သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bhasan Char ကျွန်းပေါ်က ဒုက္ခသည်တွေ စခန်းတွေထဲ ပြန်ပို့ပေးဖို့ ဒုက္ခသည်များ တောင်းဆို


Bhasan Char ကျွန်းပေါ်ရောက် ရိုဟင်ဂျာဒုက္ခသည်အချို့။ (ဖေဖော်ဝါရီ ၁၄၊ ၂၀၁၈)
Bhasan Char ကျွန်းပေါ်ရောက် ရိုဟင်ဂျာဒုက္ခသည်အချို့။ (ဖေဖော်ဝါရီ ၁၄၊ ၂၀၁၈)

(Zawgyi / Unicode)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bhasan Char ကျွန်းပေါ်က ဒုက္ခသည်တွေကို စခန်းတွေကိုပဲ ပြန်ပို့ပေးဖို့ ဒုက္ခသည်တွေက မေတ္တာရပ်ခံ တောင်းဆိုနေကြပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ပင်လယ်ထဲ သီတင်းပတ်တွေနဲ့ချီ စက်လှေနဲ့ မျောနေတဲ့ ကလေးငယ် ၃၃ ဦး ပါဝင်တဲ့ ရိုဟင်ဂျာ လှေစီးပြေးဒုက္ခသည် ၃၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ကယ်တင်ခဲ့ပြီးတဲ့နောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကြိုတင်ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လူသူကင်းဝေးတဲ့ ပင်လယ်ထဲက Bhasan Char ကျွန်းမှာ ပို့ဆောင်ထိန်းသိမ်းထားတာ အခုဆိုရင် လေးလနီးပါး ရှိလာပြီ ဖြစ်ပါတယ်။

ဒီ Bhasan Char ကျွန်းဟာ ရာသီဥတုဆိုးဝါးပြီး ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် ဒီကလေးငယ်လေးတွေပါ ပါဝင်တဲ့ ဒုက္ခသည် ၃၀၀ ကျော် ဘေးအန္တရာယ်မရှိအောင် ဒီကျွန်းကနေ အမြန်ဆုံး ပြောင်းရွှေ့ပေးဖို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးက တောင်းဆိုသလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်တိုင်ကလည်း ဒီဒုက္ခသည်တွေကို ဘေးကင်းလုံခြုံတဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေဆီကို ပို့ပေးဖို့ တောင်းဆိုထားတာပါ။

ဒါပေမယ့်လည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဘက်ကတော့ ဒီလူတွေ မြန်မာပြည်ပြန်မယ်လို့ သဘောတူမှ ကျွန်းက ထွက်ခွာခွင့်ပေးမယ့်အကြောင်း ပြောဆိုနေတဲ့အပေါ် ကုတုပလောင် ဒုက္ခသည်စခန်းက ကိုကာမေလ်က ဘင်္ဂလားဒေ့ရှ်အစိုးရ အနေနဲ့ အဲဒီဒုက္ခသည်တွေ မြန်မာပြည်ပြန်ရင် ကြုံရနိုင်တဲ့ဘေးကိုလည်း ထည့်သွင်း စဉ်းစားစေချင်ပါတယ်လို့ ပြောပါတယ်။

“ကျနော်တို့က အရမ်းပဲ စိုးရိမ်နေတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ နေလိုက်တဲ့ အဲဒီနေရာကတော့ အင်မတန်မှ အန္တရာယ်ကြီးတဲ့နေရာလို့ ကျနော်တို့ ယူဆမိပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာ ပတ်ပတ်လည်မှာက ပင်လယ်ရေနဲ့ လှိုင်းလေတွေ တိုက်နေတာပဲ။ အမြဲတမ်း စိုးရိမ်စိတ်တွေနဲ့ နေရမှာပေါ့။ အခု အဲ့မှာရှိနေတဲ့ လူ ၃၀၀ ကျော် ဘယ်လိုအခြေအနေတွေမှာ ရှိနေတယ်၊ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံနေရလဲ၊ ရင်ဆိုင်နေရတယ်ဆိုတာ ဘယ်သူတဦးတယောက်မှ သိမှာမဟုတ်ဘူး။

“တကယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက သူတို့တွေကို အဲဒီဘက်ကို ပြန်ပို့မယ်ဆိုရင်တော့ ကျနော်တို့ ဒီမှာ ဒုက္ခသည်တွေကို Represent လုပ်နေတဲ့လူတွေ ပုဂ္ဂိုလ်တွေ ရှိသေးတယ်။ သူတို့နဲ့တွေ့ပြီး စကားပြောပြီး တွေ့ဆုံဆွေးနွေးပြီး အဖြေရှာရင် ပိုပြီးတော့ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှာက နယ်မြေက ငြိမ်းချမ်းတာလည်း မရှိဘူး။ အခုက AA ရခိုင်တပ်နဲ့ မြန်မာစစ်တပ်နဲ့ အမြဲတမ်း တိုက်ပွဲတွေ ဖြစ်နေတယ်။ အဲဒီကြားထဲမှာ ဒီကလူတွေက ဘယ်လိုပုံစံနဲ့ သွားပြီး နေရမှာလဲ။ ကျနော့်အနေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကို ပြောချင်တာကတော့ တခုပဲ အဲဒီမှာရှိနေတဲ့ လူ ၃၀၀ ကို ဒီကို အမြန်ဆုံးပို့ပေးရင် ပိုပြီးတော့ အဆင်ပြေမယ်လို့ ထင်တယ်။”

အခု Bhasan Char ကျွန်းကို ပို့ဆောင်ခံထားရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကရော ကမ့်ပ်တွေထဲမှာ ရှိနေတဲ့ သူတို့ရဲ့ မိသားစုတွေကရော သူတို့ကို အဲဒီကျွန်းကနေ ရွှေ့ပြောင်းပေးဖို့ အကြိမ်ကြိမ် တောင်းဆိုကြသလို ကမ့်ပ်ထဲက ရိုဟင်ဂျာတွေကလည်း ဒီလူတွေကို ကမ့်ပ်ထဲမှာ ခေါ်ထားဖို့ တောင်းဆိုနေကြတယ်လို့ ဘာလုခါလီ ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ကိုအီစလံက ပြောပြပါတယ်။

“အဲဒီ Bhasan Char ကျွန်းကို ပို့ခံလိုက်ရတဲ့ အဲဒီဒုက္ခသည်တွေက သူတို့က လူ့အခွင့်အရေး အဖွဲ့တွေကိုသော်လည်းကောင်း ကုလသမဂ္ဂ အဖွဲ့အစည်းကိုလည်း သူတို့က တောင်းဆိုကြပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အဲဒီမှာ မိသားစုလိုက် မဟုတ်ဘဲ တဦးချင်းအလိုက်နေရတော့ သူတို့က အမျိုးမျိုး စိုးရိမ်နေကြတာပေါ့ဗျာ။ မိသားစုတွေနဲ့ ကွဲကွာနေတာကတကြောင်း၊ နောက် သဘာဝဘေးအန္တရာယ် ကျရောက်မှာကို စိုးရိမ်တာတကြောင်း သူတို့က ဘင်္ဂလားဒေ့ရှ်အတွင်းမှာရှိတဲ့ ကျနော်တို့ အခုနေထိုင်တဲ့ ဒုက္ခသည်စခန်းကို ပြန်လည်နေထိုင်ချင်တယ်ဆိုပြီး သူတို့စိတ်ဆန္ဒကို တောင်းဆိုတာ ကျနော်တို့က ကြားသိနေရပါတယ်။ ဒါပေမယ့် အဲဒီတောင်းဆိုချက်ကို ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က လိုက်လျော လက်ခံခြင်းကတော့ မတွေ့ရပါဘူး။ အဲဒီ Bhasan Char ကျွန်းကို ဒီမှာရှိနေတဲ့ သူတို့ရဲ့ ကျန်တဲ့မိသားစုကိုပါ ပို့ဆောင်မယ်ဆိုပြီးပါ အဲလိုတွေလည်း ကျနော်တို့ ကြားသိရတယ်။”

