သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်လူနာတွေကို ကူညီပေးသူ ပရဟိတသမားတွေ ခြိမ်းခြောက်ခံနေရ


တောင်ငူတွင် ကိုဗစ်လူနာတဦးကို ပြုစုနေသည့် ပရဟိတလုပ်သားတဦး။ ၆ သြဂုတ် ၂၀၂၁
တောင်ငူတွင် ကိုဗစ်လူနာတဦးကို ပြုစုနေသည့် ပရဟိတလုပ်သားတဦး။ ၆ သြဂုတ် ၂၀၂၁

Zawgyi/Unicode

ရန်ကုန်တိုင်းမှာ ကိုဗစ်တတိယလှိုင်းဖြစ်နေချိန် လူမမာရှိတဲ့ အိမ်တွေအတွက် အစားအသောက်၊ ဆေးဝါးစတဲ့ လိုအပ်တာတွေကို ကူညီပေးနေတဲ့ ပရဟိတသမားတချို့ကို အာဏာပိုင်တွေက တင်းတင်းကြပ်ကြပ် စစ်ဆေးမေးမြန်းတာမျိုး လုပ်နေပါတယ်။ တချို့ဆို ခြိမ်းခြောက်ခံရတဲ့အထိဖြစ်တယ်လို့ ကိုယ်တိုင်ကြုံရသူက ဗီအိုအေကို ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာ က တင်ပြပေးထားပါတယ်။

ကိုဗစ်ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်တက်နေချိန် ရန်ကုန်တိုင်းထဲမှာ အကူအညီလိုအပ်နေသူတွေအတွက် အစားအသောက် ဆေးဝါး အောက်စီဂျင်စတဲ့ လိုအပ်ချက်တွေကို ပရဟိတစေတနာရှင်တွေက ကူညီဖြည့်ဆည်းပေးနေကြတာပါ။ အဲဒီလို ကူညီနေကြသူတွေထဲက အရှေ့ကျေးကျွန်ဆိုတဲ့ အသင်းကတော့ဇွန်လထဲကစလို့ အကူအညီလိုအပ်လို့ အိမ်ရှေ့မှာ အလံဖြူ အလံဝါထောင်ထားပြီး အမှတ်အသားပြုထားတဲ့ နေအိမ်တွေအတွက် ဆန်၊ ဆီ၊ ဆေးဝါးနဲ့ အစားအသောက် စတဲ့ အကူအညီတွေ အခမဲ့လိုက်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ အကူအညီလိုက်ပေးနေတဲ့ သူတို့အဖွဲ့ဝင်တွေအနေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ မကြာခဏ တားဆီးစစ်ဆေးတာ ခံနေရသလို ခြိမ်းခြောက်သတိပေးမှုတွေလည်း ခံနေရတယ်လို့ အရှေ့ကျေးကျွန်းအသင်း တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“သန်လျင် ၁၈ ကုန်းထိပ်မှာ ကျနော်တို့ကို အမြဲတမ်းတားတယ်။ တားပြီတော့ အမြဲတမ်း ကျနော်တို့ကို ဒုက္ခပေးတယ်။ ဒီဆန်ထုတ်တွေက ဘယ်သူ့ကို

ထောက်ပံ့ဖို့လဲ ဆိုပြီး အမြဲတမ်းဒုက္ခပေးတယ်။ ပြီးရင် အခု ကျနော်တို့ကို ခြိမ်းခြောက်ထားတယ်။ ငါတို့ရှာနေတဲ့ ထောက်ပံ့တဲ့အဖွ့ဲ့ထဲမှာ နင်တို့ပါတယ်ဆိုရင် နင်တို့ကို သတ်ပစ်မယ်ဆိုပြီးတော့ ခြိမ်းခြောက်တယ်။ ဒီလောက်ဆန်တွေ အများကြီးပဲ။ နင်တို့ ဘယ်သူ့ကို သွားထောက်ပံ့မှာလဲ၊ ဘယ် CDM ကို သွားပေးမှာလဲ၊ ဘယ်တောထဲနဲ့ အဆက်အသွယ်တွေရှိလဲ၊ဒါမျိုးတွေမေးတယ်။ အတင်းအကြပ် ကိုမေးတာ။ အတင်းဖိအားပေးပြီး မေးခိုင်းတာ။ သူတို့လိုချင်တဲ့ အဖြေကို မရမချင်းပေါ့နော်။ ကျနော်တို့ကလည်း ကျနော်တို့မဟုတ်တဲ့အတွက်ကို မဟုတ်ကြောင်းပဲပြောတယ်။”

