မြန်မာနိုင်ငံရေးနဲ့ စီးပွားရေးမှာ စစ်တပ်ရဲ့လွှမ်းမိုးနေရာယူမှုတွေကို မဖယ်ရှားနိုင်ဘူးဆိုရင်တော့၊ မြန်မာနိုင်ငံအတွက် သိသာထင်ရှားတဲ့အပြောင်းအလဲတွေလုပ်ဖို့ မဖြစ်နိုင်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလ အချက်အလက်ရှာဖွေရေးမစ်ရှင်ကနေ ပြောဆိုလိုက်ပါတယ်။ မြန်မာစစ်တပ်နဲ့ စီးပွားရေးတွဲလုပ်နေတဲ့ နိုင်ငံတကာကုမ္ပဏီတွေ ကိုလည်း ဒါဟာ နိုင်ငံတကာဥပဒေတွေ ချိုးဖောက်သလိုဖြစ်နေတယ်လို့ သတိပေးလိုက်သလို၊ မြန်မာစစ်တပ်ကို စီးပွားရေးအရ ပစ်မှတ်ထားအရေးယူဖို့ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအစိုးရတွေကိုပါ တိုက်တွန်းသွားပါတယ်။ ဒါနဲ့ပတ်သက်လို့ ကိုသားညွန့်ဦး ဆက်ပြောပြမှာပါ။
မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးမှာ စစ်တပ်က အုပ်စိုးထားတယ်ဆိုတဲ့အချက်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ ပြီးခဲ့တဲ့ အစီရင်ခံစာမှာ ထောက်ပြခဲ့ပြီး၊ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာတော့ မြန်မာစစ်တပ်ရဲ့ စီးပွားရေးကွန်ယက်နဲ့ သူနဲ့ပတ်သက်နေတဲ့ ပြည်တွင်းပြည်ပ လုပ်ငန်းတွေကို အသေးစိတ်ချပြလိုက်တာပါ။ မြန်မာစစ်တပ်ဟာ အဲဒီ စီးပွားရေး အကျိုးအမြတ်တွေ ကိုသုံးပြီး ပြည်တွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေချိုးဖောက်သလို၊ ဒီ ရာဇဝတ်မှုတွေ ကနေလည်း ကင်းလွတ်ခွင့်ရနေတယ်လို့ ကုလမစ်ရှင်ရဲ့ အစီရင်ခံစာမှာထောက်ပြပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ် စစ်ဆင်ရေးတွေ စကတည်းကဆိုရင် ပြည်တွင်းစီးပွားရေးလုပ်ငန်း ၄၅ ခုကနေ ဒေါ်လာ ၁၀သန်းကျော် စစ်တပ်ကို ထောက်ပံ့ကူညီခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါကြောင့်လည်း ရခိုင်မှာဖြစ်သွားတဲ့ ရာဇဝတ်မှုတွေအတွက် အဲဒီ စီးပွားရေးလုပ်ငန်းတွေက တာဝန်ရှိသူတွေကိုပါ နိုင်ငံတကာဥပဒေတွေအရ စုံစမ်းစစ်ဆေးရလိမ့်မယ်လို့လည်း မစ်ရှင်အကြီးအကဲက ပြောပါတယ်။ မြန်မာတပ်မတော်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားကုမ္ပဏီ ၁၅ ခုထက်မနည်းရှိနေသလို၊ နောက်ထပ် နိုင်ငံခြားကုမ္ပဏီ ၄၄ ခုဟာ စစ်တပ်စီးပွားရေးနဲ့ တနည်းတဖုံ ဆက်စပ် လုပ်ကိုင် နေကြတယ်လို့လည်း ထောက်ပြထားပါတယ်။ ဒါကြောင့် မြန်မာစစ်တပ်နဲ့ စီးပွားရေးတွဲလုပ်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေကို သတိပေးပြီး၊ ဒါဟာ နိုင်ငံတကာဥပဒေကိုပါ ချိုးဖောက်သလိုဖြစ်တယ်လို့ ကုလမစ်ရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ Chris Sidoti က ဗွီအိုအေကို ပြောပါတယ်။
“နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတွအရ နိုင်ငံတကာစီးပွားရေးကုမဏီတွေအနေနဲ့ လူ့အခွင့်အရေးကို ကာကွယ်မြင့်တင်ဖို့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာဖို့ဆိုရင်တော့ မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေးမှာ မြန်မာစစ်တပ်က အုပ်စိုးထားတာကို ဖယ်ရှားဖို့ဆောင်ရွက်ခြင်းကသာ တခုတည်းသောနည်းလမ်းဖြစ်ပါတယ်။”
မြန်မာနိုင်ငံတွင်း အထူးသဖြင့် တိုင်းရင်းသားနယ်စပ်ဒေသတွေမှာဖြစ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ မြန်မာအစိုးရအနေနဲ့လည်း ဥပဒေအရဆောင်ရွက်ဖို့ တာဝန်အပြည့်ရှိတယ်လို့ ကုလမစ်ရှင်က ထောက်ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံတွင်းဖြစ်ပေါ်တိုးတက်မှုတွေအတွက် အဓိက အဟန့်အတားက စစ်တပ် ဖြစ်နေတာကြောင့် သူတို့အနေနဲ့ ဒီအစီရင်ခံစာမှာ စစ်တပ်ကို အဓိကပစ်မှတ်ထားပြီး အရေးယူဖို့ တိုက်တွန်းရတာဖြစ်တယ်လို့ Chris Sidoti က ပြောပါတယ်။
“မြန်မာအစိုးရအနေနဲ့ တာဝန်အပြည့်ရှိပါတယ်။ နိုင်ငံတကာဥပဒေအောက်မှာ ဥပဒေပိုင်းအရ တာဝန်လည်း ရှိပါတယ်။ နိုင်ငံတကာဥပတွေမှာ အရပ်ဖက်အစိုးရနဲ့ စစ်တပ်အကြား တိတိကျကျ ပိုင်းခြားထားတာမို့ မြန်မာအစိုးရမှာလည်း တာဝန်အပြည့်ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ သိထားရမှာက မြန်မာစစ်တပ်က စီးပွားရေးရော နိုင်ငံရေးမှာပါ အုပ်စိုးထားတဲ့အချက်ပါ။ ကျနော်တို့ဖက်ကတော့ ရိုးရိုးရှင်းရှင်းလေးပါ။ ဒီအချက်အပေါ်မူတည်ပြီး ကျနော်တို့က စစ်တပ်ကို ပစ်မှတ်ထားတာပါ။ ကျနော်တို့ရထားတဲ့ အထောက်ထားအချက်အလက်တွေအရ စစ်တပ်ကို နိုင်ငံရေးနဲ့ စီးပွားရေးကနေ မဖယ်ထုတ်နိုင်ဘူးဆိုရင်တော့ မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ပြောင်းလဲမှု ဖြစ်မလာနိုင်ပါဘူး။”
မြန်မာအစိုးရအနေနဲ့ကတော့ လူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ ဒီ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်ကို အသိအမှတ်မပြုသလို၊ ပြည်တွင်းကိုလည်း ဝင်ရောက် စုံစမ်းခွင့်မပေးပါဘူး။ ဒါပေမယ့်လည်း သူတို့အနေနဲ့ အခြားနည်းလမ်းနဲ့ လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်တွေကို စုဆောင်းရယူနိုင်ခဲ့ပြီး အခုလို သုံးသပ်ချက်တွေ ထုတ်နိုင်ခဲ့တာလို့ Chris Sidotiက ဗွီအိုအေကို ပြောပါတယ်။