ကမ့်ပ်တွေထဲမှာ လူဦးရေ များပြားလာတဲ့အတွက် ဒုက္ခသည်တွေကို ခွဲဝေပို့ပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက စီစဉ်ထားတဲ့ ဒီ Bhasan Char ကျွန်းဟာ လူနေထိုင်ဖို့ မသင့်တော်တဲ့ အန္တရာယ်ရှိတဲ့ ကျွန်းအဖြစ် လူ့အခွင့်အရေး အဖွဲ့အစည်းတွေဘက်က စိုးရိမ်နေကြသလို ဒုက္ခသည်တွေဘက်ကလည်း သွားပြီးနေဖို့ တောက်လျှောက်ငြင်းဆန်ခဲ့တဲ့ နေရာတခုဖြစ်လို့ အခုထားထားတဲ့ ဒုက္ခသည်တွေကိုလည်း အမြန်ဆုံး ရွှေ့ပြောင်းပေးစေချင်ပါတယ်လို့ ကိုအီစလံက ပြောပါတယ်။

“အရင်တုန်းကလည်း ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေကို အကြိမ်ကြိမ် ပြောဆိုခဲ့တာ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ အဲဒီကျွန်းမှာ သွားရောက်နေထိုင်ဖို့ ဆန္ဒမရှိဘူးလို့ ပြန်ပြီးတော့ တုံ့ပြန်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ Bhasan Char ကျွန်းဆိုတာ ပင်လယ်ရဲ့ အလယ်ဗဟိုမှာ ကျရောက်နေတဲ့အတွက် လေတိုက်ခတ်လာရင်သော်လည်းကောင်း မုန်တိုင်းကျရောက်လာရင် ရေတက်လာရင် သူတို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့အတွက် အဲဒီ Bhasan Char ကျွန်းမှာ ကျနော်တို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက သွားရောက်နေထိုင်လိုစိတ် မရှိဘဲ စိုးရိမ်နေကြတာပါ။

“အဲဒီ Bhasan Char ကျွန်းမှာရှိတဲ့ ၂၀၀၊ ၃၀၀ ရှိတဲ့သူကို မြန်မာပြည်ကို ပြန်ပို့မယ်ဆိုရင် မြန်မာပြည်ကို ခေါ်မယ်ဆိုရင် အဲဒီလူတွေတင်မကဘူး ဒီကမ့်ပ်ထဲမှာရှိတဲ့ သူတွေကိုပါ အားလုံးကို ခေါ်ဖို့ဆိုရင် လက်ခံတယ်။ ဒါပေမယ့် ကျနော်တို့ မူလရရှိခဲ့တဲ့ မွေးရာပါ နိုင်ငံသားအခွင့်အရေးနဲ့ ဘေးကင်းလုံခြုံစွာနဲ့ ကျနော်တို့ရဲ့ မူရင်းဒေသကို ပြန်ဖို့ဆိုတာ အမြဲတောင်းဆိုခဲ့တာပါ။ ဒီအပေါ် မြန်မာအစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းဘက်က ပြေလည်အောင် ပြုလုပ်ပေးမယ်ဆိုရင် ကျနော်တို့အားလုံးက ပြန်မှာပါ။ ကျနော်တို့အတွက် ဘဝအာမခံချက် တစုံတခု မရှိဘဲနဲ့ အခွင့်အရေး တစုံတခု မရရှိဘဲနဲ့ ပြန်ဖို့ဆိုတာ လမ်းကြောင်းမတွေ့ပါဘူးခင်ဗျာ။”

Bhashan Char ကျွန်းပေါ်က ဒုက္ခသည်တွေကို ကောင်းကောင်း စောင့်ရှောက်ထားပြီး အဲဒီမှာ Cox's Bazar က ဒုက္ခသည်စခန်းတွေလို လူတွေ ပြည့်ကြပ်မနေဘူးလို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဆိုပါတယ်။

ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို လက်ခံမထားတဲ့ မြန်မာအစိုးရဘက်ကတော့ ဒီဒုက္ခသည်တွေ ပြန်လည်လက်ခံရေး နှစ်နိုင်ငံ သဘောတူညီချက်အရ လုပ်ဆောင်မယ်လို့ ပြောထားပေမယ့် COVID-19 ကပ်ရောဂါ ကာလအတွင်း ဒုက္ခသည် ပြန်လည်လက်ခံရေး အစီအစဉ်တွေ ရပ်ဆိုင်းနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)















XS
SM
MD
LG