အကြမ်းမဖက်အာဏာဖီဆန်နေကြတဲ့ CDM ဝန်ထမ်းတွေအတွက် ကူညီနေသလား ဆိုတာ အဓိက မေးတယ်လို့ သူကပြောပြပါတယ်။အရှင့်ကျေးကျွန် ပရဟိတ အသင်းရဲ့ အသင်းဝင်အများစုက အမျိုးသမီးတွေဖြစ်ကြပါတယ်။ ပရဟိတကူညီနေသူ မွတ်ဆလင် အမျိုးသမီးတချို့ဆို မျက်နှာမှာဖုံးထားတဲ့ အကာအကွယ်တွေကိုပါ လုံခြုံရေးတွေက အတင်းဖယ်ရှားပြခိုင်းတယ်လို့ သူက ဆက်ပြောပါတယ်။

“CDM တွေကို ထောက်ပံ့ဖို့အတွက် သွားတာမဟုတ်ဘူး။ ဒုက္ခရောက်နေတဲ့ အိမ်တွေ အလံထောင်တဲ့ အိမ်တွေက နေမကောင်းတဲ့ အိမ်တွေက အကူအညီလှမ်းတောင်းတာပေါ့နော်၊ လိပ်စာတွေက ပြောက်သောက်ရှိတယ်လေ။ တောင်ဒဂုံ၊ သင်္ဃန်းကျွန်း။ အဲ့တော့ ပြတာကို အဲ့ဒါကို အတင်းမဟုတ်ဘူး။ ကျနော်တို့က မွတ်ဆလင်တွေဆိုတော့ နီကပ်အုပ်ထားတယ်လေ။မျက်နှာဖုံးထားတာကိုမျက်နှာတွေကို ပြခိုင်းတယ်၊ ဓာတ်ပုံတွေရိုက်တယ်။ ဆန်ထုတ်တွေ၊ ကားတွေကိုလည်း ဓာတ်တွေရိုက်တယ်။ အဲ့ကားမောင်းတဲ့သူလည်း လိုင်းစင်တွေ၊ ဓာတ်ပုံတွေ ရိုက်တယ်ပေါ့နော်။ ရိုက်ပြီးတော့ ကျနော်တို့ကို ဘယ်သူ့ကို ထောက်ပံ့မှာလဲ ဖြေပေး၊ မဖြေရင် သတ်မယ် ဘာဖြစ်တယ် ညာဖြစ်တယ် ကျနော်တို့ကို ခြိမ်းခြောက်တယ်ပေါ့နော်။”

ခုလို လက်နက်ကိုင် လုံခြုံရေးတွေက စစ်ဆေးခြိမ်းခြောက်နေတာမို့ တချို့ အသင်းဝင်တွေကတော့ စိုးရိမ် ကြောက်လန့်နေကြပါတယ်။

“တကယ်အခက်အခဲရှိတဲ့ လူတွေကို သွားလှူနေတာဖြစ်တဲ့ သူတို့နဲ့ ဘယ်လိုပြောရမလဲ ဥပဒေနဲ့ မကိုက်ညီတဲ့ လူတွေပေါ့နော် သွားပေးတာ မဟုတ်ဘူးလေး ညီမတို့ CDM သမားတွေလည်း ပေးတာမဟုတ်ဘူး ဟိုတောကြောင် တောင်ကြားကလူတွေလည်းွားပေးတာမဟုတ်တဲ့အတွက် ဘယ်လိုပြောရမလဲ လမ်းမှာ မပိတ်စေချင်ဘူးပေါ့နော် ညီမတို့ကို အရမ်းကြီးစစ်ဆေးပြီးတော့ ဘယ်လိုပြောရမလဲ မိန်းကလေးတွေကြီးပဲဆိုတော့ ကြောက်တယ်လေး အဲ့တော့ အဲ့လိုမျိုးကြီးကို မလုပ်စေချင်ဘူး။”

ကိုဗစ်ကပ်ရောဂါဖြစ်နေချိန် အိမ်ပြင်ထွက်ဖို့ အခက်အခဲရှိသူတွေ၊ ဈေးမဝယ်နိုင်သူ တွေ အတွက် ကူညီနေတာဖြစ်လို့ ခုလို ပိတ်ပင် စစ်ဆေးတာတွေ မလုပ်စေချင်ဘူးလို့ အခမဲ့ ပရဟိတ ကူညီနေတဲ့ အရှင့်ကျေးကျွန်အသင်းက ပြောပါတယ်။ ဒီခြိမ်းခြောက်ခံရတဲ့ အခြေအနေကို မေးမြန်းဖို့ စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဗွီအိုအေက ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။

======

တိုက်ရိုက် လင့်ခ်

Unicode












ဆက်စပ်သတင်းများ ...

XS
SM
MD
LG