“မြန်မာအစိုးရဖက်က ပူးပေါင်းဆောင်ရွက်မှုမရှိပါဘူး။ ဒီအပေါ် ကျနော်တို့ဖက်က သူတို့နဲ့ တိုက်ရိုက် စကားပြောဆိုလို့မရတာကြောင့် စိတ်ပျက်မိပါတယ်။ သူတို့ရဲ့အမြင်ကိုလည်း မသိရဘူးပေါ့။ ဒါပေမယ့်လည်း ကျနော်တို့ အနေနဲ့က သတင်းအချက်အလက်တွေအများကြီး စုဆောင်းနိုင်ပါတယ်။ ပြီးခဲ့တ ၂နှစ်အတွင်းမှာ ဆိုရင် လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေနဲ့ မျက်မြင်တွေ စုစုပေါင်း ၁၅၀၀ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ နောက် သက်သေ ရာဂဏန်းကိုလည်း တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ အဲဒါတွေက ကုလအဖွဲ့အစည်းကလူတွေ သံတမန်တွေ သတင်းထောက်တွေ ပညာရှင်တွေ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေပါ။ အဓိက ဆုံးရှုံးတာကတော့ မြန်မာအစိုးကပူးပေါင်းဆောင်ရွက်မှုမလုပ်တာပေါ့လေ။ ဒါက မြန်မာအစိုးရအတွက်လည်း ဆုံးရှုံးမှုပါ။ သူ့ဖက်က အမြင်ကို ပြောဆိုခွင့်ဆုံးရှုံးတာပါ။ ဒါပေမယ့်လည်း ကျနော်တို့အနေနဲ့ ခုနက ပြောခဲ့သလို တိုက်ရိုက်ပတ်သက်တဲ့လူတွေကို တွေ့ဆုံမေးမြန်းနိုင်တော့၊ ကျနော်တို့ဖက် သုံးသပ်ချက်ထုတ်နိုင်ဖို့ မခက်ပါဘူး။”
သူတို့အနေနဲ့ နောက်ဆုံးရထားတဲ့ လူ့အခွင့်အရေးဆိုင်ရာအချက်အလက်တွေ အထူးသဖြင့် ရခိုင်ဒေသမှာ AA ရခိုင်အဖွဲ့နဲ့ မြန်မာစစ်တပ်အကြားဖြစ်တဲ့စစ်ရေးပဋိပက္ခကြောင့် ဒေသခံတွေ ခံစားနေရတဲ့အခြေအနေတွေကို လာမယ့် စက်တင်ဘာမှာ ထုတ်ပြန်မယ့် အစီရင်ခံစာမှာ အသေးစိတ်ထည့်သွင်းမယ်လို့ Christ Sidoti ကပြောပါတယ်။
အခု အစီရင်ခံစာကတော့ စစ်တပ်ရဲ့ စီးပွားရေးကွန်ယက်ကို အဓိက ဖော်ပြခဲ့တာပါ။ မြန်မာစစ်တပ်နဲ့ စီးပွားရေးအရ ပတ်သက်နေတဲ့ နိုင်ငံခြားကုမဏီ ၆၀ ထဲ ပြင်သစ် ဘယ်ဂျီယံ ဆွီဇာလန် ဟောင်ကောင်နဲ့ တရုတ်က စီးပွာရေးကုမ္ပဏီတွေ ပါဝင်တယ်လို့ ဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အစ္စရေး၊ အိန္ဒိယ ကိုရီယားနဲ့ တရုတ်က အစိုးရပိုင်လုပ်ငန်းတွေအပါအဝင် နိုင်ငံခြားကုမ္ပဏီ ၁၄ ခုဟာ မြန်မာစစ်တပ်ကို လက်နက် ပစ္စည်းရောင်းချမှုတွေမှာ ပတ်သက်နေတယ်လို့လည်း ဖော်ပြပါတယ်။ ဒါကြောင့်လည်း စစ်တပ်နဲ့ ပတ်သက်နေတဲ့ စီးပွားရေး လုပ်ငန်းတွေကို ပစ်မှတ်ထားအရေးယူဒဏ်ခတ်မှုလုပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုက်တွန်းထားပြီး၊ နိုင်ငံတကာ စီးပွားရေးရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့လည်း မြန်မာစစ်တပ်နဲ့ မပတ်သက်ဖို့ ဒီ အစီရင်ခံစာမှာ တိုက်တွန်းတောင်းဆိုထားပါတယ်။ အခု အစီရင်ခံစာနဲ့ပတ်သက်လို့တော့ မြန်မာစစ်တပ်ဖက်ကရော အစိုးရဖက်ကပါ တုံ့ပြန်ချက်ရဖို့ ဆက်သွယ်ပေမယ့် အခုအချိန် မရသေးပါဘူး။
Your browser doesn’t support HTML5