ဒေသတွင်းက ECOWAS- အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်းအဖွဲ့နဲ့အတူ နိုင်ဂျာနိုင်ငံကို စစ်ရေးအရ ကျူးကျော်နိုင်ခြေပြင်ဆင်မှုအနေနဲ့ အနောက်အာဖရိကတိုင်းပြည်အတော်များများမှာ ပြင်သစ်တပ်တွေ တပ်ဖြန့်ချထားတယ်လို့ နိုင်ဂျာ စစ်အာဏာ သိမ်းအစိုးရက စွပ်စွဲလိုက်ပါတယ်။
သူ့ပိုင်နက်အတွင်းရှိတဲ့ ပြင်သစ်တပ်ဖွဲ့တွေကိုရုပ်ပေးဖို့ နိုင်ဂျာစစ်အစိုးရက အကြိမ်ကြိမ် ထုတ်ပြန်တောင်းဆိုနေပါတယ်။ ပြင်သစ်နဲ့နိုင်ဂျာဟာ တချိန်က မဟာမိတ်တွေဖြစ်ကြပေမယ့်လို့ သမ္မတ Mpohamed Bazoum ကို ဇူလိုင်လ ၂၆ ရက်မှာ ဖြုတ်ချခံရပြီးကတည်းက အာဏသိမ်းစစ်အစိုးရနဲ့ပြင်သစ်ကြားမှာ ပြင်သစ်တပ်တွေ နိုင်ငံတွင်းတည်ရှိမှုနဲ့ပတ်သက်လို့ တင်းတင်းမာမာဖြစ်နေကြပါတယ်။
နိုင်ဂျာကို တချိန်က ကိုလိုနီပြုခဲ့တဲ့ ပြင်သစ်နိုင်ငံဟာ အာဏာသိမ်းစစ်အစိုးရကို တရားမဝင်ဘူးလို့ ပြောခဲ့ပြီးတဲ့နောက် တင်းမာမှုတွေ ဖြစ်လာတာပါ။ ဒေသတွင်း အစ္စလာမ်သူပုန်တွေကိုနှိမ်နင်းဖို့ ပြင်သစ်နဲ့ရှိခဲ့တဲ့ ရေရှည်စစ်ရေးဆက်ဆံမှုတွေ အဆုံးသတ်ဖို့ အိမ်နီးချင်း မာလီနဲ့ Bukino Faso နိုင်ငံတွေက ကြိုးပမ်းလာသလိုပဲ ပြင်သစ်ဆန့်ကျင်ရေးလှိုင်းနဲ့အတူ နိုင်ဂျာအာဏာသိမ်းခေါင်းဆောင်တွေကလည်း အလားတူ ဆောင်ရွက်လာတာပါ။
နိုင်ဂျာနိုင်ငံမှာရှိနေတဲ့ ပြင်သစ်စစ်သည် ၁,၅၀၀ လောက်နဲ့ပတ်သက်လို့ သတင်းထောက်တွေ မေးမြန်းရာမှာတော့ ပြင်သစ်တပ်ချထားမှုတွေနဲ့ပတ်သက်လို့ Bazoum အစိုးရနဲ့ပဲ ညှိနှိုင်းဆောင်ရွက်မှာဖြစ်တယ်လို့ ပြင်သစ်သမ္မတ Macron က G20 အစည်းအဝေး သတင်းစာရှင်းလင်းပွဲတခုမှာပြောခဲ့ပြီး အာဏာသိမ်းစစ်အစိုးရကို အသိအမှတ်မပြုကြောင်းလည်း တုံ့ပြန်ခဲ့ပါတယ်။ အနောက်အာဖရိက တခြားတိုင်းပြည်တွေမှာ တပ်တွေ ချထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့တော့ သူက တိုက်ရိုက်တုံ့ပြန်အဖြေပေးတာမရှိပါဘူး။
ဒေသတွင်း အဓိက အဖွဲ့အစည်းဖြစ်တဲ့ ECOWAS- အနောက်အာဖရိကနိုင်ငံများစီးပွားရေးသိုက်အဝန်းအဖွဲ့ကတော့ နိုင်ဂျာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေလုပ်ပြီး သံတမန်ရေးအဖြေရှာဖို့ ကြိုးပမ်းနေပေမယ့်လည်း တချိန်တည်းမှာ လိုအပ်ရင် စစ်ရေးအရဝင်ရောက်ဖို့ကိုလည်း တပ်ဖွဲ့တွေကို တပ်လှန့်ထားပါတယ်။
ECOWAS ရဲ့ အလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ နိုင်ဂျီးရီးယား သမ္မတ Bola Tinubu ကတော့ အရပ်ဖက်အုပ်ချုပ်ရေးကို ပြန်သွားဖို့ ၉ လကြာ အသွင်ကူးပြောင်းရေးအစီအစဉ်အတွက် အဆိုပြုထားပါတယ်။ နိုင်ဂျာ အာဏာသိမ်းစစ်တပ်ကတော့ အရပ်သားအုပ်ချုပ်ပြန်ပြောင်းဖို့ သုံးနှစ်အချိန်ယူမယ်လို့ မူလက ပြောထားတာပါ။