သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းမဟာမိတ်နဲ့ အစိုးရကိုယ်စားလှယ်တွေ့ဆုံရေး ညှိနှိုင်း


၂၀၁၉ စက်တင်ဘာလတုန်းက ကျိုင်းတုံတွင် မြောက်ပိုင်းမဟာမိတ်နဲ့ အစိုးရကိုယ်စားလှယ်တွေ့ဆုံ
၂၀၁၉ စက်တင်ဘာလတုန်းက ကျိုင်းတုံတွင် မြောက်ပိုင်းမဟာမိတ်နဲ့ အစိုးရကိုယ်စားလှယ်တွေ့ဆုံ

(Zawgyi/Unicode)

အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်လို့ခေါ်တဲ့ NCA လက်မှတ်မထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ ၄ဖွဲ့တို့ လာမယ့်အပတ်အတွင်း တွေ့ဆုံဆွေးနွေးနိုင်ဖို့ ညှိနှိုင်းနေကြောင်း ကြားဝင် ဆောင်ရွက်ပေးနေတဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ပြောပါတယ်။

လောလောဆည်မှာတော့ ဒီလအတွင်းတွေ့ဆုံဖို့ ရှိကြောင်း ပြောပေမဲ့ ရက်နဲ့နေရာကိုတော့ နှစ်ဘက်ရွေးချယ်နေဆဲရှိကြောင်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPCနဲ့ မြောက်ပိုင်းမဟာမိတ်လို့ ခေါ်တဲ့ KIO ကချင်၊ MNTJP ကိုးကန့်၊ PSLF တအန်း(ပလောင်)နဲ့ULA ရခိုင်လက်နက်ကိုင်အဖွဲ့တွေဟာ စက်တင်ဘာလ ၁၇ရက် နေ့မှာ ကျိုင်းတုံမြို့မှာ တွေ့ဆုံဆွေးနွေးပြီးနောက် အောက်တိုဘာလအတွင်းမှာ နောက် နောက်တစ်ကြိမ် ဆွေးနွေးဖို့ သဘောတူထားတာပါ။

ဒါပေမဲ့ အောက်တိုဘာလအတွင်းမှာ သီတင်းကျွတ် ရုံးပိတ်ရက်တွေနဲ့တိုက်ဆိုင်တာ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ၄နှစ်ပြည့်အခမ်းအနား ကျင်းပတာတွေကြောင့် နိုဝင်ဘာလ အတွင်းကို ရက်ရွှေ့ပြောင်း ခဲ့ပါတယ်။

လောလောဆည်မှာတော့ လာမယ့် အပတ်အတွင်း တွေ့နိုင်ဖို့အတွက် ညှိနှိုင်းနေတယ်လို့ တွေ့ဆုံ ဆွေးနွေးရေးအတွက် ကြားဝင်ဆောင်ရွက်ပေးနေတဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဦးအင်ရှန်ဆန်အောင်က ပြောပါတယ်။

“ ညှိနှိုင်းနေဆဲပဲ ရှိပါသေးတယ်။ ဒုတိယအပတ်လို့တော့ ပြောထားတာပဲ။ ဒါပေမဲ့ တကယ်ဖြစ်လာမလား၊ မဖြစ်လာဘူးလား။ ရွှေ့သွားမလားတော့ မပြောတတ်ဘူးဗျ အဲဒါ။ ဒီနိုဝင်ဘာလထဲမှာတော့ သေချာပေါက်တော့ ဖြစ်မှာပဲ ဒါပေမဲ့ ရက်နဲ့ နေရာတော့ အတိအကျမသိသေးဘူးခင်ဗျ။ အစိုးရဘက်ကတော့ ကျိုင်းတုံပေါ့။ အစိုးရဘက်က ကျိုင်းတုံ ရွေးတာတော့ ရှိပါတယ်။ ဒါပေမဲ့ ဘယ်ဟာမှ အတည်ပြောလို့ မရသေးဘူးခင်ဗျ။ အခုထိ။ ”

လက်နက်ကိုင်အဖွဲ့တွေ ဘက်ကတော့ မူဆယ်၊ မိုင်းလားနဲ့ လွယ်ဂျယ်ကို အဆိုပြုထားကြောင်းလည်း ပြောပါတယ်။

AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကလည်း ညှိနှိုင်းနေဆဲဖြစ်ကြောင်း ပြောပါတယ်။

