သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနှစ်ဦးသေဒဏ်ချခံရတဲ့ လိပ်ကျွန်းအမှု ရန်ကုန်မှာ ရှင်းလင်း


မြန်မာနှစ်ဦးသေဒဏ်ချခံရတဲ့ လိပ်ကျွန်းအမှု ရန်ကုန်မှာ ရှင်းလင်း
မြန်မာနှစ်ဦးသေဒဏ်ချခံရတဲ့ လိပ်ကျွန်းအမှု ရန်ကုန်မှာ ရှင်းလင်း

ထိုင်းနိုင်ငံမှာ လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ပေးခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးရဲ့ အယူခံကို ထိုင်းနိုင်ငံ ဗဟိုတရားရုံးက ပယ်ချလိုက်ပြီဖြစ်ပေမယ့် သက်သေ အထောက်အထား အသစ်တွေ ပြန်တင်ပြနိုင်မယ် ဆိုရင်တော့ အမှုကို အစကနေ ပြန်စစ်ဆေးနိုင်ကြောင်း ဒီအမှုကို လုပ်ပါဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင် ရှေ့နေတွေက ပြောပါတယ်။

ဒီနေ့ ရန်ကုန် Lotte ဟိုတယ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားလိုက်တာဖြစ်ပြီး သူတို့အမှုကို မြန်မာအစိုးရက ပူးပေါင်းကူညီပေးဖို့ မျှော်လင့်ကြောင်း ထိုင်းအခြေစိုက်ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းကလည်း ပြောခဲ့တာပါ။ အပြည့်အစုံကိုတော့ သတင်းစာရှင်းလင်းပွဲမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ထက်က တင်ပြပေးပါမယ်။

ဒီလိပ်ကျွန်းလူသတ်မှုမှာ သေဒဏ်အပါအဝင် အမှုပေါင်း ၇ခုနဲ့အမိန့်ချခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့ရဲ့ နောက်ဆုံးအယူခံကို သြဂုတ်လ ၂၉ ရက်မှာ ထိုင်းနိုင်ငံဗဟိုတရားရုံးက ပယ်ချလိုက်ပြီး သေဒဏ်ကို အတည်ပြုခဲ့တာပါ။

သူတို့အမှုကို တောက်လျှောက် ကူညီနေတဲ့ ထိုင်းရှေ့နေများ ကောင်စီကတော့ ဥပဒေအရ သူတို့အနေနဲ့ ထပ်ကန့်ကွက်ခွင့်မရှိပေမဲ့ အထောက်အထားနဲ့ သက်သေအချက်အလက်သစ်တွေ ထပ်ပြနိုင်မယ် ဆိုရင်တော့ အစကနေ ပြန်စစ်ဆေးနိုင်ကြောင်း ထိုင်းရှေ့နေများကောင်စီ အကျိုးဆောင်ရှေ့နေတွေက ဒီနေ့ ရန်ကုန်မှာ ပြောသွားတာပါ။

ဒီအမှုကို ကူညီပေးနိုင်ဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဆီကို စာပေးပို့ထားပေမဲ့လည်း လက်ရှိထိ တုံ့ပြန်တာ မရှိသေးကြောင်း ထိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ဗွီအိုအေကို ပြောပါတယ်။

“ထိုင်းရှေ့နေတွေ ပြောသလိုပဲ ကျနော်တို့မှ တကယ်ပဲတိကျခိုင်မာတဲ့ သက်သေအထောက်အထားတွေ ရနိုင်မယ်ဆိုလို့ရှိရင်တော့ ဒီအမှုက တစုံတရာ အပြောင်းအလဲ ဖြစ်နိုင်တယ်။ ဒါလည်း ခုနက ကျနော်ပြောခဲ့သလိုပဲ ဒီကိစ္စကနေ လွတ်ဖို့အတွက်က တကယ့်ကို လူအင်အား၊ ငွေအင်အားနဲ့ စနစ်တကျ ဆောင်ရွက်ဖို့လိုတယ်။ အမှုကို အသစ်ကနေ ပြန်စဖို့ဆိုတာ မြန်မာအစိုးရကပဲ ဦးဆောင် လုပ်မယ်ဆိုလို့ရှိရင်တော့၊ ဦးဆောင်ပြီး ဆောင်ရွက်သင့်တယ်လို့ ကျနော် ထင်ပါတယ်။”

ဗဟိုအယူခံတရားရုံးက အောက်ခြေရုံးတွေရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ သေဒဏ်ကို အတည်ပြုခဲ့ပြီး ရက်ပေါင်း ၉၀အတွင်း ထိုင်းဘုရင်ဆီမှာ အသနားခံစာ ပေးပို့နိုင်ပေမဲ့ အမှုကလုံးဝလွတ်မြောက်ဖို့တော့ ကန့်သတ်ချက်တွေရှိပါတယ်။ ဦးထူးချစ်က အခုလိုဆက်ပြောပါတယ်။

“ထိုင်းနိုင်ငံမှာ ဘုရင်မင်းမြတ်ဆီ အသနားခံစာတင်မယ် ဆိုလို့ရှိရင်တော့ အပြစ်ကို လျှော့ပေါ့တဲ့ အဆင့်သာ ရှိခဲ့ဖူးပါတယ်။ ထိုင်းနိုင်ငံသားတင်မဟုတ်ဘူး တခြားနိုင်ငံသားတွေလည်း အပြစ်ကို လျှော့ပေါ့တာ တွေရှိပါတယ်။ ပြီးခဲ့တဲ့ ဆေးမှုနဲ့ ကျခဲ့တဲ့ ရှမ်းတွေဆိုရင် သေဒဏ်ကနေ တသက် တကျွန်းကို လျှော့ပေါ့တာ မကြာသေးခင်က ရှိပါတယ်။”

ထိုင်းနိုင်ငံကိုသွားပြီး သူတိုရဲ့သားတွေနဲ့ တွေ့ဆုံဖို့လည်း မိဘတွေကကြိုးစားနေပါတယ်။ ကိုဝင်းဇော်ထွန်းမိခင် ဒေါ်မေသိန်းကတော့ သူ့ဆန္ဒကို အခုလိုပြောပါတယ်။

“အဲဒီသက်သေတွေကလည်း မဟုတ်ဘဲနဲ့ ခံနေရတယ်။ တကယ်ဟုတ်လို့ ဆိုရင်လဲ ကိုယ့်ဒဏ်နဲ့ကိုယ်ခံကြဖို့။ မဟုတ်ဘဲနဲ့ မတရားသဖြင့် စွပ်စွဲတယ်။ တကယ်သတ်တဲ့လူကို လူတွေ အကုန်လုံး သိကြတာပဲ။ ဒါပေမယ့် သိပေမယ့်လဲဘာမှလုပ်လို့မရဘူး။ ကိုယ့်မြန်မာက အစိုးရတွေကလည်း လိုက်ပြီးရင် ထိရောက်တဲ့ ကူညီမှုမျိုး မရှိဘူးဖြစ်နေတယ်”

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှာလည်း အသက် ၁၇နှစ်ရှိတဲ့ ထိုင်းကျောင်းသူ အသတ်ခံရမှုနဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၄ယောက် ထောင်ဒဏ်နှစ်ရှည် ကျခံခဲ့ရပေမဲ့ ထိုင်းရှေ့နေများကောင်စီက သက်သေအထောက်အထားအခိုင်အလုံနဲ့ ခရိုင်အဆင့် အယူခံတင်ခဲ့ပြီး ပြစ်ချက်မရှိလို့ လွတ်မြောက်ခဲ့ပါတယ်။

......................

{Unicode}












တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG