတယ်လို့ ဆိုပါတယ်။ စိုက်ပျိုးရေးကဏ္ဍမှာ Online အသုံးပြုမှု အားနည်းနေပါတယ်။

ကိုဗစ်ကြောင့် စီးပွားရေး ထိခိုက်နစ်နာသွားတာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကလည်း NLD အစိုးရရဲ့ ကိုဗစ်စီမံချက်တွေကို စက်တင်ဘာ (၂၇) ထုတ်၊ မြန်မာ့အလင်းသတင်းစာ (အင်္ဂလိပ်ပိုင်း) မှာ ရှင်းပြထားပါတယ်။ ကိုဗစ်ဆိုးကျိုးတွေကို ဖြေရှင်းဖို့အတွက် အစိုးရက ကျပ်ငွေသန်းပေါင်း (၂) သန်းနီးပါး ထုတ်ပေးထားတယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ ဆေးရုံ၊ ကုန်ထုတ်လုပ်ငန်း၊ ခရီးသွားနဲ့ ဝန်ဆောင်လုပ်ငန်းအတွက် ကျပ်သန်းပေါင်း (၂) သိန်း၊ လယ်ယာကဏ္ဍအတွက် သန်း (၆) သိန်း၊ အသေးစားချေးငွေလုပ်ငန်းအတွက် သန်း (၁) သိန်း၊ အသေးစား၊ အလတ်စား လုပ်ငန်းအတွက် ကျပ်သန်းပေါင်း (၂) သိန်း၊ လဖက်ရည်ဆိုင်နဲ့ လမ်းဘေးဆိုင်လေးတွေအတွက် ကျပ်သန်းပေါင်း (၁) သိန်း ပါဝင်တယ်လို့ ဦးသောင်းထွန်းက ပြောပါတယ်။

ADB အာရှဖွံ့ဖြိုးရေးဘဏ်ကတော့ မြန်မာပြည်ရဲ့ GDP အသားတင် ထုတ်လုပ်မှုဟာ ဒီနှစ်ထဲမှာ (၂) ရာခိုင်နှုန်းနီးပါးသာ တိုးတက်လာဖွယ်ရှိပြီး၊ ရှေ့နှစ် (၂၀၂၁) မှာ (၆) ရာခိုင်နှုန်း တိုးပွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၂၀ မှာ မြန်မာ၊ ဗိယက်နမ်နဲ့ ဘရူနိုင်းမှာသာ အသားတင်ထုတ်လုပ်မှု အနည်းငယ်တိုးလို့ ADB က ခန့်မှန်းပါတယ်။ ကျန် အာဆီယံနိုင်ငံတွေရဲ့ အသားတင်ထုတ်လုပ်မှုမှာ အနုတ်လက္ခဏာ ပြနေပါတယ်။ ဆင်းရဲသားအခြေအနေ ဆိုးဝါးလာလို့ အတိုးမယူဖို့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းကို တိုင်းနဲ့ပြည်နယ်အစိုးရတွေက ညွှန်ကြားထားတယ်လို့ ကိုဇော်ထက်ရဲ့ အောက်တိုဘာ (၂) ရက်နေ့ထုတ် VOA သတင်းလွှာမှာ ဖော်ပြထားပါတယ်။

နိုင်ငံခြားရောက် မြန်မာ့အလုပ်သမားတွေလည်း အခက်အခဲ တွေ့နေကြပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာ့အလုပ်သမား (၂) သန်းနဲ့ (၃) သန်းကြားအထိ ရှိနိုင်ပြီး၊ စင်္ကာပူနဲ့ မလေးရှားတို့မှာ (၅) သိန်းလောက် ရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။ ဒီအလုပ်သမားတွေ ပြန်ပို့တဲ့ငွေကို မှီခိုနေရတဲ့ အိမ်ထောင်စုက (၈) ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ စီးပွားရေးကျဆင်းတာကြောင့် ငွေပြန်မပို့နိုင်သူတွေနဲ့ ပြည်တော်ပြန်သူတွေ များပြားလာပါတယ်။ ဒါကြောင့် ဆင်းရဲသားတွေရဲ့ အခြေအနေဟာ ပိုပြီးဆိုးဝါးလာဖွယ် ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။


==Unicode==








XS
SM
MD
LG