“တွေ့ဖို့နေရာနဲ့ ပတ်သက်ပြီးလို့ကတော့ ကျနော်တို့ဘက်ကနေပြီး မိုင်းလားကို အဆိုပြုထားတာရှိတယ်။ အခုချိန်ထိတော့ နေရာကတော့ ဆက်ပြီး ညှိနေကြတုံးပဲ ရှိတယ်လေ။ အတည်ပြုလို့တော့ မရသေးဘူး။ တွေ့ဆုံမယ့် ရက်ကလည်း ညှိကြတုံးပဲ ရှိသေးတယ်။ အတည်ပြုလို့ မရသေးဘူး။”

ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ တွေ့ဆုံစဉ်က နှစ်ဘက်အပစ်ရပ်စာချုပ် ချုပ်ဆိုရေးအတွက် တစ်ဆို့နေတဲ့ အချက်တွေကို မေးမြန်းတာရှိကြောင်းလည်း ပြောပါတယ်။

ဒီလ ၆ရက်နေ့ကတော့ မစ္စတာ ဆွန်ကော့ရှန်နဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတို့ တွေ့ဆုံချိန်မှာ တရုတ်နိုင်ငံက NRPC အတွက် ဒေါ်လာငွေ ၄သိန်းလှူဒါန်းခဲ့သလို ငြိမ်းချမ်းရေးအတွက် လိုအပ်တဲ့ အကူအညီကို အမြန်ဆုံးပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာ ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေမှာ တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ ရခိုင်ပြည်နယ်အတွင်းမှာတော့ တပ်မတော်နဲ့ AA အကြားမှာ တိုက်ပွဲပြင်းထန်နေခဲ့သလို AA က လွှတ်တော် ကိုယ်စားလှယ်တစ်ဦးနဲ့ စစ်ဘက်၊ အရပ်ဘက် ဝန်ထမ်းတွေကို ဖမ်းဆီးထိန်းသိမ်းထားတာတွေကြောင့်လည်း တင်းမာမှုတွေ မြင့်တက်နေပါတယ်။

ဒီလအတွင်း ကျင်းပမယ့် ဆွေးနွေးပွဲအပေါ် တပ်မတော်ရဲ့ သဘောထားကိုတော့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက VOA ကို အခုလို ပြောဆိုပါတယ်။

“ ကျနော်တို့ သိရသလောက်တော့ NRPC က ဆက်လက် ဆောင်ရွက်နေတယ်ဆိုတာ သိရပါတယ်။ ဒီကြားထဲမှာတော့ သူတို့ ညှိနှိုင်းဆောင်ရွက်နေတဲ့ဟာလေးတွေ ရှိပါတယ်ခင်ဗျ။ ကျနော်တို့ ဆီကတော့ NRPC ရဲ့ ညွှန်ကြားချက်အတိုင်း ဒုတိယဗိုလ်ချုပ်ကြီးတစ်ယောက်ဦးဆောင်ပြီးတော့ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ဖွဲ့ထားတာရှိပါတယ်။ လိုအပ်လာရင်လည်း ပါဝင်သွားမှာဖြစ်ပါတယ်။”

စက်တင်ဘာလ ကျိုင်းတုံဆွေးနွေးပွဲမှာတော့ သဘောတူညီချက် ၇ချက်ရရှိခဲ့ပြီး ဒီအချက်တွေမှာ Bilateral ခေါ် နှစ်ဘက်အပစ်ရပ်စာချုပ် ချုပ်ဆိုရေး၊ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ချုပ်ငြိမ်းရေး၊ တပ်နေရာချထားရေး၊ တိုက်ပွဲများ ထပ်မံမဖြစ်ပွားစေရေးအတွက် စည်းမျဉ်းစည်းကမ်းများ ချမှတ်ရေး၊ ဆက်ဆံရေးရုံးများဖွင့်လှစ်ရေး၊ NCA လက်မှတ်ရေးထိုးနိုင်ရေးနဲ့ နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်နေရာချထားရေး စတာတွေ ပါဝင်ခဲ့ပါတယ်။

ဒီတစ်ကြိမ်ကျင်းပမယ့် အစည်းအဝေးမှာတော့ Bilateral ခေါ် နှစ်ဘက်အပစ်ရပ်စာချုပ် ချုပ်ဆိုရေးအတွက် အလေးထားဆောင်ရွက်ဖို့ NRPC ဘက်က တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်


....................


(Unicode)
















ဆက်စပ်သတင်းများ ...

XS
SM
MD
LG